Main menu

Background

မြန်မာလက်မှုထည်များ ဂျပန်ဈေးကွက်သို့ ထိုးဖောက်ရေး

Sat, 02/04/2012 - 03:24 -- Anonymous (not verified)

        ကျောက်မျက်၊ ချည်ထည်၊ ပိုးထည်၊ ယွမ်းထည်၊ ကြိမ်ထည်များဖြင့်ပြုလုပ် ထားသော အမှတ်တရပစ္စည်းများ၊ အိမ် တွင်း အလှဆင်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများဂျပန်ဈေးကွက်သို့ထိုးဖောက် ရောင်းချနိုင်ရေးအတွက် အာဆီယံ ဂျပန်စင်တာမှ ကျွမ်းကျင်သူများက အသိပညာဖြန့်ဝေပေးသည့် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၂၄ က မန္တလေးမြို့၊ ဟိုတယ် မန္တလေး တွင် ကျင်းပခဲ့သည်။ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံကျောက်မျက် ရတနာ အသင်းတို့ ပူးပေါင်း ကမကထပြု၍ ကျင်းပခဲ့သည်။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ မကွေး၊ ကရင်ပြည်နယ်တို့မှ လုပ်ငန်း ရှင် ၄၇ ဦး အပါအဝင် စုစုပေါင်း ၆၄ဦး တက်ရောက်ခဲ့သည်။    ဆွေးနွေးပွဲတွင် အာဆီယံ-ဂျပန် စင်တာမှ ကျွမ်းကျင်သူအဖြစ် ဖိတ်ကြား ၍ လိုက်ပါလာသော ဂျပန်နိုင်ငံ ဖူကူ အိုကာတက္ကသိုလ်မှ ‘ဒီဇိုင်းနည်းပြ မစ်စ် နိုရီကို အိုကူရာက ဂျပန်ဈေးကွက် အကြောင်းနှင့် ဈေးကွက်ထိုးဖေါက်ရန် တွေးခေါ်ကြံဆပုံများကို တင်ပြသည်။ ဂျပန်နိုင်ငံတွင်အမျိုးသားများက အချိန် ပြည့် အလုပ်လုပ်ကြရ၍ ဈေးကွက်ကို လွှမ်းမိုးထားသူများမှာ ဈေးဝယ်ရသည့် အမျိုးသမီးများပင်ဖြစ်သည်။ ဂျပန်နိုင်ငံ ၏ စီးပွားရေးအခြေအနေ အကျဖက် ရောက်နေမှု၊ အိမ်ထောင်စုများ၏ ပျမ်းမျှဝင်ငွေ နိမ့်ဆင်းနေမှုကို စတင် ရှင်းပြသည်။ တစ်လလျှင် ယန်း ၈ သိန်း ၉ သိန်းရသူဦးရေ ကျဆင်းလာနေပြီး၊ ယန်း ၂ သိန်း ၃ သိန်းသာ ရသူဦးရေမြင့် တက်လာနေသည်။ ထို့နောက်ဂျပန် နိုင်ငံရှိစားသုံးသူများ၏ အခြေအနေကို သိနိုင်ရန် ဂျပန်အိမ်ထောင်စုအများ စုကို အိမ်ထောင်စုဝင်အရေ အတွက် မည်မျှ ဖြင့်ဖွဲ့စည်းထားသည်ကို လေ့ လာထားမှုအား ရှင်းပြသည်။ လေ့လာ တွေ့ရှိချက်အရ ဂျပန်နိုင်ငံတွင် လူဦးရေ ၏အများစု (၃၁ ဒသမ ၂ ရာခိုင်နှုန်း) သည် ဖော်မပါ တစ်ကိုယ်တည်း နေ ထိုင်လျက်ရှိကြောင်း