Main menu

Background

သီရိမာလာဈေးကြီးရဲ့ ဟင်းသီးဟင်းရွက် ဝင်ရောက်မှုနဲ့ သုံးစွဲမှုမျှခြေမှာရှိ

Mon, 02/13/2012 - 05:56 -- Anonymous (not verified)

          မန္တလေးမြို့ သီရိမာလာဈေးကြီးကို ဟင်းသီးဟင်းရွက်ဝင်ရောက်မှုနဲ့ ပတ် သက်ပြီး ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက မုန်လာဥ၊ မုန်ညင်း၊ ဘိုစားပဲသီး၊ ခါကြက်ဥ တို့အဝင်ပိုခဲ့ပါတယ်။ ဂေါ်ဖီ၊ ပန်းမုန်လာ၊ ဂေါ်ရခါးသီး၊ ခရမ်းချဉ်သီးတို့ ဝင်ရောက်မှု နည်းခဲ့ပါတယ်။ အဝင်များတဲ့ ဟင်းသီးဟင်းရွက်ရော၊ အဝင်နည်းတဲ့ ဟင်းသီး ဟင်းရွက်ရော ဈေးနှုန်းကွာခြားမှု မရှိဘူးလို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ခုချိန်ဈေးကြီးကိုဝင်တဲ့ဟင်းသီးဟင်းရွက်များဟာ ရှမ်းပြည်နယ်မှဝင်ရောက်မှုနည်းပြီး၊ မြေပြန့်ပိုင်းဖြစ်တဲ့ တပ်ကုန်း၊ စစ်ကိုင်း၊ မုံရွာ၊ မတ္တရာ၊ စဉ့်ကိုင်၊ မြစ်ငယ်၊ ပုလိပ်၊ ပုသိမ်ကြီးနဲ့ ပြင်ဦးလွင်တို့မှ ဝင်လျက်ရှိပါတယ်။ ဒေသစုံ ဟင်းသီးဟင်းရွက်များ ထွက်ရှိတဲ့အတွက် ကိုယ့်ဒေသထွက်ကို သုံးစွဲနေတာကြောင့် ဈေးကြီးသို့လာရောက် ဝယ်ယူမှုနည်းခြင်း၊ နယ်များသို့ တင်ပို့မှုနည်းလာခြင်းကြောင့် ဝင်ရောက်မှုနဲ့ သုံးစွဲမှု မျှတခြင်းတို့ကြောင့် ဈေးနှုန်းကွာခြားမှုမရှိဘူးလို့ သိရပါတယ်။ ဒီတစ်ပတ်ဖြစ်ခဲ့တဲ့ ဈေးကြီးရဲ့ ဈေးနှုန်းတွေကတော့ မုန်လာဥတစ်တွဲ ၂၅၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၂၀၀ ကျပ် - ၃၅၀ ကျပ်၊ မုန်ညင်း တစ်ပိဿာ ၄၀၀ ကျပ်၊ ဘိုစားပဲသီးတစ်ပိဿာ ၆၀၀ ကျပ်၊ ပန်းမုန်လာတစ်ထုပ် ၂၀၀ ကျပ် - ၂၅၀ ကျပ်၊ ခါကြက်ဥတစ်ပိဿာ ၄၀၀ ကျပ်၊ ဂေါ်ရခါးသီး တစ်လုံး ၈၀ ကျပ် - ၁၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၅၀၀ကျပ်- ၆၀၀ ကျပ်ဈေးတွေရှိတယ်လို့ သိရပါတယ်။         အေးအေးတင့်