Main menu

Background

မုံရွာနယ်က သရက်ခြံရှင်တွေ သရက်ကင်းက ဝင်ငွေရနေ

Tue, 03/13/2012 - 06:54 -- Anonymous (not verified)

မြန်မာတို့ရဲ့ ထမင်းပွဲမှာ မပါမဖြစ်တဲ့ အချဉ်ဟင်းအတွက် ရာသီစာဖြစ်တဲ့ မရမ်းသီးနုကို ပုစွန်ခြောက်၊ မြေပဲဆန်တို့နဲ့ ထောင်းခြင်း၊ သုပ်စားခြင်းဖြင့် ထမင်းကို မြိန်စေတတ်ပါတယ်။ ဒါပေမယ့် အညာဒေသမှာက မရမ်းပင်ဖြစ်ထွန်းမှု နည်းပါးလို့ အောက်ပြည်က သယ်ယူရောင်းချမှုကိုသာ ဝယ်စားကြရတယ်လို့ ရှားပါးချိန်မှာ တစ်ဆယ်သား တစ်ထောင့်ငါးရာကျပ်ထိ ဈေးပေါက်ခဲ့ပါတယ်။ သာမန်မိသားစုတွေ စားဖို့ အလှမ်းဝေးတဲ့အတွက် ဈေးလည်းသက်သာတဲ့ ဒေသထွက်သရက်ကင်းကိုဘဲ မရမ်းသီးအစား ဖြည့်စွက်စားသုံးကြပါတယ်။အခုချိန်မှာ မုံရွာနယ်တစ်ဝိုက်ရှိ သရက်ခြံတွေက သရက်တွေခူးဆွတ်ပြီး၊ လက်ကားဈေးမှာ နေ့စဉ်ဝင်ရောက်နေသလို သရက်ခြံရှင်တွေအနေနဲ့ လေတိုက်လို့ ကြွေနိုင်တဲ့ သရက်ကင်းတွေ ခူးဆွတ်ပြီး၊ ဈေးကွက်ရှိရာ မုံရွာကို တင်ပို့ဖြစ်တဲ့အတွက် အပိုဝင်ငွေရရှိလျက်ရှိတယ်လို့ ခြံရှင်တစ်ဦးက ပြောပါတယ်။  လောလောဆယ်မှာ ၁ လက်မအရှည် အရွယ်ရှိတဲ့ သရက်ကင်းတစ်လုံးကို ၂၀ ကျပ်ရလို့ စိုက်ပျိုးထိန်း သိမ်းစရိတ်နဲ့ မိသားစုစရိတ်ကို ဖြည့်ဆည်းပေးနေတယ်လို့ သိရပါတယ်။မုံရွာနယ်ရဲ့ ကျောက်တိုင်သရက်မျိုး အဓိကစိုက်ပျိုးထွက်ရှိရာ မုံရွေး၊ ကြေးမှုံ ရွာက သရက်ခြံပိုင်ရှင်တွေ အနေနဲ့ လူနဲ့လုပ်အား အချိန်မပေးနိုင်သူတွေက သရက် သီးပွဲစားတွေထိ အပင်ပြတ်၊ ခြံပြတ်၊ ရောင်းချနေတာ တွေ့ရပါတယ်။ ကြေးမုံရွာက အပင် ၃၂ ပင်ရှိတဲ့ သရက်ခြံရှင်ပြောပြချက်အရ မနှစ်ကသရက်တစ်ပင်ကို တစ်နှစ် အတွက် ကျပ်တစ်သောင်းမှ သုံးသောင်းထိရပြီး၊ ခြံအလိုက်ဖြတ်ဈေးကတော့ အပင် ရေနဲ့ အသီးထွက်ရှိမှုကိုခန့်မှန်းပြီး တစ်ခြံကို ကျပ်သုံးသိန်းမှ ၁၀ သိန်းထိရတယ်လို့ သိရပါတယ်။ သရက်သီးပွဲစားတွေက သရက်ခြံပိုင်ရှင်တွေရဲ့ ခြံကို ပြုစုထားပုံပေါ် မူတည်ပြီး၊ အသီးရရှိမှုတွက်ဆကာ ဈေးအနိမ့်အမြင့်ခွဲခြားပြီး၊ ဈေးဖြတ်ခြင်း ဖြစ် တယ်လို့ အဆိုပါခြံပိုင်ရှင်ကပြောပြပါတယ်။ သူ့အနေနဲ့ ဒီရာသီအစမှာဘဲ သရက် ကင်းရောင်းရငွေဟာ ကျပ် ၅ သောင်းခန့်ရရှိလို့ ခြံပြုစုရကျိုးနပ်တယ်လို့ ဆိုပါတယ်။ ထွန်းလှိုင်