Main menu

Background

မန်ကျည်းမှည့်အရောင် မပြောင်းရအောင်

Fri, 01/29/2010 - 04:02 -- Anonymous (not verified)

    မန်ကျည်းမှည့်ဆိုတာ မြန်မာအိမ်ရှင်မများရဲ့ လက်သုံးတော်ဟင်းခတ် ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ငါးလေး ချဉ်ရည်ဟင်းပဲ ချက်ချက်၊ အိုးကပ်လေးပဲ ချက်ချက်၊ မန်ကျည်းသီးချဉ်စပ်ပဲ လုပ်လုပ်၊ ချဉ်ရည်ဟင်းပဲ ချက် ချက် ဗာရီယအလွန်အသုံးဝင်ပါတယ်၊ တို့ဟူးသုတ်၊ အသုတ်စုံစတဲ့လမ်းဘေးစားသောက် ဆိုင်တွေကအစ၊ ဆိုင်ကြီးတွေအဆုံး မန်ကျည်းမှည့်မပါမပြီး၊ အလွန်အသုံးကျတဲ့ ဟင်းခတ်ပစ္စည်းဖြစ်ပါတယ်။    ဒါကြောင့် အိမ်ရှင်မတွေဈေးဝယ်ထွက်ရင် လတ်ဆတ်သန့်ရှင်းပြီး အရောင် အသွေးလှပတဲ့ မန်ကျည်း မှည့်ကို ရှာဖွေဝယ်ရပါတယ်။ ဒါပေမဲ့ ဈေးထဲမှာရောင်းချနေတဲ့ မန်ကျည်းမှည့်တွေက အမည်းရောင် သန်းနေပြီး     ဝါညိုရောင် သန်းနေတဲ့မန်ကျည်းမှည့် ရရှိဖို့ အခက်အခဲတွေ့ရတတ်ပါတယ်။ ကုန်ပစ္စည်းရဲ့ သဘောသဘာဝအရ အချိန်ကြာတာနဲ့အမျှ အရည်အသွေး အရောင်ပြောင်းတတ်ပါတယ်။ ဒါကိုမန်ကျည်း မှည့် ထုတ်လုပ်သူ၊ ဖြန့်ဖြူးရောင်းချသူ၊ လက်လီလက်ကားရောင်းဝယ်သူတွေ သိကြပေမဲ့အခြေအနေအရ မတတ်နိုင်ကြဘူး။ မန်ကျည်းပင်ရဲ့ မွေးရပ်ဇာတိမြေဟာ အိန္ဒိယဖြစ်တယ်လို့ ပြောပေမဲ့ အများသဘောတူ လက်ခံထားကြ တာတော့ အာဖရိကပါဘဲ။ ဆူဒန်၊ အီသီယိုပီးယား၊ ကင်ညာ၊ တန်ဇာနီးယား၊ ဆီနီဂေါ နိုင်ငံတွေမှာ ပျံ့နှံ့ပေါက်ရောက်ပြီး အဲဒီကမှတစ်ဆင့် တောင်အာရှနဲ့ အရှေ့တောင်အာရှကို ပျံ့နှံ့လာတာ နှစ်ပေါင်း အတော်ကြာပြီလို့ သိရပါတယ်။ မန်ကျည်းပင်ငယ်တွေဟာ စသီးစမှာတစ်ပင်ကို မန်ကျည်း သီး၂၀မှ ၃၀ကီလိုဂရမ်ထိ ထွက်ရှိပြီး နှစ်၂၀သက် တမ်းရှိတဲ့အပင်ကြီးတွေ ဆိုလျှင်၁၅၀မှ၂၀၀ကီလိုဂရမ်ထွက်ရှိနိုင် ပါတယ်။ မျိုးကောင်းမျိုးသန့်များဆို လျှင်တစ်ပင်ကို မန်ကျည်းသီး ၄၅၀မှ ၈၀၀ကီလိုဂရမ်ထွက်ရှိပါတယ်။ မန် ကျည်းသီးများရင့်မှည့်ပါက ခူးဆွတ် ပြီးအခြောက်ခံကာ အခွံချွတ်ခြင်း၊ အမျှင်နှင့်အစေ့များကို ဖယ်ရှားပြီး မကျဉ်းသားဖတ်များကို