Main menu

Background

ငါးအတင်အချ ဆိပ်ခံတံတားနှစ်ခု EU စစ်ဆေးမှုအောင်မြင်

Thu, 01/28/2010 - 10:03 -- Anonymous (not verified)

   မြန်မာနိုင်ငံမှ ရေထွက် ကုန်ပစ္စည်းများကို ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများသို့တင်ပို့နိုင်ရန်အတွက် ပြည်ပနိုင်ငံများမှ ပညာရှင်များ ငှားရမ်း၍ အီးယူလိုအပ်ချက် အတိုင်း ပြုပြင်ဆောင်ရွက်ကာ စစ်ဆေးမှုခံယူခဲ့သည့် ငါးအတင်၊ အချဆိပ်ခံ တံတား ၂ ခုမှာ အီးယူ အဖွဲ့၏ စစ်ဆေးမှုအောင်မြင်ခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့က အီးယူက ထုတ်ပြန်ကြေညာခဲ့သည်။    ''အီးယူစစ်ဆေးမှုအောင်မြင်ခဲ့တဲ့ ဆိပ်ခံတံတားနှစ်ခုက ရွှေဇင်ယော်ဟိန်းနဲ့ ငွေပင်လယ်တို့ပါ။ အဲဒီဆိပ်ခံတံတားတွေနဲ့အတူ အစစ်ဆေးခံခဲ့တဲ့ စက်ရုံ ၈ ရုံလုံးလည်း အီးယူစစ်ဆေးမှုအောင်မြင်ခဲ့ပါတယ်။ ဒီလိုအောင်မြင်ဖို့အတွက် ပြည်ပကပညာရှင် နှစ်ဦး ငှားရမ်းအသုံးပြုခဲ့ရပါတယ်။ ပညာရှင်နှစ်ဦးက ငါးလုပ်ငန်းဦးစီးဌာနက ဝန်ထမ်းတွေကို သင်တန်းတွေပေးခဲ့သလို စစ်ဆေးခံမယ့် ပုဂ္ဂလိ ကစက်ရုံတွေကိုလည်း အီးယူလိုအပ်ချက်အတိုင်း ဝန်ထမ်းတွေကို လေ့ကျင့်ပညာပေးတာတွေလုပ်ပေးခဲ့ပါတယ်။ အဲဒီလို ပြင်ဆင်ပြီး တဲ့နောက် အောက်တိုဘာလထဲမှာ အီးယူရဲ့ စစ်ဆေးမှုကိုခံယူခဲ့ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာ အီးယူနိုင်ငံတွေကိုတင်ပို့နိုင်တဲ့ နိုင်ငံ စာရင်းတွေ အီးယူအဖွဲ့ကထုတ်ပြန်တဲ့အခါ မြန်မာနိုင်ငံပါဝင်လာခဲ့ပါတယ်။ အသေးစိတ်စာရင်းကိုတော့ ဇန်နဝါရီ ၁၈ ရက် ကျမှ ထုတ်ပြန်ခဲ့ပါတယ်'' ဟု ရေထွက်ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူတစ်ဦးကပြောပြသည်။   အဆိုပါ ဆိပ်ခံတံတား နှစ်ခု နှင့်အတူ အစစ်ဆေးခံခဲ့သည့် ရွှေဇင်ယော်ဟိန်း သင်္ဘော ၁ စင်း၊ စက်ရုံ ၈ ရုံတို့လည်း အီးယူစစ်ဆေးမှု အောင်မြင်ခဲ့ကြောင်းသိရသည်။  ခင်မျိုးသွယ်