ထောပတ်သီးတင်ပို့မှုနှင့် ဈေးကွက်အလားအလာ
ထောပတ်သီး အမျိုးအစားများ
ကမ္ဘာပေါ်တွင် ထောပတ်သီး(Avocado) အမျိုးအစားနှင့် မျိုးကွဲပေါင်း ရာနှင့်ချီ၍ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် Hass, Fuerte, Reed, Pinkerton, Bacon, Zutano စသည့် မျိုးကွဲများကို အဓိကထား စိုက်ပျိုးကြသည်။ ထောပတ်သီး မျိုးများကို အဓိကအားဖြင့် မက္ကဆီကိုမျိုးရင်း (Mexican)၊ ဂွါတီမာလာမျိုးရင်း(Guatemalan)နှင့် အနောက်အိန္ဒိယမျိုးရင်း (West Indian) ဟု မျိုးရင်းကြီးသုံးမျိုး ခွဲခြားလေ့ရှိသည်။
Hass သည် Guatemalan နှင့် Mexican မျိုးရင်းတို့ ပေါင်းစပ်ထားသော မျိုးစပ် (hybrid) ဖြစ်ပြီး အရည်အသွေးကောင်းမွန်ခြင်း၊ သယ်ယူပို့ဆောင်ရာတွင် အထားခံခြင်းနှင့် ဈေးကွက်ဝယ်လိုအားမြင့်မားခြင်းတို့ကြောင့် ကမ္ဘာတစ်ဝန်း စီးပွားဖြစ် စိုက်ပျိုးရောင်းချမှုတွင် အဓိက နေရာယူထားသော ထောပတ်သီးမျိုးကွဲတစ်မျိုးဖြစ်သည်။
ကမ္ဘာ့ထောပတ်သီးစိုက်ပျိုးမှု
ထောပတ်ပင်၏ မျိုးရင်းဒေသသည် မက္ကဆီကိုနိုင်ငံတောင်ပိုင်းဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကရှိခဲ့သော အပင်အမျိုးအစားဖြစ်ပြီး ပီရူးနိုင်ငံ၊ အမေရိကန်နိုင်ငံတို့သို့ မျိုးစေ့ကူး စိုက်ပျိုးခြင်းဖြင့် ကမ္ဘာအနှံ့ပျံ့နှံ့လာခဲ့သည်။ မက္ကဆီကိုနိုင်ငံ (Mexico) သည် ကမ္ဘာပေါ်တွင် ထောပတ်သီးအများဆုံးထုတ်လုပ်သောနိုင်ငံဖြစ်ပြီး ကမ္ဘာ့ထုတ်လုပ်မှုပမာဏ၏ လေးပုံတစ်ပုံခန့်ကိုနိုင်ငံတကာဈေးကွက်သို့အမြောက်အမြားတင်ပို့လျက်ရှိသည်။ ကိုလံဘီယာနှင့် ပီရူးနိုင်ငံများတွင်လည်း အများဆုံး စိုက်ပျိုးထွက်ရှိပြီး အရှေ့တောင်အာရှတွင် ထောပတ်သီးကို အင်ဒိုနီးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အများဆုံး စိုက်ပျိုးထွက်ရှိလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ထောပတ်သီး စိုက်ပျိုးမှု
မြန်မာနိုင်ငံတွင် ထောပတ်သီးကို တောင်ပေါ်ဒေသများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း) နှင့် ပြင်ဦးလွင်စသည့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်လင်တို့တွင် လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုတို့တွင် လည်းကောင်း စိုက်ပျိုးကြသည်။
ထောပတ်ပင်များသည် နှစ်ရည်သီးနှံပင်များဖြစ်ပြီး အချိန်သုံးနှစ်ကြာမှ စတင်အသီးသီးသည်။ မြန်မာနိုင်ငံတွင်လက်ရှိအများဆုံးစိုက်ပျိုးသော ထောပတ်သီးမျိုးကွဲမှာ Hass ဖြစ်ပြီး မြန်မာနိုင်ငံ၏ ထောပတ်သီးစိုက်ဧက စုစုပေါင်း ခန့်မှန်း ဧက ၂၅၀၀၀ တွင်Hass မျိုးကွဲတစ်မျိုးတည်းအတွက် ဧက ၂၀၀၀၀ ခန့်ရှိပြီး စုစုပေါင်းစိုက်ဧက၏ ၈၀ ရာခိုင်နှုန်းခန့်ကို စိုက်ပျိုးကြောင်း သိရှိရသည်။ Buccaneer(ဘူကာနီယာ) သည် ဒုတိယအများဆုံး စိုက်ပျိုးသော မျိုးကွဲတစ်ခုဖြစ်ပြီး 034/ Booth 7/ Amara စသည့် မျိုးကွဲများလည်း စိုက်ပျိုးကြသည်။
ထောပတ်သီးတွင် ပါဝင်သော အာဟာရဓာတ်များ
ထောပတ်သီးတွင် ဗီတာမင် A, C, E, K နှင့် B အုပ်စုဝင်များ၊ ပိုတက်စီယမ်၊ ဖောလစ်အက်စစ်၊ သံဓာတ်နှင့် ဇင့်ဓာတ်စသည့် ဗီတာမင်နှင့် သတ္တုဓာတ်များပါဝင်ပြီး နှလုံးနှင့်သင့်လျော်သော Monounsaturated Fatty Acid (MUFA) ခေါ် ကျန်းမာရေးနှင့် ညီညွတ်သော အဆီဓာတ်နှင့် အမျှင်ဓာတ်များစွာပါရှိသည်။
