Main menu

Background

ဒေါ်လာဈေးကွက် ငြိမ်ချက်သားကောင်းနေဆဲ

Mon, 03/05/2012 - 04:32 -- Anonymous (not verified)

ယခုတစ်ပတ်တွင် အမေရိကန်ဒေါ်လာဈေးကွက်မှာ ငြိမ်သက်နေပြီး ဈေး အတက်အကျမရှိခဲ့သည်ကို တွေ့ရသည်။ သိမ်ဖြူငွေလဲစင်တာတွင် ဖေဖော်ဝါရီ ၂၇ ရက်က ရောင်းဈေး ၈၃၁ ကျပ်၊ ဝယ်ဈေး ၈၁၇ ကျပ်မှာ မတ် ၁ ရက်အထိ ငြိမ်ချက်သားကောင်းနေသည်ကို တွေ့ရသည်။ ယင်းကဲ့သို့ဖြစ်ရသည်မှာ  ကမ္ဘာ့ရွှေ ဈေးမှာ နေ့စဉ်တက်အားကောင်းနေပြီး မြန်မာ့ရွှေဈေးပါ နေ့စဉ်နှင့်အမျှ လိုက်တက် နေသည့်အတွက်ကြောင့် ဒေါ်လာအရောင်းအဝယ်များမှာ ယခင်ကကဲ့သို့  လှုပ်လှုပ် ရှားရှားမရှိရခြင်းဖြစ်ကြောင်း သိမ်ဖြူငွေလဲစင်တာမှ စုံစမ်းသိရှိရသည်။ပြင်ပဈေးကွက်တွင်လည်း အမေရိကန်ဒေါ်လာဈေးမှာ ယခင်ကကဲ့သို့ နေ့စဉ် အတက်အကျများ သိပ်မရှိဘဲ တစ်ကျပ်နှစ်ကျပ်ခန့်သာ အတက်အကျများ ရှိနေ ကြောင်း သိရသည်။ "ကျွန်တော်တို့ ဒီအပြင် ဈေးကွက်မှာလည်း ဒီတစ်ပတ်မှာ ထူးထူးခြားခြားကို ငြိမ်ချက်သားကောင်းနေတာ။ အရောင်းအဝယ်သိပ်မဖြစ်သလောက်ကို ရှိနေခဲ့တာ။ ဒီတစ်ပတ်ထဲမှာဆိုရင် မြန်မာ့ရွှေဈေးရော ကမ္ဘာ့ရွှေဈေးပါ တက်နေတာဆိုတော့ ဒီဒေါ်လာဈေးကွက်မှာ လာပြီးထိခိုက်သလို ဖြစ်နေတာ။ နောက်ပြီး ဒီရက်ပိုင်းမှာ ကားလိုင်စင်ဝင်တဲ့သူတွေလည်း နည်းသွားတယ်။ အက်ဖ်အီးစီဈေးကလည်း အရင် ကလောက် မရှိတော့ဘူး။ ဒီနေ့ဆိုရင် အက်ဖ်အီးစီက တစ်ယူနစ်ကို ၈၂၅ ကျပ်ပဲ ရှိတော့တယ်။ ဒါဟာလည်း ရွှေဈေးတွေတက်နေလို့ဖြစ်မယ်"ဟု ပြင်ပဈေးကွက် အတွင်းမှ ဒေါ်လာရောင်းဝယ်သူတစ်ဦးက ဆိုသည်။ပြင်ပဒေါ်လာဈေးကွက်တွင်လည်း မတ် ၁ ရက်က အမေရိကန်တစ်ဒေါ်လာ လျှင် ရောင်းဈေး ၈၁၆ ကျပ်ရှိပြီး ဝယ်ဈေးမှာ ၈၁၃ ကျပ်ရှိကြောင်း သိရသည်။ ယခင်နေ့များကလည်း အမေရိကန်တစ်ဒေါ်လာလျှင် ရောင်ဈေး ၈၁၅ ကျပ်ရှိပြီး ဝယ်ဈေးမှာ ၈၁၃ ကျပ်ရှိကြောင်း သိရသည်။ထို့ပြင် ပို့ကုန်ဝင်ငွေ ဈေးနှုန်းများမှာလည်း ၈၄၄ ကျပ်သာရှိခဲ့ပြီး ဈေး အတက်အကျ နည်းပါးခဲ့ကြောင်း သိရသည်။                     မယ်သီတာ