ကယားပြည်နယ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်းသစ်တစ်ခု ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းလေ့လာ ဆောင်ရွက်မည်
ကယားပြည်နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် နီးကပ်စွာတည်ရှိလျက်ရှိပြီး နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ပါက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်မှာဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ် ဂိတ်များတွင် ကုန်သွယ်လုပ်ငန်း၊ အကောက်ခွန်လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ လူဝင်လူထွက် ကြီးကြပ်လုပ်ငန်းစဉ် အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု ဖွင့်လှစ်ရန်လိုအပ်သည့် အခြေခံအဆောက်အအုံများ လတ်တလော ပြည့်စုံမှု မရှိသေးသော်လည်း မယ်စဲ့၊ မယ်စဲနန်ဒေသများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကယားပြည်နယ်အစိုးရနှင့် ပေါင်းစပ်ညှိ နှိုင်းပြီး လေ့လာရေးအဖွဲ့များစေလွှတ်၍ ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို အသေးစိတ်ကွင်းဆင်း ကြည့်ရှုလေ့လာ သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်ကကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ဒသမနေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့သည်။ကယားပြည်နယ် ဖားဆောင်းမဲဆန္ဒနယ်မှ ဦးရဲထွဋ်တင်မှ တင်သွင်းသည့် "ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကယားပြည်နယ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းသစ်တစ်ခု ဦးစားပေးဖွင့်လှစ်ပေးရန်" အဆိုအား ဒေါက်တာ ပွင့်ဆန်းမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ကုန်သွယ်မှုတိုးမြှင့်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ တရားမဝင်ကုန်သွယ်မှု လျော့နည်းပပျောက်စေရေးတို့အတွက် ရည်ရွယ် ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းအသစ်များကို ဒေသလိုအပ်ချက်နှင့်အညီ တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး မောတောင်ဒေသတွင် မြေပြင်လေ့ လာရေးအဖွဲ့များ ဖွဲ့စည်းစေလွှတ်၍ မောတောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို လေ့လာလျက်ရှိကြောင်း၊ ကယားပြည်နယ် မယ်စဲ့၊ မယ်စဲနန်ဒေသကိုလည်း အလားတူကွင်းဆင်းလေ့လာ၍ တွေ့ရှိချက် များကို စိစစ်သုံးသပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးမှ ပြောကြားခဲ့သည်။
