ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ သီဟိုဠ်လုပ်ငန်းများသို့ တစေ့တစောင်း

သီဟိုဠ်ထွက်ရှိတဲ့ ရာသီချိန်စတင်လာပြီဖြစ်တဲ့အတွက် ကမ္ဘာ မှာ သီဟိုဆန်အများဆုံးထုတ်လုပ်တင်ပို့နေတဲ့ ဗီယက်နမ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ လက်ရှိဖြစ်နေတဲ့ အနေအထားကို လေ့လာတင် ပြချင်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ အရင်နှစ်က သီဟိုဠ်တန်ချိန် ၁၆၆၁၀၉ တန်တင်ပို့ပြီး ဒေါ်လာ ၁ ဒဿမ ၃၅ ဘီလီယံရှိခဲ့လို့ ၂၀၁၀ ခုနှစ်ကထက် ပမာဏတန်ချိန်မှာ ၁၆ ဒသမ ၄၆ ရာခိုင်နှုန်း လျှော့ခဲ့ပေမယ့် တန်ဖိုးမှာ ၂၀ ဒသမ ၁၃ ရာခိုင်နှုန်း ပိုမိုရရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ တန်ချိန် ၁ ဒသမ ၇ သိန်း တင်ပို့နိုင်ဖို့ မျှော်မှန်း ထားပြီး ဝင်ငွေအနေနဲ့ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရဖို့ ရည်မှန်းထား တယ်လို့ ဗီယက်နမ်နိုင်ငံ သီဟိုဠ်အသင်း  The Vietnam Cashew Association (Vinacas)   က ပြောကြားခဲ့ပါတယ်။ အမေရိကန်က ဗီယက်နမ်သီဟိုဠ်ကို အများဆုံးဝယ်ယူတင်သွင်းသူဖြစ်ပြီး ဥရောပနဲ့ အာရှဒေသများကလည်း ဝယ်ယူလျက်ရှိသလို အာရှမှာတော့ တရုတ်က ဗီယက်နမ်သီဟိုဠ် အများဆုံးတင်သွင်းသူ ဖြစ်ပါတယ်။ဖေဖော်ဝါရီ ၂၉ ရက်က ကျင်းပခဲ့တဲ့ ကွန်ဖရင့်မှာ အသင်း ဥက္ကဋ္ဌပြောကြားခဲ့တာကတော့ သီဟိုဠ်ကုန်ချောထုတ်လုပ်သူများနဲ့ တင်ပို့သူများမှာ ဒီနှစ်အလုပ်လုပ်ကိုင်ဖို့ အရင်းအနှီးနဲ့ အလုပ်သမား လျော့နည်းရှားပါးမှုအပါအဝင် အခက်အခဲများနဲ့ ပြည်ပဝယ်လိုအား တွေ ကျဆင်းနေမှုကိုပါရင်ဆိုင်နေရတယ်လို့ ပြောကြားသွားပါတယ်။ ၂၀၁၁ ခုနှစ်က သီဟိုဠ်ကဏ္ဍကို ပြန်လည်သုံးသပ်ခဲ့ကြပြီး ၂၀၁၂ ခုနှစ်အတွက် ကုန်ကြမ်းဝယ်ယူဖို့၊ ကုန်ချောထုတ်လုပ်ဖို့၊ ကုန်ကြမ်း တင်သွင်းဖို့၊ ကုန်ချောတင်ပို့ဖို့ အကောင်အထည်ဖော်မယ့် အစီအစဉ် များကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ သီဟိုဠ်တင်ပို့သူ ၂၉၆ ဦးမှာ ပြည်ပနိုင်ငံများသို့ သီဟိုဠ်တင်ပို့ဖို့ မှတ်ပုံတင်ခဲ့ကြပြီး ဗီယမ်နမ် သီဟိုဠ်လုပ်ငန်းမှာ အစိုဓာတ်များပြီး အရည်အသွေးနိမ့်ကာ ကျန်းမာ ရေးနဲ့ မညီညွတ်တဲ့ကိစ္စရပ်များဖြစ်ခဲ့ဖူးတာမျိုးလည်း ရှိနေခဲ့ပါတယ်။ ဥရောပလိုဒေသမှာ စီးပွားရေးအကျပ်အတည်းတွေနဲ့ ဆက်လက်ဖြစ် ပေါ်နေမှုက ကမ္ဘာ့သီဟိုဠ်စားသုံးမှုကိုထိခိုက်ပြီး ဈေးနှုန်းကျဆင်းကာ သိုလှောင်မှုတွေ မြင့်မားလာစေခဲ့ပါတယ်။ အိန္ဒိယလို ကမ္ဘာ့သီဟိုဠ်အများဆုံး ထုတ်လုပ်တင်ပို့နေတဲ့နိုင်ငံ မှာ ပြည်တွင်းစားသုံးမှုတွေ ကျဆင်းလာတဲ့အတွက်ကြောင့် နိုင်ငံရဲ့ ဒီနှစ်သီဟိုဠ်တင်ပို့မှုမှာ တိုးလာဖွယ်ရာ ရှိတယ်လို့ဆိုပါတယ်။ ကမ္ဘာ့ သီဟိုဠ်ဈေးနဲ့ အိန္ဒိယက တင်ပို့မှုတိုးလာနိုင်မယ့် အခြေအနေတွေ ကြောင့် ဗီယက်နမ်နိုင်ငံရဲ့ သီဟိုဠ်တင်ပို့မှုကို သက်ရောက်မှုဖြစ်စေပြီး အလုပ်သမားရှားပါးလာမှုနဲ့ အရင်းအနှီးကလည်း ကုန်ချောထုတ်လုပ် တင်ပို့နေတဲ့ ကုမ္ပဏီများအတွက် အခက် အခဲများအဖြစ် ဆက်လက် ရှိနေဆဲဖြစ်ပါတယ်။ သီဟိုဠ်လုပ်ငန်းမှာ အလုပ်သမားရှားပါးမှုက အဆိုးရွားဆုံးဖြစ်နေပြီး၊ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း မရှိရင် ရည်မှန်းထားတဲ့ တန်ချိန် ၁ ဒသမ ၇ သိန်းကို မရောက် နိုင်ကြောင်းနဲ့ ကုန်ချောထုတ်လုပ်တဲ့ကုမ္ပဏီများက အလိုအလျောက် အခွံချွတ်စက်တွေ တပ်ဆင်အသုံးပြုသော်လည်း ကုန်ချောထုတ်လုပ် တဲ့ လုပ်ငန်းစဉ်တစ်လျှောက် အလုပ်သမားအများအပြား လိုအပ်နေ မှာဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ ဒီနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အတွင်း တန်ချိန် ၁၄၀၀၀ တင်ပိုခဲ့ပြီး ဒေါ်လာ ၁၀၇ သန်း ရရှိခဲ့တဲ့အတွက် အရင်နှစ် ကာလတူထက် လျော့နည်းခဲ့ကြောင်းသိရပါတယ်။ ဒီကာလမှာ ပျမ်းမျှတင်ပို့ဈေးကလည်း  အရင်နှစ်ကာလတူထက် လုံးဝလျော့နည်း ခဲ့တာမို့ ဒီနှစ်တင်ပို့မှုကနေ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရဖို့ ခက်ခဲ မယ်လို့လည်း သိရပါတယ်။ တရုတ်နိုင်ငံကလည်း တရုတ်နှစ်သစ်ကူး ကာလပြီးကတည်းက ခါတိုင်းနှစ်များထက် ဝယ်လိုအားကျခဲ့သလို အီးယူ ဈေးကွက်ကလည်း စီးပွားရေးအကျပ်အတည်းကြောင့် ဝယ် လိုအားကျခဲ့ပါတယ်။  