ယခုတစ်ပတ်အတွင်း အိန္ဒိယနနွင်းဈေး တစ်တန်ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၂၀)ခန့်မြင့်တက်ခဲ့ပါတယ်။ မထင်မှတ်ဘဲ နနွင်းဝင်ရောက်မှုက အိတ် ၇၀၀၀ ထိ ကျဆင်းခဲ့ပြီး၊ လက်ကျန်ပမာဏရဲ့ ၆၀ ရာခိုင်နှုန်း ရောင်းချခဲ့ရတယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။ ဇန်နဝါရီ ၂၇ ရက်မှာ နနွင်းသစ်အိတ် ၅၀၀၀ နီးပါး ဝင်ရောက်ခဲ့တဲ့အနက် ၉၀ ရာခိုင်နှုန်းရောင်းချရတယ်လို့ ဆိုပါတယ်။ ဝယ်လက်ကြီးတွေက နနွင်းမှုန့်သစ်ဈေးကောင်းကောင်းရတဲ့အပြင် ဈေးသက်သက်သာသာနဲ့ ဝယ်ရလို့ နနွင်းသစ်ကို ပိုကြိုက်ကြတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ တစ်လမှာ နနွင်းတင်ပို့သူများဟာ နနွင်းအော်ဒါသစ် မရရှိခဲ့တဲ့အပြင် ဥတ္တရာ ပရာဒေ့ရှ်နဲ့ အခြားမြောက်ပိုင်းပြည်နယ်များမှာ ရွေးကောက်ပွဲ နီးလာပြီဖြစ်လို့ ဖေဖော်ဝါရီလကုန်တိုင်အောင် မြောက်ပိုင်း ကုန်သည်များဟာ နနွင်းအော်ဒါအသစ်မှာယူမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် နနွင်းဈေး မြင့်တက်မှုကို ထိန်းချုပ် နိုင်မယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ယခုလို ဈေးကွက်တွေကို နနွင်းဝင်ရောက်မှု လျော့ကျတာနဲ့ ပတ်သက်လို့ တမီလ်နာဒူးလ်အစိုးရက အနိမ့်ဆုံး ထောက်ပံ့ ဈေးတစ်တန် ရူပီး ၁၀၀၀၀၀ (ကန်ဒေါ်လာ ၂၀၃၀)ဈေးနဲ့ တောင်သူတွေဆီက တိုက်ရိုက်ဝယ်ယူဖို့ တောင်သူများရဲ့ တောင်း ဆိုခြင်းကိုစဉ်းစားမယ်လို့ မျှော်လင့်ကြတာကြောင့်လို့ တောင်သူတစ်ဦးကဆိုပါတယ်။ ကုန်သည်အချို့ကတော့ နနွင်းက ကြံလိုအရေးပါတဲ့ ကုန်စည်မဟုတ်တဲ့အတွက် MSP ဈေးတစ်တန် ရူပီး ၁၀၀၀၀၀ (ကန်ဒေါ်လာ ၂၀၃၀)နဲ့ ဝယ်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ဆိုပါတယ်။ အီရော့နနွင်းကုန်သည်များ အသင်းဝင်ဈေးမှာ နနွင်းလက်ချောင်း(အဟောင်း) တစ်တန် ရူပီး ၂၆၀၀၀-၄၃၈၅၀ (ကန်ဒေါ်လာ ၅၂၈-၈၉၀)၊ နနွင်းဥတစ်တန် ရူပီး ၂၅၆၉၀-၄၀၆၁၀ (ကန်ဒေါ်လာ ၅၂၁-၈၂၄)ရှိပြီး၊ နနွင်းသစ်လက်ချောင်းတစ်တန် ရူပီး ၂၃၉၉၀-၃၆၇၇၀ (ကန်ဒေါ်လာ ၄၈၇-၇၄၆)၊ နနွင်းဥတစ်တန်ရူပီး ၂၃၀၉၀-၂၄၆၉၀ (ကန်ဒေါ်လာ ၄၆၉-၅၀၁)ရှိကြောင်း သိရပါတယ်။ယမင်းခင်၊Source: hindubusiness
Background