ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်မှာရှိတဲ့ ရာစုနှစ်ရွှေမြေခရမ်း အထူးပြုကုမ္ပဏီမှ ခရမ်းဒေသထွက် ပဲတီရွှေဝါတစ်တင်း ၂၀၂၀၀ ကျပ်နှုန်းနဲ့ ဖေဖော်ဝါရီ ၁၁ ရက်မှစပြီး ဈေးတိုး ပေးဝယ်ယူလျက်ရှိကြောင်းသိရပါတယ်။ ဒေသတွင်းမှာ ပဲတီရွှေဝါများ လှိုင်လှိုင်ပေါ်ထွက်ချိန် ဈေး ဆက်လက်ကျဆင်းပါက တောင်သူများ ထိခိုက်နစ်နာမှုမရှိရေးအတွက် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ စတင်ပြီး တစ်တင်း ကျပ် ၂၀၀၀၀ နဲ့ စတင်ဝယ်ယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ "ကျွန်တော်တို့ ခရမ်းဒေသမှာ ပဲတီရွှေဝါတစ်တင်းကို ၁၉၀၀၀ ကျပ်ထိ ဈေးကျသွားခဲ့ပါတယ်။ ဒီအခြေ အနေမှာ ဒေသခံအထူးပြုကုမ္ပဏီအနေနဲ့ တောင်သူတွေကို တတ်စွမ်းသရွေ့ ကူညီဖို့နဲ့ ဈေးဆက်မကျသွားစေဖို့အတွက် ဖေဖော်ဝါရီ ၁၀ ရက်ကစပြီး တစ်တင်းကို ကျပ် ၂၀၀၀၀ ဈေးပေး ပြီး ဝယ်ခဲ့ပါတယ်"လို့ ၎င်းကုမ္ပဏီဒါရိုက်တာ ဦးလှမိုးမှ ပြောပါတယ်။ အဆိုပါကုမ္ပဏီဟာ ကိုရီးယားနိုင်ငံ ဈေးကွက်ကို ပဲတီရွှေဝါ၊ ပဲလွန်းဖြူ၊ စွန်တာနီ၊ ထောပတ်ပဲ များကို အခြမ်းပြုလုပ်ပြီးလည်းကောင်း၊ အရောင်တင်ပြီးလည်းကောင်း တန်ဖိုးမြှင့်တင်ရောင်းချ လျက်ရှိကြောင်း သိရပါတယ်။ "ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာလည်း ဒီနေ့ (ဖေဖော်ဝါရီ ၁၁ ရက်) မှာ ၃ တင်း ၁ အိတ်ကို ၆၂၀၀၀ ကျပ်နဲ့ ဈေးဖွင့်ဝယ်ဖို့ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ အထူးပြုနယ်မြေမှာ တောင်သူတွေ ရသင့်ရထိုက်တဲ့ဈေးရအောင် ဆောင်ရွက်ပေးနေတာပါ။ ကျွန်တော်တို့ကုမ္ပဏီက ပဲမျိုးစုံကို အခွံချွတ် အခြမ်းစတဲ့ တန်ဖိုးမြင့်တွေပြုလုပ်ပြီး ကိုရီးယားဈေးကွက်ကို တင်ပို့နေတာဖြစ်လို့ တောင်သူတွေကို ဈေးပိုပေးဝယ်ယူနိုင်တာ ဖြစ်ပါတယ်"လို့လည်း ယင်းကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးအုန်းဆိုင်က ပြောကြားပါတယ်။ MIRT
Background