အရောင်စုံကုန်သွယ်ရေးပုံစံများ၏ ဝိသေသလက္ခဏာများနှင့် ဆက်နွှယ်မှုများ
အရောင်တင်စားချက်များနှင့် ကုန်သွယ်မှုပုံစံများ
ကမ္ဘာ့ကုန်သွယ်မှုသည် ခေတ်အဆက်ဆက်ကျင့်သုံးသည့်မူဝါဒများ၊ နည်းပညာများနှင့် ပထဝီနိုင်ငံရေး ပြောင်းလဲမှုများအပေါ်မူတည်၍ ပုံသဏ္ဌာန်အမျိုးမျိုးပြောင်းလဲလျက်ရှိသည်။
ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ၊ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းမှု၊ ကျန်းမာရေးနှင့် လူမှုဘဝဖူလုံမှု၊ တရားဝင်မှုစသည့် ဝိသေသလက္ခဏာများအပေါ် မူတည်၍ ကုန်သွယ်မှုပုံစံများကို အရောင်တင်စားချက်များဖြင့် အမျိုးအစားခွဲခြားသုံးနှုန်းလာကြသည်။ ကုန်သွယ်မှု၏သဘောသဘာဝ၊ ဦးတည်ချက်နှင့် မူဝါဒအလိုက် ခွဲခြားသတ်မှတ်ထားသော ရောင်စုံကုန်သွယ်ရေးပုံစံများ၏ လုပ်ဆောင်ချက်သည် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ရည်မှန်းချက်များအပေါ်သက်ရောက်လျက်ရှိသည်။
အစိမ်းရောင်ကုန်သွယ်ရေး (Green Trade)
အစိမ်းရောင်ကုန်သွယ်ရေးဆိုသည်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှု စိန်ခေါ်မှုများကိုရင်ဆိုင်ရန် ပတ်ဝန်းကျင်ဆိုင်ရာကုန်စည်နှင့် ဝန်ဆောင်မှုများကိုနိုင်ငံဖြတ်ကျော်ကူးသန်းရောင်းဝယ်ခြင်းဖြစ်ပါသည်။အဓိကအားဖြင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာများ၊ လေအားလျှပ်စစ်တာဘိုင်များ၊ ဆိုလာပြားများနှင့် ကာဗွန်လျှော့ချရေး နည်းပညာများကို ရောင်းဝယ်ခြင်းဖြစ်သည်။
၂၀၀၁ ခုနှစ်မှစ၍ တိုးတက်လာခဲ့သော ကမ္ဘာ့အစိမ်းရောင် ကုန်စည်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ထရီလီယံအထိ ရောက်ရှိလာသည်။ သမားရိုးကျ ကုန်သွယ်မှုထက် ပိုမိုမြန်ဆန်စွာ ကြီးထွားလာခဲ့ရုံမျှမက ကာဗွန်ထုတ်လွှတ်မှုကို သိသာစွာ လျှော့ချပေးခြင်း၊ စိမ်းလန်းသော နည်းပညာများ ပြန့်ပွားစေခြင်းနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေသည်။ ထို့အပြင် ပြည်တွင်းစက်မှုလုပ်ငန်းများကို ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်စေရန် အထောက်အကူပြုပါသည်။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက်မူ နည်းပညာအဆင့်မြှင့်တင်ရန်ခက်ခဲခြင်းနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကာဗွန်အကောက်ခွန်မူဝါဒများကြောင့် ကုန်သွယ်မှု အတားအဆီးများ ကြုံတွေ့ရနိုင်သည်။
အပြာရောင်ကုန်သွယ်ရေး (Blue Trade)
