Main menu

Background

ပိုမိုကျယ်ပြန့်လာမယ့်ဝန်းသိုပန်းဈေးကွက်

Mon, 02/20/2012 - 09:44 -- Anonymous (not verified)

ဝန်းသိုမြို့နယ် ဆည်ကြီး၊ မကျီးကုန်း၊ ဇီးဖြူပင်၊ လက်ပံကြီးတော၊ သရက် အိုက်၊ စိန်လည်၊ သပြေသာ ကျေးရွာများမှာ နှစ်စဉ်သစ္စာပန်းရောင်စုံ၊ ဂန္ဓာမာပန်း မျိုးစုံအား ပန်းစိုက်တောင်သူပေါင်း ၅၀၀ ကျော်မှ ပန်းစိုက်ဧက ၂၀၀ ကျော်စိုက်ပျိုး ကြပါတယ်။ ဝန်းသိုမြို့နယ်ဟာ ရေခံမြေခံကောင်းမွန်ပြီး ရာသီဥတုသာယာကာ ဒေါင်းမြူးချောင်း တစ်ဖက်တစ်ချက်ရှိ နုန်းတင်မြေများမှာ စိုက်ပျိုးကြပြီး ၎င်းချောင်း ရေမှ ရေစက်တင်စိုက်ပျိုးကြရာ ကောင်းမွန်စွာ ဖြစ်ထွန်းလျက်ရှိပါတယ်။ ပန်းများ ကို အောက်တိုဘာ၊ နိုဝင်ဘာမှာစိုက်ပျိုးပြီး၊ ဖေဖော်ဝါရီနဲ့မတ်လမှာ ခူးဆွတ်ရောင်း ချကြပါတယ်။ အများဆုံးစိုက်ပျိုးတဲ့ သစ္စာပန်း၊ ဟော်လန်ပတ္တမြားရောင်စုံမျိုးမှာ မျိုးဥကို တစ်ဧက တင်း ၄၀ခန့်အသုံးပြုကာ စုစုပေါင်းစိုက်ပျိုးစရိတ်ကျပ်၂၇ သိန်း ခန့်ကုန်ကျကြောင်း၊ ၁ ဧကမှာ အပင်ရေ ၁ ဒသမ ၅ သိန်း ပင်ရနိုင်ပြီး၊ ၃ ပင် တစ်စီးကို ၁၀၀ ကျပ်နှုန်းရောင်းရပါက အကျိုးအမြတ် ကျပ်၂၃ သိန်းရရှိကြောင်း သိရပါတယ်။ ယခင်က မျိုးဥကို ပြင်ဦးလွင်က ဝယ်ယူစိုက်ပျိုးခဲ့ကြပေမယ့် ယခုအခါ ပွင့်တံကို ဖြတ်ယူပြီးပါက အပင်သက်တမ်း ၅ လကျော်ထိထားရှိပြီး၊ သားစေ့မျိုးဥ တူးဖော်ပြီးထားရှိခြင်းဖြင့် ၎င်းင်းကျေးရွာများမှပဲ ဝယ်ယူစိုက်ပျိုးနိုင်ပြီဖြစ်ပါတယ်။ ဂန္ဓမာပန်းကိုတော့ အတက်ပေါက် ဂန္ဓမာပျိုးပင်ကို ပြင်ဦးလွင်မှ ဝယ်ယူစိုက်ပျိုးရာ တစ်ဧကမှာ အပင် ၅၀၀၀၀ ခန့်စိုက်ပျိုးပြီး၊ စုစုပေါင်းစိုက်ပျိုးစရိတ် ၁၄ သိန်းခန့် ကုန်ကျကြောင်း၊ ၁ ပင်ကို ၅ပွင့်မှ ၈ ပွင့်ကြားပွင့်ပြီး ၂ ခက်တစ်စီးကို ၁၀၀ ကျပ် နှုန်းရောင်းရပါက အကျိုးအမြတ် ကျပ် ၁၁ သိန်းရရှိကြောင်း သိရပါတယ်။ပန်းများကို ဝန်းသို၊ ကောလင်းမြို့ဈေးများမှတစ်ဆင့် အထက်ပိုင်း အင်းတော်၊ ကသာ၊ မိုးညှင်း၊ မြစ်ကြီးနားမြို့ များကိုလည်းကောင်း၊ အောက်ပိုင်း၊ ကန့်ဘလူ၊ ရွှေဘို၊ မန္တလေးမြို့များကိုလည်းကောင်း၊ ရထားနဲ့တင်ပို့ရောင်းချကြပါတယ်။ တောင် သူတွေရဲ့ ကြိုးပမ်းမှုကြောင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ပန်းဈေးကွက်လိုအပ် ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ကြတဲ့ ဝန်းသိုမြို့နယ်မှ ပန်းစိုက် တောင်သူများအား မိမိဒေသအဆင့်မှသည် ပြည်တွင်းပန်းဈေးကွက်မှာပါဝင်လာ နိုင်ပြီး၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများနဲ့ စိုက်ပျိုးထုတ်လုပ်သူများ ပိုမိုအကျိုး ဖြစ်ထွန်းလာပြီး၊ ဈေးကွက်အဆင့်မြှင့်တင်ဖို့ အစုအဖွဲ့များ ဖွဲ့စည်းရန် စတင်ဆောင် ရွက်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။                                      ရီလင်းထွဋ်