ဒါကြောင့်  ဗီယက်နမ်သီဟိုဠ်အသင်းက တောင်သူတွေဆီမှာစုပုံနေတဲ့ သီဟိုဠ်ကုန်ကြမ်းတွေကို  ဝယ်ယူဖို့ ကာလတိုချေးငွေ ဗီယက်နမ်ဒေါင် ၁၃ ဘီလီယံ (ဒေါ်လာ ၆ ဒသမ ၂၃ သိန်းကျော်) ချေးပေးဖို့ စီးပွားရေးဘဏ်များကို တောင်းဆိုလျက် ရှိပါတယ်။ တောင်သူတွေထံမှာ မရောင်းချရသေးတဲ့ ကုန်ကြမ်းတွေ စုပုံနေပြီး ကမ္ဘာ့သီဟိုဠ်ဈေးနှုန်းကလည်း ရုတ်တရက်ကျဆင်းနေတာ မို့ ကုန်ကြမ်းတစ်ကီလိုဈေးမှာ အရင်နှစ်က ဗီယက်နမ်ဒေါင် ၃၅၀၀၀ မှ ၂၀၀၀၀ သို့ကျဆင်းလျက်ရှိပါတယ်။ သို့ဖြစ်ရာ အသင်းက ချေးငွေ ဟောင်းများကို သက်တမ်းတိုးပေးဖို့နဲ့ အခုလို အခက်အခဲဖြစ်နေ တဲ့အချိန်မှာ တောင်သူများထံက ကုန်ကြမ်းတန်ချိန် ၃ ဒဿမ ၈ သိန်းဝယ်ယူဖို့ ကာလတိုချေးငွေကို တောင်းဆိုလိုက်တာဖြစ်ပါ တယ်။ အိန္ဒိယနိုင်ငံမှာတော့  ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်မှုတွေ ဖြစ်လာပြီး ငွေကြေးတန်းဖိုးမြင့်တက်လာလို့ ဒီဇင်ဘာလမှစလို့ သီဟိုဠ် တင်ပို့မှုကျဆင်းခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပကို တင်ပို့မှုတွေ နည်းလာလို့ ပမာဏများများတင်နိုင်မယ့် ဈေးကွက်သစ်များကို ရှာဖွေ လျက်ရှိပါတယ်။ စီးပွားရေးကျဆင်းမှုတွေ၊ ငွေကြေးပြောင်းလဲမှုတွေ၊ သီးနှံအထွက်ကောင်းမှုတွေက အဓိကဈေးကွက်တွေဖြစ်တဲ့ ဥရောပနဲ့ အမေရိကန်တို့မှာ ဈေးနှုန်းအကျဘက်ကို  အားသန်စေခဲ့ပါတယ်။ ဈေးနှုန်းက တစ်ပေါင် ၄ ဒသမ ၆၅ - ၄ ဒသမ ၇ ဒေါ်လာမှ ၃ ဒသမ ၂၅ - ၃ ဒသမ ၃ ဒေါ်လာသို့ ကျဆင်းခဲ့လို့ တင်ပို့သူတွေကို ထိခိုက်ခဲ့ပါတယ်။ အနိမ့်ဈေးနဲ့ရောင်းတဲ့ ပစ္စည်းတွေကိုတော့ အဝယ် လိုက်ခဲ့ပြီး ကုန်ချောထုတ်လုပ်သူ အနည်းငယ်က ရောင်းချခဲ့ကြပါ တယ်။ အချို့ကုန်ချောထုတ်လုပ်သူတွေက အမြင့်ဈေးနဲ့ရောင်းချနိုင် သော်လည်း ပမာဏအနည်းငယ်သာ ရှိခဲ့ပါတယ်။ အရောင်းအဝယ် ဖြစ်တဲ့ လုပ်ငန်းအများစုကတော့ အနီးအနားကာလနဲ့ ဖြစ်သော် လည်း အချို့ကဧပြီကြိုရောင်းနဲ့ ရောင်းချလျက်ရှိပါတယ်။ အိန္ဒိယမှာ ပြည်တွင်းစားသုံးမှုကများလို့ ကုန်ကြမ်းဈေးက အလွန်မြင့်နေပါတယ်။ အာဖရိကမှာ ကုန်ကြမ်းအဝယ်လိုက်မှု မရှိတဲ့အတွက် ဈေးလျှော့ အဆိုပြုလျက်ရှိရာ တန်ဇန်းနီးယားမှာ တစ်တန် ၁၂၅၀ ဒေါ်လာဖြစ် ပြီး ဘီနင်နဲ့ဂါနာ မှာ ၁၀၀၀ ဒေါ်လာမှ ၉၅၀ ဒေါ်လာသို့ လျှော့ချခဲ့ ကာ၊ အိုင်ဗရီကို့စ်မှာ ၈၅၀ ဒေါ်လာ (စီအင်အက်ဖ်) အသီးသီးဖြစ် ပေါ်လျက်ရှိပါတယ်။ သို့သော် အမှန်ဈေးနှုန်းမှာ မတ်လကုန် ဧပြီလ အစောပိုင်းမှသာ စတင်ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ မြောက်ပိုင်းဒေသမှာ သီဟိုဠ်အထွက် မကောင်းခဲ့ရင် ကုန် ကြမ်းဈေး များများစားစားကျမယ့်ပုံမရှိပါဘူး။ ရက်သတ္တပတ်အနည်း ငယ်မှာစတင်ပြီး ပမာဏများလာရင် ဈေးအားပျော့ သွားနိုင်ပါတယ်။ မတ်လနဲ့ ဧပြီလမှာ ဝယ်လိုအား ဆက်လက်နည်းနေရင် အထွက်လှိုင်ချိန်ကာလအတွင်း သီဟိုဠ်ဆန်ဈေးနှုန်း ၅-၁၀ ရာခိုင် နှုန်းပိုနည်းသွားနိုင်ပြီး ယာယီကျဆင်းနိုင်ပါတယ်။ လက်ရှိသီဟိုဠ်ဆန် ဈေးမှာ ၂၀၁၁ ခုနှစ်က ပျမ်းမျှဈေး အောက်ရောက်နေပြီး ၂၀၁၀ ခုနှစ် ပျမ်းမျှဈေးနီးပါးရှိနေပါတယ်။ နောက်ထပ် ၅ ရာခိုင်နှုန်းကျ ဆင်းရင် ၂၀၁၀ ခုနှစ်ပျမ်းမျှဈေးအောက်ကို ရောက်ရှိနိုင်ပါတယ်။ကုန်ကြမ်းဈေး သိသာစွာကျဆင်းရင် သီဟိုဠ်ဆန်ဈေး အနိမ့်ဈေးနဲ့ ဖြစ်နိုင်ပြီး သီဟိုဠ်ဆန်ဈေးနှုန်းရဲ့ ၄၀ ရာခိုင်နှုန်းဟာ ကုန်ချောထုတ် လုပ်မှု ကုန်ကျစရိတ်ဖြစ်တဲ့အတွက် အဲဒီအောက်ကို ကျနိုင်ခြေ မရှိဘူးလို့ဆိုပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဈေးနှုန်းကြီးမြင့်ခဲ့လို့ အိန္ဒိယ အပါအဝင် ဈေးကွက်အများစုမှာ စားသုံးမှုသိသိသာသာ ပိုနည်းသွား ခဲ့ပါတယ်။ အမေရိကန်က ဝယ်လိုအားတိုးလာနိုင်မယ့် အခြင်းအရာ များ ရှိသော်လည်း ဥရောပမှာ ထပ်မံဆိုးရွားတဲ့ စီးပွားရေးအခြေ အနေများမရှိရင် ဒီနှစ်ဒုတိယနှစ်ဝက်မှာ အဲဒီဒေသနှစ်ခုစလုံးက သုံးစွဲမှုတက်လာမယ် မှန်းရပါတယ်။ သီဟိုဠ်ဆန်ဈေးနှုန်းနိမ့်ရင်တော့ အာရှဒေသရဲ့ စားသုံးမှုကို တွန်းအားပေးမှာ သေချာသလောက်ဖြစ်ပြီး အားလုံးခြုံရလျှင် ၂၀၁၂ ခုနှစ်သုံးစွဲမှုက ၂၀၁၁ ခုနှစ်ထက် ပိုမများ နိုင်ဘူးလို့လည်း သုံးသပ်ထားပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဈေးနှုန်းက