အပြာရောင်ကုန်သွယ်ရေးဆိုသည်မှာ ၁၉၉၄ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် သမုဒ္ဒရာနှင့် ရေအရင်းအမြစ်များကို ရေရှည်တည်တံ့အောင် စီမံခန့်ခွဲ၍ စီးပွားရေးတန်ဖိုးမြှင့်တင်သည့် ကူးသန်းရောင်းဝယ်မှုဖြစ်သည်။ ငါးဖမ်းလုပ်ငန်း၊ အဏ္ဏဝါဇီဝနည်းပညာ၊ ခရီးသွားလုပ်ငန်းနှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးတို့ပါဝင်ကာ လူဦးရေ သန်း ၆၀၀ ခန့်၏ အသက်မွေးဝမ်းကျောင်းမှုကိုပံ့ပိုးပေးထားသည်။ ယင်းကုန်သွယ် ရေးသည် ကမ်းရိုးတန်းဒေသရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ကမ္ဘာ့ဈေးကွက်ဝင်ရောက်ခွင့်၊ အလုပ် အကိုင်နှင့် စားနပ်ရိက္ခာဖူလုံမှုကို မြှင့်တင်ပေးနိုင်သည်။ ကမ်းရိုးတန်းနိုင်ငံများအတွက် ရေရှည်တည်တံ့သော စီးပွားရေးအင်ဂျင်သစ်ဖြစ်သည်။ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံခြားဝင်ငွေကိုလည်း တိုးတက်စေသည်။ သို့သော် ဂေဟစနစ်ပျက်စီးမှု၊ညစ်ညမ်းမှု၊ ရာသီဥတုပြောင်း လဲမှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်ကြီးမားခြင်းစသည့် စိန်ခေါ်မှုများရှိနေသည်။
မီးခိုးရောင် ကုန်သွယ်ရေး (Gray Trade)
မီးခိုးရောင်ကုန်သွယ်ရေးဆိုသည်မှာ မူရင်းထုတ်လုပ်သူ၏ခွင့်ပြုချက်မပါဘဲ ဈေးနှုန်းသက်သာသော ဈေးကွက်မှ စမတ်ဖုန်း၊ ဆေးဝါးနှင့် အလှကုန် စသည့် ကုန်စည်များကို ဝယ်ယူ၍ ဈေးနှုန်း မြင့်မားသော ဈေးကွက်တွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချ သော ကုန်သွယ်မှုပုံစံဖြစ်သည်။ ယင်းလုပ်ငန်းစဉ်သည် စားသုံးသူ များအတွက် မူရင်းကုန်စည်များကို သက်သာသော ဈေးနှုန်းဖြင့် ရရှိစေပြီး ဈေးကွက်ပြိုင်ဆိုင်မှုကို ပိုမိုအားကောင်းစေကာ ထပ်ဆင့် အမြတ်ခွဲဝေမှု ပြဿနာများကို လျော့ပါးစေသည်။ သို့ရာတွင် ထုတ်လုပ်သူများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်း၊ တရားဝင်ကိုယ်စားလှယ်များ၏ အမြတ်အစွန်းအပေါ် ထိခိုက်စေခြင်းနှင့် ထုတ်ကုန်အဆင့်မြှင့်တင်မှုမူဝါဒများကို ဟန့်တားစေခြင်းတို့ ဖြစ်ပေါ်စေသည်။ စားသုံးမှုကို မြှင့်တင်ပေးနိုင်သော်လည်း တရားဝင်ရင်းနှီးမြှုပ်နှံသူများ၏ စိတ်အားထက်သန်မှုကိုလျော့ကျစေသည်။
အနက်ရောင် ကုန်သွယ်ရေး(Black Trade)
အနက်ရောင်ကုန်သွယ်ရေးသည် တရားမဝင်မှောင်ခိုကုန်သွယ်မှုဖြစ်သည်။ မှောင်ခိုဈေးကွက်မှတစ်ဆင့် စည်းမျဉ်းများနှင့် ဥပဒေများကို ချိုးဖောက်ကာ လျှို့ဝှက်စွာလုပ်ဆောင်သော တရားမဝင်ကူးသန်းရောင်းဝယ်မှုဖြစ်သည်။ မူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ထားသောကုန်စည်များကို ခိုးထုတ်ရောင်းချခြင်းများပါဝင်သည်။ ကမ္ဘာလုံးဆိုင်ရာ တရားမဝင်စီးပွားရေးသည် တစ်နှစ်လျှင် ပျမ်းမျှတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ထရီလီယံမှ ၂ ဒသမ ၂ ထရီလီယံရှိသည်။ ယင်းကုန်သွယ်မှုသည် တရားဝင်စီးပွားရေးကို