ထောပတ်သီး(Avocado)သည် အာဟာရဓာတ်ကြွယ်၀ပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပါရှိသော အသီးတစ်မျိုးဖြစ်ပြီး အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် အစာခြေစနစ်ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်း၊ အဆီဓာတ်နှင့် သွေးတွင်းအဆီဓာတ်ကိုကျဆင်းစေပြီး နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည့်အပြင် လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန် လျော့ကျစေခြင်း၊ အသားအရေကို စိုပြည်စေခြင်း နှင့် အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း၊ ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း၊ အဆစ်ရောင်ဝေဒနာကိုသက်သာစေခြင်းတို့ကိုအထောက်အကူပြုခြင်း၊ အမြင်အာရုံကို ကောင်းမွန်စေခြင်း၊ သန္ဓေသားလောင်းကို ကာကွယ်ပေးခြင်းနှင့် ခန္ဓာကိုယ်၏ အာဟာရစုပ်ယူမှုကို ပိုမိုကောင်းမွန်စေခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိသည်။
ကုန်ချောအဖြစ်ထုတ်လုပ်ခြင်း
ထောပတ်သီးသည် အသားထူထူ၊ နူးညံ့သောအသားအရသာနှင့် ကျန်းမာရေးအတွက် အကျိုးပြုသည့် အဆီဓာတ်များပါဝင်ခြင်းကြောင့် လူကြိုက်များသော အသီးတစ်မျိုးဖြစ်ပြီး ထောပတ်သီးကို အသီးအဖြစ်သာမကဖျော်ရည်အဖြစ်သောက်သုံးခြင်း၊ပေါင်မုန့်နှင့် အခြားအစားအစာများတွင် ထည့်သွင်းအသုံးပြုခြင်း၊ ထောပတ်ဆီထုတ်လုပ်ခြင်းနှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းစသည့် ကုန်ချောပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုလျက်ရှိသည်။
မြန်မာနိုင်ငံမှ ထောပတ်သီးတင်ပို့မှုအခြေအနေ
မြန်မာ့ထောပတ်သီးများကို ထိုင်း၊ တရုတ်၊ ဒူဘိုင်း (ယူအေအီး) နှင့် စင်ကာပူနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိသည်။ ထိုင်းနိုင်ငံက ယခုနှစ်တွင် မြန်မာ၊ လာအိုနှင့် ဗီယက် နမ်တို့မှ ထောပတ်သီးတင်သွင်း မှုကို လုံးဝရပ်ဆိုင်းခဲ့ပြီး သက် ဆိုင်ရာဌာန များအနေဖြင့်လည်း ထိုင်းနိုင်ငံသို့ ထောပတ်သီးတရားဝင် တင်ပို့နိုင်အရန်အတွက်လိုအပ်သော ပိုးမွှားအန္တရာယ်ခွဲခြမ်းစိတ်ဖြာမှု (PRA) ရရှိရေးကို အရှိန်မြှင့်ဆောင်ရွက်နေပြီး တရုတ်နိုင်ငံသို့ တင်ပို့ရာတွင်လည်း တရားဝင်ကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် တင်ပို့နိုင်ရန်အတွက် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် သစ်သီးဝလံအသင်း (MFVP/ MAVO) တို့မှ တရုတ်နိုင်ငံ အထွေထွေအကောက်ခွန် အာဏာပိုင်အဖွဲ့ (GACC) နှင့် အပင်ကျန်းမာရေးနှင့် ပိုးမွှားကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက် (SPS Protocol) ရရှိ ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ထောပတ်သီးများကို နှစ်စဉ်ပြည်ပသို့ တင်ပို့လျက်ရှိပြီး ၂၀၂၃ -၂၀၂၄ ဘဏ္ဍာ နှစ်တွင် တန်ချိန် ၇၆၃၈ ဒသမ ၅ တန်၊ တန်ဖိုး ၄ ဒသမ ၂၀၁ ဒေါ်လာသန်း၊ ၂၀၂၄ -၂၀၂၅ဘဏ္ဍာနှစ်တွင် တန်ချိန် (၈၁၈၀ ဒသမ ၅ တန်၊ တန်ဖိုး ၄ဒသမ ၅၂၆ ဒေါ်လာသန်းနှင့် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တန်ချိန် ၁၂၉၇၃ ဒသမ ၄၉ တန်၊ တန်ဖိုး ၇ ဒသမ ၁၅ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ထောပတ် သီးများဆက်လက်တင်ပို့ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိရာမြန်မာနိုင်ငံမှထောပတ်သီးကုန်သည်များနှင့် ထိုင်းနိုင်ငံဘက်မှကုန်သည်များတွေ့ဆုံညှိနှိုင်းခဲ့ပြီး နိုဝင်ဘာလအတွင်းထိုင်းနိုင်ငံသို့ ထောပတ်သီးများ တင်သွင်းခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံသို့ ထောပတ် သီး တင်သွင်းခွင့်ပြုထားသော နိုင်ငံလေးနိုင်ငံရှိပြီး မြန်မာ နိုင်ငံမှ ထောပတ်သီးများ ငါးနိုင်ငံမြောက် တရားဝင်တင်သွင်း ခွင့်ရရှိစေရေးနှစ်ဖက်နိုင်ငံ ထောပတ်သီးကုန်သည်လုပ်ငန်း ရှင်များက အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်း
