Main menu

Background

AEC မှာ ဈေးကွက်ချဲ့ထွင်ဖို့ ထိုင်းသကြားစက်များ သကြားအရည်အသွေး မြှင့်တင်လို

Mon, 03/12/2012 - 10:11 -- Anonymous (not verified)

    ၂၀၁၅ ခုနှစ်မှာ နယ်စပ်တံခါးများ ပွင့်လာတော့မယ့် အာဆီယံစီးပွားရေးအသိုင်းအဝန်း (ဗနဃ)မှာ ၎င်းတို့ ဈေးကွက်တိုးချဲ့ဖို့ အတွက် ထိုင်းသကြားစက်များက ၎င်းတို့ ထုတ်ကုန်အရည်အသွေး တိုးမြှင့်လိုကြောင်း သိရပါတယ်။ အဖွ့ဲဝင် ၄၇ ဦးပါဝင်တဲ့ ထိုင်း သကြားစက်ကော်ပိုရေးရှင်း (TSMC) ဥက္ကဋ္ဌ Vibul  Panituong က ၎င်းရဲ့အုပ်စုဟာ သကြားအရည်အသွေးကို လာမယ့်နှစ်မှာ သကြားစံနှုန်း Polarisation  ၉၉ ဒသမ ၂ အဆင့်ထိ တိုးမြင့်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။    သကြားရောင်ခြည်ဖြာထွက်မှုဟာ သကြားသန့်စင်မှုကို ညွှန်ပြတဲ့အတိုင်းအတာဖြစ်ပါတယ်။ သကြားကြမ်းမှ သန့်စင်ထား တဲ့ လုံး၀ သန့်စင်သကြားဟာ ၁၀၀ ရာခိုင်နှုန်းအဆင့် သတ်မှတ်တယ်လို့ သိရပါတယ်။ "ထိုင်းသကြား ဖောက်သည်များဟာ အရည်အသွေးနိမ့်ကျမှုနဲ့ ပတ်သက်လို့ ထိုင်းသကြားအပေါ် စိတ်ကျေနပ်မှုမရှိကြဘူး။ ဒါကြောင့် အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတို့ဟာ ဒုတိယသကြားအများဆုံး တင်ပို့သူလဲဖြစ်သလို၊ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့ ထိုင်းနိုင်ငံအစား ဘရာဇီးက တင်သွင်း နေကြပါတယ်။ ဒါကြောင့် ဘရာဇီးနဲ့ သြစတြေးလျတို့ရဲ့ အရည်အသွေးကိုမီအောင် အရည်အသွေးမြှင့်တင်ရမယ်လို့ " Ban  Pang  သကြားကုမ္ပဏီဥက္ကဌ Mr  Vibul  မှ ပြောကြားပါတယ်။    သကြားတင်သွင်းသူများက ကုန်ကျစရိတ် နည်းနည်းနဲ့ ထပ်မံသန့်စင်ရတယ်လို့ ဆိုပါတယ်။ ယခင်နှစ်က အင်ဒိုနီးရှားနဲ့ မလေးရှားကို သကြားတန်ချိန် ၁ ဒသမ ၃၇ သန်းနဲ့ ၃၄၄၀၀၀ အသီးသီးတင်ပို့ခဲ့ရပါတယ်။ ထိုင်းနိုင်ငံရဲ့ သကြားတင်ပို့မှုတန်ချိန် ၆ ဒသမ ၇၁ သန်းအနက် အာရှက ၈၆ ဒသမ ၃ ရာခိုင်နှုန်း ဝယ်ယူပြီး၊ အဲဒီထဲမှာ အာဆီယံက ၄၂ ရာခိုင်နှုန်း ဝယ်ယူတယ်လို့ ဆိုပါတယ်။ ကြံနဲ့ သကြားရဲ့ပိုငွေမှ စက်ပစ္စည်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အတိုးနှုန်းနိမ့်နဲ့ ချေးငွေလိုအပ်နေပြီလို့လည်း ဆိုပါတယ်။    ထိုင်းသကြားစက်ရဲ့ ၈၀ ရာခိုင်နှုန်းအထိဟာလာမယ့်နှစ်မှာ အသင့်ဖြစ်မှာဖြစ်ပြီး၊ သကြားစက် အားလုံးကတော့ ၂၀၁၄ မှာ အသင့်ဖြစ်မယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သကြားကြမ်းရဲ့ ရောင်ခြည်ဖြာထွက်မှုဟာ  ဂျပန်ကို တင်ပို့ရာမှာ ၉၆ မှ ၉၇ ဒသမ ၉၉ ဒီဂရီအဆင့်ရှိပြီး၊ အဆင့် ၉၈ ဒသမ ၅ ဒီဂရီ သို့မဟုတ် စံနှုန်းပိုမိုမြင့်တဲ့ သကြားကတော့ နေရာမရွေး တင်ပို့ဖို့ ခွဲခြားထားတယ်လို့ သိရပါတယ်။ လာမယ့်နှစ် သကြားတင်ပို့ဖို့ အရောင်ကိုလည်း လက်ရှိအဖြူရောင်မှ ကောက်ရိုးရောင်ကို ပြောင်းလဲသွားမယ်လို့လည်း  Mr  Vibul  မှ ပြောကြားပါတယ်။    ဒါ့အပြင် သင်္ဘောကပ္ပတိန်များကလည်း သန့်စင်ပြီး သကြားတင်ပို့မှုနဲ့ ပတ်သက်လို့ သင်္ဘောပေါ်တင်တဲ့အခါ အိတ်များ မှာ ဖိနပ်ရာများထင်နေတဲ့အတွက်  ပြန်လည်ငြင်းပယ်ရကြောင်းလည်း ပြောကြားတယ်လို့ ဆိုပါတယ်။ TSMC  ကလည်း ပြည်တွင်း သကြားဈေး မြင့်တက်ဖို့ အထောက်အပံ့ပြုနေပါတယ်။ ထိုင်းနိုင်ငံမှာ သန့်စင်ပြီး သကြား တစ်ကီလိုကို ဘတ် ၂၃ ဒသမ ၆၀ (ကန်ဒေါ်လာ သုည ဒသမ ၇၇)နဲ့ ဈေးအလွန်နိမ့်နေတယ်လို့  ဆိုပါတယ်။ယမင်းခင်၊Source: Bangkok Post