ဖျက်ဆီးခြင်း၊ နိုင်ငံ၏ အခွန်ဘဏ္ဍာဆုံးရှုံးစေခြင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများကို ဘဏ္ဍာငွေထောက်ပံ့ပေးခြင်းစသည့် ဆိုးကျိုးများစွာရှိသည်။ တိုင်း ပြည်စီးပွားရေးအတွက် စနစ်တကျ လုပ်ဆောင်နေသော တရားဝင် ဈေးကွက် တည်ငြိမ်မှုကို ပျက်ပြားစေပြီးဒေသတွင်းမလုံခြုံမှုနှင့် ကုန်သွယ်ရေးအဆင့်အတန်းကျဆင်းမှုများကိုလည်း ဖြစ်ပေါ်စေသည်။
အညိုရောင်ကုန်သွယ်ရေး (Brown Trade)
အညိုရောင်ကုန်သွယ်ရေးသည်ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့သော ရုပ်ကြွင်းလောင်စာများအပေါ် အလွန်အကျွံမှီခိုပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသော စက်မှုကုန်ထုတ်လုပ်ငန်းများကို ကူးသန်းရောင်းဝယ်ခြင်းဖြစ်သည်။ အဆိုပါစနစ်သည် ကာဗွန်ထုတ်လွှတ်မှုကိုဖြစ်ပေါ်စေပြီး ဇီဝမျိုးကွဲများကို ပျက်စီးစေသည်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးမူဝါဒများကြောင့် ယင်းကုန်စည်များ၏ကုန်သွယ်မှုသည် အနာဂတ်တွင် တဖြည်းဖြည်းလျော့နည်းလာနိုင်သည်။ စွမ်းအင်အသွင်ကူးပြောင်းမှုမပြုလုပ်နိုင်သောနိုင်ငံများအတွက် စီးပွားရေးအရဆုံးရှုံးနိုင်ခြေမြင့်မားစေနိုင်သည်။
အနီရောင် ကုန်သွယ်ရေး (Red Trade)
အနီရောင်ကုန်သွယ်ရေးတွင် ကွဲပြားသော အယူအဆနှစ်ခုရှိသည်။ ပထမအယူအဆမှာ သဘာဝအရင်းအမြစ်များကို အကန့်အသတ်မရှိဟု ယူဆကာ ပတ်ဝန်းကျင်ဆိုင်ရာ ထည့်သွင်းစဉ်းစားမှုမရှိဘဲကုန်စည်များကိုအလုံးအရင်းဖြင့် ထုတ်လုပ်သောသမားရိုးကျကုန်ထုတ်လုပ်ငန်းများ ဖြစ်သည်။ ဒုတိယအယူအဆမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ၊သွေးနှင့်ကိုယ်တွင်းကလီစာများကို ကူးသန်းရောင်းဝယ်ခြင်းဖြစ်ပြီး ၎င်းကို "အနီရောင်ဈေးကွက်" ဟု ခေါ်ဆို သည်။ ကိုယ်တွင်းကလီစာ တရားမဝင်ကူးသန်းရောင်းဝယ်မှုသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၈၄၀ သန်းမှ ၁ ဒသမ ၇ ဘီလီယံ အထိ ရှိပြီး အဓမ္မခေါင်းပုံဖြတ်ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြစ်ပေါ်စေသည်။
လိမ္မော်ရောင် ကုန်သွယ်ရေး (Orange Trade)
ဖန်တီးမှုဆိုင်ရာ စီးပွားရေးဟုလူသိများသော လိမ္မော်ရောင်ကုန်သွယ်ရေးသည် လူသားတို့၏ တီထွင်ဖန်တီးမှု၊ ယဉ်ကျေးမှုနှင့် မူပိုင်ခွင့်များကို အခြေခံသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရောင်းဝယ်ခြင်းဖြစ်သည်။ ရုပ်ရှင်၊ ဂီတ၊ ဖက်ရှင်၊ ဆော့ဖ်ဝဲနှင့် အွန်လိုင်းဂိမ်းများပါဝင်ပြီး နှစ်စဉ်ကမ္ဘာလုံးဆိုင်ရာဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံကျော်အထိရှာဖွေပေးသည်။ ၎င်းသည် သဘာ၀သယံဇာတများကို မပြုန်း တီးစေဘဲ ရေရှည်တည်တံ့သောစီးပွားရေးဖွံ့ဖြိုးမှုကိုဖြစ်စေပြီး ကမ္ဘာလုံးဆိုင်ရာ တီထွင်ဖန်တီးမှု ထုတ်ကုန်ညွှန်းကိန်းနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်။
