Main menu

Background

တစ်ပတ်အတွင်း ပြည်တွင်းပဲဈေးကွက်သတင်း

Sun, 01/10/2010 - 09:34 -- Anonymous (not verified)

 

 

မတ်ပဲဈေးအကျနဲ့အရောင်းအဝယ်ဖြစ်
    မတ်ပဲကကုန်သည်ထံမှာ ပစ္စည်းလက်ကျန်နည်းနေပြီး သိုလှောင်ထားတဲ့ကုန်သည်အချို့က ထုတ်ရောင်းနေပေမယ့် ဝယ်ရောင်း ကုန်သည်အချို့က လာမည့်ကာလတွင် မတ်ပဲ(သစ်)တွေ ဈေးကွက်သို့ဝင်လာရင် ဈေးကွက်အနေအထားအရ ဈေးကျမှစိုးရိမ်ပြီး ဝယ်ယူမှုတွေရှိနေတာကြောင့် ဘုရင့်နောင်မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့က မတ်ပဲ RC တစ်တန်ကို ၉၃၄ဝဝဝ ကျပ်ရှိရာက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ၉၃၂ဝဝဝ ကျပ်သို့ ဈေးဆင်းခဲ့ပြီး ဒီဇင်ဘာ ၃ဝ ရက်နေ့မှာ ၉ဝဝဝဝဝ ကျပ်သို့ ထပ်မံဈေးကျခဲ့တာတွေ့ရပါတယ်။ မန္တလေးမှာ မတ်ပဲ(သစ်)တွေကို ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်တွေက ပဲခွဲခြမ်းပြုလုပ်ရန်အတွက် ဈေးကွက်စဖွင့်ချိန်ဖြစ်တဲ့ ဒီဇင်ဘာ၂၈ ရက်နေ့မှာ တစ်ပိဿာကို ၁၄၆၇ ကျပ်ဖြင့် အဝယ်ရှိပေမယ့် နောက်ပိုင်းမှာ လက်ရှိပေါက်ဈေးထက် ဈေးလျှော့ ဝယ်ယူမှုတွေရှိလို့

ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ၁၄၃၃ ကျပ်သာ ရှိပါတော့တယ်။ မုံရွာမှာ မတ်ပဲ(သစ်)များ ဈေးကွက်သို့အဝင်ပုံမှန်ရှိပြီး ပဲခွဲခြမ်းပြုလုပ်ရန် ဝယ်ယူသူများ အထိုက်အလျောက်ဘဲ ဝယ်ယူမှုရှိတာကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တစ်ပိဿာကို ၁၄၅ဝ ကျပ်ရှိရာက ဒီဇင်ဘာ ၃ဝ ရက်နေ့မှာ ၁၄၁၅ ကျပ်သို့ ဈေးဆင်းခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက် နေ့မှာတော့ ၁၃၅ဝ ကျပ်အထိ ထပ်မံ ဈေးကျလာကာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြို့ပေါ်လက်လီပြန် ရောင်းချသူများကလည်း အဝယ် အနည်းငယ်ရှိပေမယ့် ဈေးကအကျဘက်မှာ ရှိနေတယ်လို့ မြို့ခံကုန်သည်ကြီးတစ်ဦးကဆိုပါတယ်။
ပဲစင်းငုံနီ ကျရိပ်သန်းပြီး အရောင်းအဝယ်ဖြစ်
    ပဲစင်းငုံနီ(သစ်)ကို မုံရွာမှာ ရန် ကုန်အတွက်ဝယ်ယူတဲ့ကုမ္ပဏီများက ဈေးကွက်အဝင်ရှိသလောက် ဝယ်ယူမှုရှိခဲ့ပေမယ့် ဈေးကတော့ ကျရိပ်သန်းနေ တယ်လို့ သိရပါတယ်။ မကွေးမှာ ပဲစင်း ငုံနီကို ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ် မူတည်ပြီး ဈေးလျှော့ဝယ်ယူမှုတွေရှိတာကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့က တစ်ပိဿာကို ၁၄၅ဝ ကျပ် ရှိရာက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ၁၄၂၅ ကျပ်သို့ဈေးကျခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့မှာတော့ ၁၃၆၅ ကျပ်အထိ ထပ်မံ ဈေးကျလာခဲ့ပါတယ်။ မန္တလေး ဈေးကွက်မှာ ပဲစင်းငုံနီက ဈေးကွက်သို့ လှိုင်လှိုင်မဝင်သေးသော်လည်း ရန်ကုန် ဝယ်လက်နဲ့ သိုလှောင်မည့်သူများက ဈေးပေးအဝယ်နည်း တာကြောင့် ဒီဇင် ဘာ ၂၈ ရက်နေ့မှာ တစ်ပိဿာကို ၁၄၂၅ ကျပ်ရှိရာက ဒီဇင်ဘာ၂၉ ရက်နေ့မှာ ၁၄ဝဝ ကျပ်သို့ ဈေးကျခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့မှာတော့ ၁၃၉၂ ကျပ်အထိ ထပ်မံဈေးကျလာခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးကပြောပါတယ်။ ပခုက္ကူမှာ ပဲစင်းငုံနီဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်မှုရှိသလို သိုလှောင်မည့်သူများကလည်း အဝယ်အထိုက်အလျောက်ရှိခဲ့တယ်လို့ မြို့ခံ ကုန်သည်များကဆိုပါတယ်။
ပဲတီစိမ်းဈေးကျပြီး အရောင်းအဝယ်အေး
    ပခုက္ကူမှာ ပဲတီစိမ်းလုံးကြီးထက် ပဲတီစိမ်းလုံးသေးကို ရန်ကုန်ဝယ်လက် ဝယ်ယူမှုရှိခဲ့ပေမယ့် ဈေးကအကျဘက် သို့ ဦးတည် နေကြောင်း သိရပါတယ်။ ဈေးကျလာတဲ့အကြောင်းကတော့ ကုန်သည်ထံမှာ ပစ္စည်းလက်ကျန်နည်းလာသလို Exportအတွက် ဝယ်ယူနေတဲ့ ကုန်သည်ကြီးများကလည်း လက်ရှိ ပေါက်ဈေးထက် ဈေးလျှော့ဝယ်ယူမှု တွေရှိတာကြောင့်လို့ ပဲကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်းကြီးထိပ်စနဲ့ ပဲနောက်ကို ရန်ကုန်ဝယ်လက်က အဝယ်အေးလို့ ဒီဇင်ဘာ ၂၈ ရက်နေ့က ပဲတီစိမ်းသေးတစ်ပိဿာကို ၁၈ဝဝ ကျပ်ရှိရာက တရိပ်ရိပ်ဈေးဆင်းလာရာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ၁၇၂၅ ကျပ်အထ ိသာရှိပါတော့တယ်။ မန္တလေးမှာ ပဲတီစိမ်းကြီး ဈေးကွက်သို့ဝင်ရောက်မှုပမာဏနည်းသလို ရန်ကုန်အတွက် ဝယ်ယူနေတဲ့ ကုမ္ပဏီ ကြီးများကလည်း ဝယ်ယူမှုနည်းတာကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့ က တစ်ပိဿာကို ၁၈၁၃ ကျပ်ရှိရာက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ၁၇၇၈ ကျပ်သို့ ဈေးကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့မှာတော့ ၁၆၈၉ ကျပ်သို့ ထပ်မံဈေးကျဆင်းလာကာ အရောင်းအဝယ် ဖြစ်မှုပမာဏနည်းခဲ့တယ်လို့ ပဲပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။
ကုလားပဲဖြူလုံးကြီး အဝယ်အေးလို့ ဈေးဆင်းလာ
    ကုလားပဲဖြူလုံးကြီးကို ပဲခွဲခြမ်းပြုလုပ်ရန် ဝယ်ယူသူများက ရောင်းသူကုန်သည်များ ရောင်းချတဲ့ဈေးကိုမကြိုက်လို့ ပခုက္ကူ ဈေးကွက်မှာ တစ်ပိဿာကို ၉၆၈ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့သိရပါတယ်။ မန္တလေးမှာ ကုလားပဲဖြူ လုံးကြီးက ရောင်းသူကုန်သည်များထံတွင် ပစ္စည်းလက်ကျန်နည်းသလို ခွဲစက်လုပ်ငန်းရှင်တွေကလည်း အထိုက်အလျောက်သာ အဝယ်ရှိလို့ ဒီဇင်ဘာ ၂၈ ရက်နေ့က တစ်ပိဿာကို ၉၈၇ ကျပ်ရှိရာက ဒီဇင်ဘာ၂၉ ရက်နေ့မှာ ၉၉၆ ကျပ်သို့ ဈေးအနည်းငယ် မြင့်ခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ၉၈၇ ကျပ်သို့ ဈေးပြန်ဆင်းလာခဲ့တယ်လို့သိရပါတယ်။ မုံရွာမှာ ကုလားပဲဖြူလုံးကြီးကို သိုလှောင်ထားသူအချို့ အရောင်းများသလို ပဲခွဲခြမ်းပြုလုပ်ရန် ဝယ်ယူသူများကလည်း အဝယ်အသင့်အတင့်ရှိတာကြောင့် ဈေးအတက်အကျနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။