Main menu

Background

ပြည်ပဈေးကွက်ခြေဆန့်တော့မယ့် ဧည့်မထ ၂၅ မှတ်ကောက်သစ်များ

Wed, 11/25/2009 - 05:44 -- Anonymous (not verified)

  အောက်တိုဘာလကတည်းက ကောက်စောစပါးတွေ တစ်ဖြည်းဖြည်းပေါ်လာပြီး အသစ်ကြိတ်ခွဲတဲ့ ဆန်တွေဈေးကွက်ကို ဝင်ရောက် လာပြီဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းဈေးကွက်ကတစ်ဆင့် ပြည်ပသို့ ဆန်တင်ပို့ခြင်းလုပ်ကိုင်လျက်ရှိတဲ့ ကုမ္ပဏီများက ဝယ်လက် နိုင်ငံများသို့ တင်ပို့ရောင်းချရန် စီစဉ်နေပြီဖြစ်ပါတယ်။ ပဲခူးတိုင်း (အနောက်ပိုင်း) ရှိ ဧည့်မထ ၂၅ မှတ်  (ကောက်သစ်) ဆန်များကို Sun Myanmar International Impex Co.Ltd မှ ဆန်တန်ချိန် ၁၅၀၀၀ ဝယ်ယူစုဆောင်း၍ စင်္ကာပူ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သွားမှာဖြစ်ပြီး၊ ပြည်မြို့နယ်မှ ဆန်တန်ချိန် ၅၀၀၀၊ သဲကုန်းမြို့နယ်မှ ဆန်တန်ချိန် ၅၀၀၀၊ ပေါင်းတည်မြို့နယ်မှ ဆန်တန်ချိန် ၅၀၀၀ တို့ကို အသီးသီးဝယ်ယူစုဆောင်းတင်ပို့ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။    ပဲခူးတိုင်းအနောက်ပိုင်းမှာ မိုးစပါးစိုက်ဧက ၁၂ သိန်း ၆ သောင်းကျော်ရှိပြီး ယခုနိုဝင်ဘာ တတိယပတ်အထိ ရိတ်သိမ်းပြီးဧက ၆ သိန်း ၂ သောင်းကျော်မှာ အထွက်နှုန်း ၇၆ တင်းကျော်နဲ့ စပါးအထွက်တင်း သိန်း ၅၀၀ လောက်ထွက်ရှိနေပြီဖြစ်ပါတယ်။ ယခုအချိန်မှာ ဆန်ဖြန့်ဖြူးရောင်းချရာ၌ ပြည်တွင်းစားဆန် ဧည့်မထအလတ်စ ၂၅ ရာခိုင်နှုန်းဆန်များကို အများဆုံးဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ Export တန်းဝင်ဆန်များကို ဒီဇင်ဘာလလောက်မှာ ဝယ်ယူစုဆောင်းကြိတ်ခွဲပြီး မန္တလေးတိုင်းဘက်မှ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ ရန် စီမံဆောင်ရွက်သွားမယ့် ကုမ္ပဏီများလည်းရှိကြောင်းသိရပါတယ်။    ယခုနိုဝင်ဘာ ၁၉ ရက် ပြည်မြို့ရဲ့ ဆန်ဈေးကွက်အနေဖြင့် ဧည့်မထ (ဟောင်း) တစ်တင်းခွဲတစ်အိတ်လျှင် ၁၅၀၀၀-၁၇၀၀၀ ကျပ်၊ ဧည့်မထ (သစ်)တစ်အိတ် ၁၂၀၀၀-၁၃၀၀၀ ကျပ်ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပေါ်ဆန်းဆန်မှာ ၂၁၀၀၀-၂၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်အေးနေကြောင်းသိရပါတယ်။ ဆန်စီးဆင်းမှုအနေဖြင့် ယခင်အောက်တိုဘာ ၁ ရက်မှ ၁၈ ရက်အတွင်း အခြားတိုင်းသို့ အိတ်ရေ ၈ သောင်းကျော်သာတင်ပို့ခဲ့ပြီး ယခု ဆန်သစ်နဲ့လက်ကျန်ဆန်ဟောင်း ၂ ခုပေါင်းရဲ့ ဈေးကွက်ဝယ်လိုအားကောင်းနေတဲ့ အတွက် နိုဝင်ဘာ ၁ ရက်မှ ၁၈ ရက်အထိ ရန်ကုန်၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကို စုစုပေါင်းအိတ်ရေ ၁ သိန်း ၃ သောင်းကျော် တင်ပို့မှုရှိပြီး၊ ၎င်းတို့ထဲမှ ရန်ကုန်ကို အိတ်ရေ ၁ သိန်း ၂ သောင်းကျော်တင်ပို့မှုရှိကြောင်းသိရပါတယ်။