ငွေရောင် ကုန်သွယ်ရေး (Silver Trade)
ငွေရောင်ကုန်သွယ်ရေးသည် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ လူမှုဘဝနှင့် စားသုံးမှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့်ကုန်စည်နှင့် ဝန်ဆောင်မှုများဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်များတွင် ဂျပန်နိုင်ငံ၌ စတင်ခဲ့ပြီး ဥရောပသမဂ္ဂတွင် ယူရို ၃ ဒသမ ၇ ထရီလီယံ ခန့်နှင့် တရုတ်နိုင်ငံတွင်ယွမ် ၇ ထရီလီယံအထိဈေးကွက်ပမာဏရှိသည်။ နည်းပညာနှင့် ကျန်းမာရေးကဏ္ဍတွင် ဆန်းသစ်တီထွင်မှုများကို ဖြစ်ပေါ်စေပြီး သက်ကြီးရွယ်အိုများ၏ ဘဝအရည်အသွေးကို မြှင့်တင်ပေးသည်။ သို့သော်ရေရှည်တွင် လုပ်သားအင်အားရှားပါးမှုနှင့် ဂျီဒီပီတိုးတက်မှုနှေးကွေးခြင်းစသည့် စိန်ခေါ်မှုများကို ကြုံတွေ့နိုင်သည်။
ရွှေရောင်ကုန်သွယ်ရေး (Golden Trade)
ရွှေရောင်ကုန်သွယ်ရေးသည် ကမ္ဘာ့စီးပွားရေးစနစ်တွင် ရှေးယခင်ကာလများမှစ၍ ယနေ့ခေတ်တိုင်အောင် အရေးအပါဆုံးနှင့် ခိုင်မာမှုအရှိဆုံးသောကဏ္ဍတစ်ခုဖြစ်သည်။ ယင်းကုန်သွယ်ရေးတွင် ရွှေတုံး၊ ရွှေခဲနှင့် လက်ဝတ်ရတနာများကဲ့သို့သော ရွှေများကိုတိုက်ရိုက်ရောင်းဝယ် ဖောက်ကားခြင်းများသာမက စတော့ရှယ်ယာများ၊ ကြိုတင်စာချုပ်များ၊ ဒစ်ဂျစ်တယ်ရွှေနှင့် ရွှေအခြေခံရင်းနှီးမြှုပ်နှံမှုစသည့် ခေတ်မီဘဏ္ဍာ ရေးဆိုင်ရာကိရိယာများမှတစ်ဆင့် ရောင်းဝယ်ခြင်းများပါ ကျယ်ပြန့်စွာပါဝင်သည်။ ယနေ့ခေတ် ဒစ်ဂျစ်တယ် နည်းပညာများ တိုးတက်လာမှုကြောင့် အွန်လိုင်းပလက်ဖောင်းများမှ တစ်ဆင့်နိုင်ငံတကာဈေးကွက်များသို့ အချိန်နှင့်တစ်ပြေးညီ အလွယ်တကူ ချိတ်ဆက်ကုန်သွယ်လာနိုင်သည်။ သို့ဖြစ်ရာ"ရွှေရောင်ကုန် သွယ်ရေး"သည် နိုင်ငံများ၏ စီးပွားရေးအင်အားကို တိုင်းတာသည့် အဓိကအညွှန်းကိန်းတစ်ခုအဖြစ်သာမ က တစ်ဦးချင်းအတွက် အယုံကြည်ရဆုံးသော ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တစ်ခုအဖြစ်ပါ ကမ္ဘာတစ်ဝန်းတွင် ဆက်လက်ရှင်သန်ကြီးထွားလျက်ရှိသည်။
အဖြူရောင် ကုန်သွယ်ရေး (White Trade)