ပလတ်စတစ်အိတ် (သို့) မြေအိုးများနှင့်သိုလှောင် သိမ်းဆည်းလေ့ရှိပါတယ်။    မန်ကျည်းမှည့်မှာ Phenolic ကွန်ပေါင်းတွေ တော်တော်များများပါရှိပြီး အများစုကတော့ (Proantho cyanidins) ဓါတ်ဖြစ်ပါတယ်။ ဒါ့အပြင် ascorbic acid နဲ့ tartaric acid တွေ ပမာဏမြင့့််မားစွာပါရှိတာကို တွေ့ရပါတယ်။ ဒီဓါတ်ပေါင်းတွေအားလုံးဟာ လေထုထဲမှာလွယ်လွယ်ကူကူဘဲ အောက်စီဂျင်နဲ့ပေါင်းပြီး ဓါတ်တိုးတယ်၊ (Phenolic) ကွန်ပေါင်းတေ ွဓါတ်တိုးရင် မန်ကျည်းသားဟာ အရောင်မည်းလာ တတ်တယ်။ အခြားသစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေလေထဲမှာ ကြာကြာထားရင် အရောင်မည်းလာတာလည်း ဒီ သဘောပါဘဲ။ ဒီထက်ပိုဆိုးတာက ဓါတ်တိုးခြင်းဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေတဲ့ ဓါတ်ကူပစ္စည်း (oxidative enzymes) တွေရှိနေတာကလည်း ဒီဖြစ်စဉ်ကိုပိုမို မြန်ဆန်စေပါတယ်။ မန်ကျည်းမှည့်မှာကျတော့ အချိန် ကြာလာတာနှင့်အမျှ အရောင်မည်းလာခြင်းဟာ အခြေခံအားဖြင့် အင်ဇိုင်းအကူအညီမပါဘဲနဲ့လည်း ဖြစ် ပေါ်တတ်ပါတယ်၊ (non-enzymatic chemical  reaction) လို့ ခေါ်ပါတယ်၊ ပြီးတော့မန်ကျည်းမှည့် အရောင် မည်းတာဟာ အပူချိန်ပေါ်မှာလည်း အတော်မူတည်ပါတယ်။ အပူချိန် ၁ဝံ စင်တီဂရိတ်လျှော့ချတိုင်း အရောင် မည်းစေတဲ့ ဓါတုဖြစ်စဉ် ၅၀ % လျှော့ကျတယ်လို့ဆိုပါတယ်။ ဒါကြောင့် မန်ကျည်းမှည့်ကိုအေးခဲထားမယ် ဆိုရင်ဓါတ်တိုးနှုံးကျဆင်းပြီး အရောင်အဆင်းကိုလည်း ထိန်းထားနိုင်မှာပါ။ အင်ဇိုင်းအများစုမှာ သူတို့ လှုပ်ရှားနိုင်တဲ့အကောင်းဆုံး အပူချိန်ရှိတာကြောင့် အဲဒီအပူချိန်ကို လျှော့ချမယ်ဆိုရင် အင်ဇိုင်းကြောင့် ဓါတ်တိုးကို လျှော့ချနိုင်ပါပြီ၊ မန်ကျည်းသီးကို အများအပြားစိုက်ပျိုးတဲ့နိုင်ငံတွေမှာတော့ မန်ကျည်းသီး တောင့်ကိုနေလှန်း၊ အခြောက်ခံ၊ အခွံတွေ၊ အစေ့တွေ၊ အမျှင်တွေကိုဖယ်ရှာပြီး အသားကို ပလပ်စတစ်အိတ်(သို့) မြေအိုးတွေနဲ့ သိုလှောင်တတ်ကြပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် မန်ကျည်းမှည့်ဖတ်တွေကို ဆားနဲ့ရော၊ ဖိသိပ်ပြီး