Main menu

Background

မုံရွာသခွားမွှေး မူဆယ်ဈေးကွက်တက်ပြီ

Mon, 02/27/2012 - 09:33 -- Anonymous (not verified)

မုံရွာမြို့နယ်ရဲ့  Export  ထွက်ကုန် သစ်သီးဝလံဖြစ်တဲ့ သခွားမွှေးစိုက်ပျိုးရာ သပြေတော၊ ဖန်းခါးကျင်း၊ အက်တောနဲ့ ကျောက်ဆစ်ပုံရွာတွေမှာ ယခုရာသီစိုက်ခဲ့ကြတဲ့ သခွားမွှေးတွေ ဇန်နဝါရီလလယ်ခန့်ကစပြီး ယနေ့အထိ မူဆယ်ဈေးကွက်ကို တင်ပို့လျက်ရှိတယ်လို့သိရပါတယ်။ ယခုနှစ် သခွားမွှေးရာသီအတွင်း မုံရွာမြို့နယ်မှ စိုက်ဧက ၂၀၀ ကျော်ရှိတဲ့အနက် ဧက ၅၀ ခန့် ခူးဆွတ်ဈေးကွက် တင်ပို့ခဲ့ပြီးဖြစ်ရာ ကျန်တဲ့စိုက်ခင်းတွေက သူ့ရက်နဲ့သူ နေ့စဉ်နီးပါး ခူးဆွတ်တင်ပို့နေကြတာတွေ့ရပါတယ်။ ဒေသအတွင်း စိုက်ပျိုးမှုအနေနဲ့ ပိုက်သခွား ၂၀ ရာခိုင်နှုန်းနဲ့ ရွှေသခွားမွှေး ၈၀ ရာခိုင်နှုန်းထိစိုက်ပျိုးခဲ့ကာ ယခုပေါက်ဈေးကတော့ ရွှေသခွားမွှေး တစ်ကီလို ၅ ယွမ် (ကျပ် ၆၄၀)ဝန်းကျင်ရလို့ စိုက်ပျိုးသူတွေ ဈေးကွက်အမီတင်ပို့နေခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ယခုနှစ်စိုက်ပျိုး စရိတ်အနေနဲ့ ဒေသအလိုက် ရွှေသခွားမွှေးတစ်ဧက ကျပ် ၂၀ သိန်းမှ ၂၇ သိန်းထိကုန်ကျပြီး၊ သယ်ယူခ မုံရွာ-မူဆယ် တစ်တန် ကျပ်တစ်သိန်းနှုန်းနဲ့ တစ်ဧက ၅၅၀၀ လုံး (၁၀ တန်) အတွက် သယ်ခ ကျပ် ၁၀ သိန်းရှိလို့ တစ်ဧက စုစုပေါင်း ကျပ်သိန်း ၃၀ ကျော်ကုန်ကျကြောင်း၊ သခွားမွှေးတောင်သူများက ဆိုပါတယ်။ ဒါပေမဲ့ မူဆယ်ပေါက်ဈေး တစ်ကီလို ကို ၅ ယွမ် (ကျပ် ၆၄၀) ဈေးနဲ့ တစ်ဧကအတွက် သခွားမွှေးကီလို ၁၀၀၀၀ ခန့်အတွက် မြန်မာငွေနဲ့ ကျပ်သိန်း ၆၀ နီးပါးရလို့ တစ်ဧက ကျပ် ၃၀ ခန့် အကျိုးအမြတ်ရခဲ့ကြတယ်လို့ ဆိုပါတယ်။  မုံရွာ သခွားမွှေးစိုက်ခင်းတွေကနေ လာမဲ့မတ်လကုန်ခန့်အထိ မူဆယ်ဈေးကွက်ကို စဉ်ဆက်မပြတ် ဆက်လက်တင်ပို့နိုင်မယ်လို့ တောင်သူတွေကဆိုပါတယ်။                                                                           ထွန်းလှိုင်