မြေထောက်ပဲ စိုက်ပျိုးမှုက အကျိုးအမြတ်ရရှိလို့ တိုးချဲ့စိုက်ပျိုးလာ

စစ်တွေမြို့နယ်ရှိ ရေချမ်းပင်ကျေး ရွာဟာ ပင်လယ်ကမ်းခြေနဲ့ နီးစပ်တဲ့ အတွက် ရေလုပ်ငန်းနဲ့သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နေတဲ့ကျေးရွာ တစ်ရွာဖြစ်ပါတယ်။ ယင်းကျေးရွာရှိ လယ်ယာမြေများမှာ သဲဆန်မြေများဖြစ်တဲ့အတွက် မြေအစိုဓာတ်ထိန်းသိမ်းမှု အားနည်း ပါတယ်။ ကောက်စောစပါးများစိုက်ပျိုးပါက ရိတ်သိမ်းချိန်မှာ မိုးမိ တဲ့အတွက် အရည်အသွေးကျဆင်းခြင်း၊ အလေအလွင့်များခြင်းကြောင့် တောင်သူတို့ရဲ့ဝင်ငွေကို ထိခိုက်ပါတယ်။ ဒါကြောင့် သက်တမ်း ၁၃၅ရက်၊ ၁၄၀ရက် အတွင်းရှိ စပါးများကိုသာ စိုက်ပျိုးကြပါတယ်။ စပါးများရိတ်သိမ်းပြီး ဆောင်း သီးနှံများစိုက် ပျိုးရာမှာလည်း မြေအစိုဓာတ်မမီတဲ့အတွက် သီးနှံများပျက်စီးပြီး အရှုံးပေါ်တဲ့လယ်မြေများမှာ ယခင်နှစ် စိုက်ပျိုးရာသီက တောင်သူခြောက်ဦးဟာ မြေထောက်ပဲ နှစ်ဧကကို မျိုးတစ်ဧက တစ်တင်းနှုန်းဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ရာ စိုက်ပျိုးသည်မှ  ရိတ်သိမ်းပြီးတဲ့အထိ ကြားကာလမှာ စိုက်ခင်းကို ရေ နှစ်ကြိမ်သွင်း ခဲ့ရပြီး၊ တစ်ဧက စိုက်ပျိုး ကုန်ကျစရိတ်မှာ ကျပ် ၁ သိန်း ၂ သောင်းဖြစ်ပါတယ်။ တစ်ဧကအထွက် နှုန်းမှာ ၂၄ တင်းထွက်ရှိပြီး တစ်တင်းရောင်းဈေးမှာ ၁၀၀၀၀  ကျပ်ရရှိတဲ့အတွက် အခြားသီးနှံများထက် အကျိုးအမြတ် နှစ်ဆရရှိခဲ့ကြောင်းသိရပါတယ်။ မိမိကျေးရွာရှိ လယ်ယာမြေများမှာ မြေထောက်ပဲစိုက်ပျိုးကာ   အကျိုး အမြတ်ရှိတာကို သိရှိတဲ့ အတွက် ယခုနှစ်စိုက်ပျိုးရာသီမှာ တောင်သူ ၂၆ ဦးမှ မြေထောက်ပဲ ၁၄ ဧက စိုက်ပျိုးထား ရှိကြောင်း သိရှိရပါတယ်။ သီးနှံများ ရိတ်သိမ်းပြီးနောက် အခြားသီးနှံစိုက်ပျိုးခြင်းထက် အကျိုးအမြတ်ပိုမိုရရှိပါက နီးစပ်ရာကျေးရွာများရှိ တောင်သူများပါ တိုးချဲ့စိုက်ပျိုးထုတ်လုပ်လာကြမှာ ဖြစ်ပါတယ်။ စိုက်ပျိုးဧက များပြားလာပါက မြေထောက်ပဲဈေးကွက်တစ်ခုကို ဖော်ဆောင်ပေးရန်လိုအပ်နေပြီဖြစ်ပါတယ်။ကျော်ညွန့်