အဖြူရောင်ကုန်သွယ်ရေးဆိုသည်မှာနိုင်ငံ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဝင်မှတ်ပုံတင်ထားပြီး အခွန်အခများကိုအပြည့်အဝ ပေးဆောင်ကာ ပွင့်လင်းမြင်သာမှုရှိစွ ဆောင်ရွက်သော တရားဝင်ကုန်သွယ်မှုလုပ်ငန်းစဉ်ဖြစ်သည်။ မှောင်ခိုနှင့် တရားမဝင်ကုန်သွယ်မှုများ ကင်းစင်ပြီး ကုန်သွယ်မှုစည်းမျဉ်းများကို တိကျစွာလိုက်နာသောကြောင့် နိုင်ငံအတွက်ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများကို တိကျမှန်ကန်စွာ ရရှိစေသည်။ ထို့အပြင် တရားဝင် လမ်းကြောင်းမှ ဝင်ရောက်လာသောကြောင့် စားသုံးသူများအတွက် ကုန်ပစ္စည်းအရည်အသွေးနှင့်ဘေးကင်းလုံခြုံမှုကို အာမခံနိုင်သကဲ့သို့ နိုင်ငံတကာစီးပွားရေးအသိုက်အဝန်းတွင်လည်း ယုံကြည်စိတ်ချရသော ကုန်သွယ်မှုပတ်ဝန်းကျင်ကိုတည်ဆောက်နိုင်စေသည်။ အဖြူရောင်ကုန်သွယ်ရေးသည် တရားဥပဒေစိုးမိုးမှုနှင့် စီးပွားရေးဆိုင်ရာစံချိန်စံညွှန်းများကို အလေးထားလိုက် နာခြင်းဖြင့် နိုင်ငံ၏စီးပွားရေးတည်ငြိမ်ဖွံ့ဖြိုးမှုကိုအဓိကအထောက်အကူပြုသော အရေးပါသည့် တရားဝင်စီးပွားရေးယန္တရားတစ်ခုဖြစ်သည်။ အရောင်စုံကုန်သွယ်မှုစနစ်များ၏ ဆက်နွှယ်မှုများ အစိမ်းရောင်၊ အပြာရောင်၊ လိမ္မော် ရောင်၊ ငွေရောင်၊ ရွှေရောင်နှင့် အဖြူရောင်တို့ကို စွမ်းအင်သစ်နှင့် အနာဂတ်မျှော်လင့်ချက်တို့အား ကိုယ်စားပြုသော ကုန်သွယ်ရေး ဆိုင် ရာ အရောင်များအဖြစ် တင်စားကြသည်။ အခြားတစ်ဖက်တွင်အနက်ရောင်၊ မီးခိုးရောင်၊ အညိုရောင်၊ အနီရောင်တို့ကို စိန်ခေါ်မှုနှင့် အမှောင်ဘက်ခြမ်းတို့အား ကိုယ်စားပြုသော ကုန်သွယ်ရေးဆိုင်ရာ အရောင်များအဖြစ် သတ်မှတ်ကြသည်။ အရောင်အလိုက် သတ် မှတ်ထားသော ကုန်သွယ်မှုပုံစံများသည် တစ်ခုနှင့်တစ်ခု သီးခြားစီ ရပ်တည်နေခြင်းမဟုတ်ဘဲ အပြန်အလှန် ဆက်နွှယ်မှုရှိနေကြသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ရာတွင် ယင်းကဏ္ဍများ အကြား ဆက်စပ်မှုကို စနစ်တကျနားလည်ရန် လိုအပ်သည်။
အရောင်စုံစီးပွားရေးကို ဦးတည်ခြင်း
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုအတွက် အဖြူရောင်ကုန်သွယ်ရေးဟုခေါ်ဆိုနိုင်သည့် တရားဝင်ပွင့်လင်းမြင်သာသော ကုန်သွယ်မှုပုံစံကို အားကောင်းအောင်တည်ဆောက်ရမည်ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေး၏ အရောင်အမျိုးမျိုးကို စနစ်တကျနားလည်ပြီး မျှတကောင်းမွန် သောအရောင်စုံစီးပွားရေးကိုတည်ဆောက်ခြင်းဖြင့်သာ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ မျက်မှောက်ခေတ်နိုင်ငံတကာ ကုန်သွယ်မှုတွင် အရောင်အမျိုးမျိုးဖြင့် ခွဲခြားထားသော စီးပွားရေးပုံစံများသည် တိုင်းပြည် စီးပွားရေးအတွက် ကွဲပြားသော စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများ ကို ပေးစွမ်းလျက်ရှိသည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များကို အောင်မြင်စွာအကောင်အထည်ဖော်ရန်အတွက် မျှတကောင်းမွန်ပြီး တရားဝင်သောအရောင် စုံစီးပွားရေးကို စနစ်တကျ တည်ဆောက်ရန် လိုအပ်သည်။
ညီညီအောင်
WTO