သိရသည်။တစ်ဖန် ဂျပန်အိမ်ထောင်စုတို့သည် အားလပ် ရက်ကို ဘယ်လို အသုံးချကြသနည်း ဆိုသော စားသုံးသူ၏ အလေ့အထကို လေ့လာသည်။ စီးပွားရေးကျဆင်းနေ သော ဂျပန်တို့သည် အသုံးအစွဲ လက် မဖွာနိုင်တော့ခြင်း၊ အလုပ်ကို အချိန်ပို ပင်ပင်ပန်းပန်း လုပ်ကြရခြင်းတို့ကြောင့်၊ အားလပ်ရက်တွင် ကုန်တိုက်များ၊ ပန်း ခြံများသို့ လမ်းသလားကာ ဈေးဝယ် ထွက်ခြင်းအမှုကို မပြုကြတော့ဘဲ၊ အိမ် တွင်းအောင်းကာ ငြိမ်ငြိမ်လေး အနား ယူသော အလေ့ဖြစ်ပေါ်နေကြောင်း သိရသည်။ ဈေးကွက် အခြေအနေကို ရှင်းပြပြီး သကာလ အနှီ သို့သော ဈေး ကွက်ကိုဘယ်လိုပစ္စည်းတွေတင်ပို့ရောင်းချ သင့်သလဲဆိုသည်ကို ချိတ်ဆက် ဆွေး နွေးသည်။ စီးပွားရေးကျဆင်းနေသော ဂျပန်တွင် အများစုဝင်ငွေ နိမ့်ကျနေ၍ ဈေးချို၊ အရည်အသွေး နိမ့်သောပစ္စည်း တွေ အရောင်းသွက်လေမလားဟု ထင် လျှင်မှားပါမည်။ ဝင်ငွေနိမ့် အုပ်စုသည် ဝယ်နိုင်အားကျဆင်းလျက်ရှိပြီး၊ ဝင်ငွေ အထိုက်အလျောက် မြင့်ဆဲအုပ်စု၏ အရည်အသွေးကောင်း ပစ္စည်း  ဝယ်လို အားသာ တွင်ကျယ်လျက်ရှိသည်ဟု ဆို ပါ သည်။ တစ်ဦးတည်းနေ အိမ်ထောင် စုများနေခြင်းက တစ်ဦးချင်းသုံးပစ္စည်း များသာ ဈေးကွက် အလားအလာ ကောင်းလျက် ရှိကြောင်း ပြညွှန်းလျက် ရှိပါသည်။ စီးပွားကျ၍ စိတ်အားငယ်မှု များနေခြင်းကြောင့်ဘာသာရေးဆိုင်ရာ ပစ္စည်းများ၊ စိတ်ကိုအပြောင်းအလဲ ဖြစ်စေသော ပန်းရနံ့ဆီ၊ ပရဆေး၊ လက်ဖက်ရည်၊ ဖယောင်းတိုင်စသည့် ပစ္စည်းများ ရောင်းအားကောင်းလျက် ရှိသည်။ အားလပ်ရက်၌ကိုယ့်အိမ်တွင် သာ အိပ်စက် အနားယူသူများနေခြင်း ကြောင့် ခေါင်းအုံးကဲ့သို့ အနားယူသော ပစ္စည်းများ အရောင်းသွက်လျက် ရှိ သည်။    စားသုံးသူ အကြောင်းရှင်းပြပြီး နောက် ဈေးကွက်အကြောင်း ဆက်ရှင်း ပြသည်။ ဂျပန်ဈေးကွက်တွင် ကုန် ပစ္စည်းရောင်းချမှု ပုံစံလေးမျိုးတွေ့ ရသည်။ ကုန်တိုက်ကြီးများ၊ ကုန်စုံဆိုင် များ၊  သီးသန့်ဆိုင်များနှင့် အင်တာနက် မှ တစ်ဆင့်အွန်လိုင်းရောင်းချခြင်းတို့ဖြစ် သည်။ ယင်းလေးမျိုးအနက် ကုန်တိုက် ကြီးများ၊ ကုန်စုံဆိုင်များသည် ပစ္စည်း မျိုးစုံသော်လည်းေ ရွးချယ်ရန်များများ စားစားမရှိခြင်း၊ အင်တာနက်မှဝယ်ရ တာအားမရခြင်းတို့ကြောင့် ပစ္စည်း တစ်မျိုးချင်းကို သီးသန့် စပါယ်ရှယ် ရောင်းသော ဆိုင်များသာ ရောင်းအား အကောင်းဆုံးဖြစ်ကြောင်းသိရသည်။ အဓိပ္ပါယ်က မိမိပစ္စည်းထိထိရောက် ရောက်ပေါက်စေလိုလျှင် ထိုပစ္စည်းမျိုး သီးသန့်ရောင်းချသော ဆိုင်များသို့ ဆက်သွယ်ပေးသွင်းနိုင်ပါက မြန်မြန် အလုပ် ဖြစ်မည်။     ဆက်လက်ပြီး ဂျပန်ဈေးကွက်တွင် ခေတ်စားနေသော ဒီဇိုင်းများ အကြောင်း ရှင်းပြပြန်သည်။ ၂၀၁၂ ခုနှစ်တွင်   အမျိုးသမီးများအကြား ရေပန်းစားနေသော အရောင်မှာအဖြူ ရောင်ဖြစ်သည်။ ပဝါဆိုလျှင် အတွင်း ကို ဖေါက်မြင်ရသော ခပ်ပါးပါးဇာပဝါ လိုမျိုး၊ ဂါဝန်ဆိုလျှင် အနားဖွာလန်ကျဲ လေးမှ၊ ပိုက်ဆံအိတ်ဆိုလျှင် အရောင် တစ်ရောင်တည်းကိုပဲ အဖုံးက အရောင် ရင့်၊ ကိုယ်ထည်ကအရောင်နု၊ ဦးထုပ် ဆိုလျှင် အနားဖတ်ကြီးကြီး၊ လည်ဆွဲ ဆိုလျှင် ကျောက်အပြည့်စီတာမကြိုက်၊ ကျောက်တစ်ကန့် ကြိုးတစ်ကန့်မျိုး ပို ကြိုက်၊ ဆွဲသီးဆိုလျှင်အသဲပုံ၊ မိသားစု က သေး၊ အိမ်ခန်းတွေက ကျဉ်း၍ အိမ် တွင်းအလှဆင်ယွန်းထည်၊ ကြိမ်ထည် များဆို အရွယ်အစားကြီးတာ မကြိုက်၊ သေးမှကြိုက်၊ပစ္စည်းတစ်မျိုးတည်းကိုပင် နွေအခါ အရောင်တစ်မျိုး၊ ဆောင်းအခါ အရောင် တစ်မျိုးကြိုက်၊ လူကြီးက အရောင် တစ်မျိုး၊ လူငယ်က အရောင် တစ်မျိုးကြိုက် စသည်စသည်များ စုံစေ့ အောင် ရှင်းပြသည်။ ထို့နောက် မြန်မာ လုပ်ငန်းရှင်တစ်ဦးချင်း၏ ထုတ်ကုန် ပစ္စည်းများကို စစ်ဆေးကာလိုအပ်သည် များ အကြံပြု ဆွေးနွေး အမြင်ချင်း ဖလှယ်ကြသည်။                ဂျပန် ဈေးကွက် ကျွမ်းကျင်သူမို့ ဂျပန် ဈေးကွက်ကို ဆန်းစစ်သုံးသပ်ပြနေခြင်းဖြစ်သည်။ ဤသို့သော လေ့လာ ဆန်းစစ်သည့်နည်းလမ်းဖြင့် အခြားနိုင်ငံ ဈေးကွက်များကိုလည်း အလားတူ လေ့လာဆန်းစစ် အသုံးချနိုင်သည်။ ပြည်ပသာ မက ပြည်တွင်းဈေးကွက်ကိုပါ လေ့လာဆန်းစစ် နိုင်လျှင် ပြည်တွင်း ကုန်သွယ်မှု ဧကန်တိုးတက် မည်။     သို့သော်လိုအပ်သည်က လေ့လာဆန်းစစ် ရန် အတွက် လိုအပ်သော အခြေခံ အချက်အလက် များ ကောက်ယူရရှိရေး ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ယင်းသို့သော ဈေးကွက်နှင့် စားသုံးသူ အမူ အကျင့်ဆိုင်ရာ အချက်အလက်များ မည်သို့ ရရှိ သနည်းဟု မေးသောအခါ၊ နာမည်ကြီး သတင်း စာ ကြီးများ၊ ကုန်သည် အသင်းကြီးများက တစ်နှစ် တစ်ကြိမ် ကောက်ယူ၍ သတင်းစာများတွင် ဆန်း စစ်ချက်နှင့်တကွ ဖော်ပြပေးကြောင်း သိရသည်။ တို့နိုင်ငံတွင် ဤသို့ လုပ်ပေးနိုင်လျှင်ကောင်းလေစွ။    မည်သို့ရှိစေ။ ယခုလို အလုပ်ရုံ ဆွေးနွေးပွဲ လေးလုပ်ပေးနိုင်ခြင်းသည်ပင် မြန်မာ့ထုတ်ကုန် များ ဈေးကွက်ထိုးဖေါက်ရေးအတွက် ခြေလှမ်း တစ်ရပ် ဖြစ်သည်။ မန္တလေးမြို့တွင် ထိုသို့သော အလုပ်ရုံဆွေးနွေးပွဲမျိုး သုံးကြိမ်လုပ်ခဲ့ ပြီးဖြစ်ရာ တစ်ခေါက်ထက်တစ်ခေါက် လက်ရာများ သိသာ စွာ တိုးတက်လာကြောင်း ဂျပန်ပညာရှင်က အံ့သြ သည်။ အာဆီယံ-ဂျပန်စင်တာလိုကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နိုင်သည့် အကျိုးရလဒ်လည်းဖြစ်သည်။ထိုသို့ ဆွေး နွေးပွဲတက်ရောက်လာသော လုပ်ငန်းရှင် များ၏ အလုပ်ရုံများသို့ ပညာရှင်များ ကိုယ်တိုင် သွား ရောက်လေ့လာရွေးချယ်ပြီး ဂျပန်နိုင်ငံတွင် ကျင်းပ သည့် ကုန်စည်ပြပွဲများသို့ သွားရောက်ပါဝင် ပြသ နိုင်ရန်လည်း စီစဉ်ပေးလျက်ရှိသည်။ အလားတူ အာဆီယံ-ကိုရီးယား စင်တာနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ဆက်လက်ပြီး အာဆီ ယံ-တရုတ်စင်တာနှင့်လည်းဆောင်ရွက်မည့် အစီ အစဉ်ရှိသည်။ မြန်မာနိုင်ငံသည် အာဆီယံ-ဂျပန် စင်တာသို့ ၂၀၀၆ ခုနှစ်တွင် အဖွဲ့ဝင် အဖြစ် ဝင် ရောက်ခဲ့သည်။ စင်တာ၏ ရန်ပုံငွေအတွက် မြန်မာ နိုင်ငံကလည်း နှစ်စဉ်ကြေးများ ထည့်ဝင်ပေး လျက် ရှိသည်။ ထို့ကြောင့် အာဆီယံ-ဂျပန် စင်တာက မြန်မာလုပ်ငန်းရှင်များသို့ ကူညီထောက် ပံ့ခြင်း၊ ယခုလို အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးခြင်း သည်၊ နိုင်ငံတော် အစိုးရက ကုန်သွယ်မှုမြှင့်တင် ရေး အတွက် တစ်နည်းတစ်ဖုံဖြင့် ကူညီ ထောက်ပံ့ ပေးနေခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် မကြာ မီ ရောက်ရှိ လာတော့မည့် အာဆီယံ လွတ်လပ် သည့် ကုန်သွယ်မှုဒေသ (ASEAN Free Trade Area - AFTA) နှင့် အခြားသော FTA များ အတွက် ကြိုတင်ပြင်ဆင်ပေးနေခြင်းလည်း