တစ်ပေါင် ၃ ဒသမ ၂၅ - ၃ ဒသမ ၇၅ ဒေါ်လာကြားနှုန်းထားနဲ့ရှိ နိုင်ပြီး ကြီးမားတဲ့အကျပ်အတည်းနဲ့ ဝယ်လိုအားတက်လာမှုမရှိရင် ၃ ဒေါ်လာနဲ့ အောက်ကို ယာယီအားဖြင့်သာ ကျဆင်းသွားနိုင်ပါ တယ်။ အိန္ဒိယနိုင်ငံရဲ့မြောက်ပိုင်းဒေသမှာ ကုန်ကြမ်းဈေးက လက်ရှိ ထက်မြင့်မှသာ ၄ ဒေါ်လာနဲ့အထက် မြင့်လာနိုင်မယ်လို့မှန်းရကြောင်း လည်းသိရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ FOB တစ်ပေါင်ဈေး နှုန်းတွေက  W240  ၃ ဒသမ ၇ - ၃ ဒသမ ၉ ဒေါ်လာ၊ W320 ၃ ဒသမ ၃ - ၃ ဒသမ ၄၅ ဒေါ်လာ ၊ W450/SW 320 ၃ ဒသမ ၁၅ - ၃ဒသမ ၃ ဒေါ်လာ၊ SW360    ၂ ဒသမ ၈၅ - ၃ ဒေါ်လာ၊ Split  နဲ့ Butts က ၂ ဒသမ ၃ - ၂ ဒသမ ၄ ဒေါ်လာဈေးများနဲ့ ရှိနေပြီး အပိုင်းအစများကတော့ ၂ ဒသမ ၀၅ - ၂ ဒသမ ၁၅ ဒေါ်လာရှိနေကြောင်း သိရပါတယ်။မြန်မာနိုင်ငံမှာတော့ လက်ရှိဘဏ္ဍာနှစ်မှာ တင်ပို့မှုက မတ်လ ၂ ရက်နေ့ထိ ၂၁၇၃ တန် တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာ  ၁၃ ဒသမ ၁၅၆ သန်းရရှိခဲ့တာမို့ အရင်ဘဏ္ဍာနှစ်ကာလတူက ၂၀၆၂  တန် တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာ ၈ ဒသမ ၄၅ သန်း သာရရှိခဲ့တဲ့အတွက် ပမာဏမှာ ၁၁၁ တန်နဲ့ ဝင်ငွေရရှိမှုမှာ ၄ ဒသမ ၇၀၆ သန်း ပိုမိုရရှိခဲ့ တာ တွေ့ရပါတယ်။ လက်ရှိမှာ ကုန်ကြမ်းတွေ စတင်ထွက်ရှိနေပြီး ကုန်ကြမ်းတစ်ပိဿာပေါက်ဈေးက ပုသိမ်မှ  ၁၇၀၀ ကျပ် ၊ ထား ဝယ်နဲ့ မြိတ်မှာ ၁၅၀၀-၁၆၀၀ ကျပ်၊ မော်လမြိုင်မှာ ၁၆၀၀-၁၆၅၀ ကျပ်နဲ့ ဈေးစဖွင့်ဝယ်ယူနေကြ တယ်လို့သိရပါတယ်။ လောလော ဆယ် သီဟိုဠ်ဝယ်လက်တွေက ဈေးမြောက်နေလို့ များများစားစား ဝယ်ယူတာ မရှိသေးသလို အချို့မှာ လက်ရှိလည်ပတ်နေတဲ့လုပ်ငန်း များ မရပ်စဲဖို့အတွက် အလုပ်သမားများနဲ့ချိန်ကာ ဈေးညှိနှိုင်းဝယ် ယူနေတယ်လို့လည်း သီဟိုဠ်အသင်းကို မေးမြန်းရရှိပါတယ်။ မြိတ်၊ ထားဝယ်နဲ့ မော်လမြိုင်မှာတော့ သီဟိုဠ်အသီးပွင့်စဉ်က မိုးရွာခဲ့လို့ အထွက်နည်းမယ်လို့ ခန့်မှန်းပြီး ပုသိမ်မှာ အထွက်အားကောင်း မယ်လို့လည်း သိရှိရပါတယ်။ Source:economictimes, hindubusinessline