မကွေးဈေးကွက်မှ နှမ်းနှင့် ပဲဈေးနှုန်းများ
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက်စသည့် ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့နယ်တို့မှ ထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ အခြားပဲမျိုးစုံနှင့် နှမ်းမျိုးစုံတို့ မကွေးဈေးကွက်သို့ ဝင်ရောက်ရောင်းဝယ်လျက်ရှိသည်။
နှမ်း
အောက်တိုဘာလစတုတ္ထပတ်တွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၁၇၄၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၇၅၀၀၀၊ နှမ်းနက်(စမုန်)တစ်တင်း လျှင် ကျပ် ၂၁၅၀၀၀၊ နှမ်းညိုကျား တစ်တင်းလျှင် ကျပ် ၁၇၂၀၀၀၊ ရိုးရိုးနှမ်းနက်တစ်တင်းလျှင် ကျပ် ၁၉၅၀၀၀ဖြစ်၍ ယခင်တစ်ပတ်နှင့် နှိုင်း ယှဉ်ပါက နှမ်းနီ ကျပ် ၁၀၀၀၊ နှမ်းဖြူ ကျပ် ၂၀၀၀ ဈေးကျခဲ့ပြီး နှမ်းနက်(စမုန်) ကျပ် ၈၀၀၀၊ ရိုးရိုးနှမ်းနက် ကျပ် ၅၀၀၀ ဈေးမြင့်တက်လာကြောင်း၊ ဒေသတွင်း ဆီ စက်များနှင့် ရန်ကုန်၊ မန္တလေးရှိ ကုန်သည်ကြီးများမှ အဝယ်လိုက်၍ ဈေးနှုန်း မြင့်တက်ခြင်းဖြစ်ကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ နှမ်း အိတ်ရေ ၁၁၅၀၀၊ ရန်ကုန်မြို့သို့ နှမ်းအိတ်ရေ ၂၀၀၀ တင်ပို့ခဲ့ကြောင်း သိရသည်။
ကုလားပဲ
အောက်တိုဘာလ စတုတ္ထပတ်တွင် ကုလားပဲ(HL)တစ်တင်းလျှင် ကျပ် ၇၉၅၀၀၊ ကုလားပဲ (929) တစ်တင်းလျှင် ကျပ် ၈၁၂၀၀ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကုလားပဲဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်အေးကြောင်း၊ လက်ကျန်ပဲ များသာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ ၂၀၀၀ တင်ပို့ခဲ့ကြောင်း သိရသည်။
ပဲစင်းငုံ
အောက်တိုဘာလ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၁၁၆၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ ယခုအချိန်တွင် ဒေသတွင်း၌ ပဲစင်းငုံစိုက်ပျိုးချိန်ဖြစ်၍ လက်ကျန်ပဲများသာဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ပတ်အတွင်းမကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ ၁၀၀၀ တင်ပို့ခဲ့ကြောင်း သိရသည်။
ပဲတီစိမ်း
အောက်တိုဘာလ စတုတ္ထပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ ၅၀၀၊ ရန်ကုန်မြို့သို့ အိတ်ရေ၅၀၀ တင်ပို့ခဲ့ကြောင်းသိရသည်။
မြေပဲ
အောက်တိုဘာလ စတုတ္ထပတ်တွင် မြေပဲလုံးဆန်နီ တစ်ပိဿာလျှင် ကျပ် ၁၄၅၀၀၊ လုံးဆန်ဖြူ တစ်ပိဿာလျှင် ကျပ်၁၃၁၀၀၊ အောက်ကျဆီ ဆန် တစ်ပိဿာလျှင် ကျပ် ၁၀၉၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီကျပ် ၁၈၀၀၊ လုံးဆန်ဖြူ ကျပ် ၃၀၀ ဈေးနှုန်း မြင့်တက်လာကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှရန်ကုန်မြို့သို့ အိတ်ရေ ၂၀၀၀ တင်ပို့ခဲ့ကြောင်း သိရှိရသည်။
ရဲမင်းသာ(မကွေး)