ဖြစ် သည်။ လက်မှုထည်များကို ကျေးလက်နေ ပြည်သူ များက အများဆုံးထုတ်လုပ်လေ့ ရှိသဖြင့်၊ လက်မှု ထုတ်ကုန်များဖွံ့ဖြိုး၍ ပြည်ပ ဈေးကွက်ဝယ်လိုအား မြင့်တက်လာခြင်းသည်၊ ကျေးလက်နေပြည်သူ များ ဝင်ငွေမြင့်မားလာစေသောကြောင့် ဆင်းရဲမှု တိုက်ဖျက်ရေးကိုလည်းများစွာ အထောက်အကူပြု မည်ဖြစ်သည်။    အစိုးရသစ်သည် နိုင်ငံတော်တွင် ဈေးကွက် စီးပွားရေးစနစ်ပီပြင်စွာ ဖြစ်ပေါ်လာအောင် ဆက် လက်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း အတိအလင်းကြေညာထားပြီးဖြစ်သည်။ ဈေး ကွက်စနစ် အောင်မြင်ရန်မှာ ဝယ်လိုအားနှင့် ရောင်းလိုအားကို အခြေခံသော ဈေးနှုန်းအတိုင်း ရောင်းကြ ဝယ်ကြမည်ဟု ဆိုနေရုံမျှနှင့်မပြီး။ဈေးကွက်တွင်လက်တွေ့ယှဉ်ပြိုင်အောင်မြင်နိုင်ရန် ကြိုးစားလေ့လာသင်ယူ ကျင့်သုံးရမည့် ပညာရပ် တွေ အများကြီးရှိနေသည်။ မြန်မာနိုင်ငံ၌ သယံ ဇာတပေါ၏။ပစ္စည်းတွေထုတ်နိုင်၏။ အရည် အသွေး မမီ။ ဒီဇိုင်းတွေက ပုံ အ နေသည်။ ကမ္ဘာ့ ဈေးကွက် မဆိုထားနှင့် ဒေသတွင်း ဈေးကွက်သို့ ပင်မတိုးနိုင်။ပစ္စည်းကြိုက်ပြန်တော့ လိုသလောက် မထုတ်နိုင်။ စရိတ်ကြီးနေသည်။ စသည်ဖြင့် ကျော် လွှားရမည့် အပိုင်းတွေရှိနေသည်။ ဒါတွေကို ယခုလိုအလုပ်ရုံဆွေး နွေးပွဲများမှတစ်ဆင့် စွမ်းအား တည်ဆောက်၍ ကျော်ဖြတ်နိုင်ဖို့လိုသည်။ တစ်ဦး ချင်းအားနှင့် မနိုင်လျှင် ပူးပေါင်း လုပ်ရမည်။ မိမိတို့ အဓိကထား ဈေးကွက်ထိုးဖေါက်နိုင်မည့် ကုန် ပစ္စည်း/ ဈေးကွက်စသည်တို့ကို စုပေါင်းရွေးချယ် ဆုံးဖြတ် ပူးပေါင်းလုပ်ကိုင်ကြမှ ထိ ရောက်မည်။ အားလုံးအကျိုးရှိမည်။AFTA ကိုရင်ဆိုင်နိုင်ရန်၊ ပြည်တွင်း အချင်းချင်းသာမက ပြည်ပနှင့်လည်း ဖက်စပ်လုပ်သင့်က လုပ်ရမည်။ အထူးသဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဖက်စပ် လုပ်နိုင်တာ လုပ်ဖို့ စဉ်းစားသင့်သည်။ ဈေးကွက်စီးပွားရေး တည်း ဟူသောလမ်းကို နိုင်ငံတော်အစိုးရက ခင်း ပေးပြီးပြီ။ ဆက်လျှောက်ဖို့ကတော့ အားလုံးမှာ တာဝန်ရှိသည်။ ဆွေးနွေးပွဲ မတက်လိုက်ရသူ လုပ်ငန်းရှင်အပေါင်းတို့အတွက် ဤဆောင်းပါးဖြင့် ခေါင်းလောင်းထိုးလိုက်ပါသည်။