ပလပ်စတစ်အိတ်တွေနဲ့ လေလုံထုပ်ပိုးသိမ်းဆည်းကြပါတယ်၊ ဒီပလတ်စတစ်အိတ်တွေဟာ ၅ ကီလို ဂရမ်အလေးချိန်ရှိပြီး ဈေးကွက်သို့ တင်ပို့ရောင်းချကြပါတယ်။ သီရိလင်္ကာ နိုင်ငံမှာလည်း မန်ကျည်း အသားတွေကို အစိုဓါတ်နည်းပြီး မှိုမတက်အောင် ၃-၄ ရက်ခန့်နေလှန်းတယ်၊ ပြီးရင် ဆားနယ်ပြီး မြေအိုးထဲထည့် လှောင်ကြတယ်။ ပြီးရင်အိုးတွေကို ခြောက်သွေ့တဲ့ နေရာ၊ အထူးသဖြင့်မီးဖိုခန်းမှာထားကြ တယ်။ ဒီနည်းနဲ့ တစ်နှစ်လောက် အရည်အသွေးမပျက်၊ အရောင်မပျက် သိုလှောင်နိုင်ကြတယ်။ ဒါပေမဲ့ တစ်နှစ်ကြာလာရင်တော့ အရောင်မည်းလာပြီး အရသာပါ ပြောင်းလာတယ်၊ အရောင်ပြောင်း၊ အရသာ ပြောင်းလာတဲ့အပြင် အသားဖတ်ဟာပျော့လာပြီး စေးကပ်ကပ် ဖြစ်လာတယ်၊ (pectolytic degradation) ခေါ် ပက်တင်အင်ဇိုင်းကြောင့် ဖြစ်လာတာပါ၊ ပြင်ပအစိုဓါတ်ကိုလည်း စုတ်ယူတယ်၊ အထူးသဖြင့်ပူပြီး စွတ်စို တဲ့ ရာသီမှာပိုဆိုးတယ်၊ အပူချိန်လည်းမြင့်မားနေရင် မန်ကျည်းမှည့် အရောင်ပိုပြီး မည်းလာတတ်ပါတယ်။    မန်ကျီးမှည့်ဖတ်ရဲ့ အရည်အသွေး၊ ဈေးနှုံးတွေဟာ သိုလှောင်ချိန်မှာ စနစ်ကျမှု၊ ဂရုတစိုက်ရှိမှုတွေပေါ် မှာ တည်နေပါတယ်။ မန်ကျီးမှည့်ဖတ် တာရှည်အထားခံဘို့ နည်းလမ်းအချို့ ပေါ်ထွက်နေပါပြီ၊ အဲဒီထဲက ထင်ရှားပြီးအသုံးဝင်မဲ့ နည်းလမ်းအချို့ကိုဖေါ်ပြပေးလိုပါတယ်။    ပထမနည်းလမ်းတစ်ခုကတော့ မန်ကျည်းမှည့်ဖတ်တွေကိုရေနွေးငွေ့နဲ့ (၅) မိနစ်လောက် ထိတွေ့စေရ ပါမယ်။ ပြီးရင် အပူူချိန် ၈ဝံ စင်တီဂရိတ်ရှိတဲ့လေပူကို အသုံးပြုပြီး ၂နာရီလောက် အခြောက်ခံ၊ ပလပ်စတစ် အိတ်တွေနဲ့ ထုပ်ပိုးပြီး အခန်းအပူချိန်မှာ သိုလှောင်ရပါတယ်။ ဒီနည်းနဲ့လေးလလောက် အရည်အသွေးလုံးဝမပျက်ဘဲ ထားနိုင်ပါတယ်။ ဒီနည်းနဲ့ခပ်ဆင်ဆင် နောက် တစ်နည်းကတော့ မန်ကျည်းမှည့်ဖတ် တွေကို ရေနွေးငွေ့နဲ့မိနစ်၂၀ကြာလောက် ထိတွေ့စေပြီးအပူချိန်၆ဝံ စင်တီဂရိတ်ရှိတဲ့လေပူနဲ့ ၂ နာရီကြာအောင် အခြောက်ခံပါ၊ ပြီးရင် ကြည်လင်တဲ့ ပလတ်စတစ်အိတ်ထဲထည့်ပြီး ၃ လလောက် အရည်အသွေးမပျက် သို လှောင်နိုင်ပါတယ်။ ရေနွေးငွေ့တွေ၊ လေပူတွေမသုံးဘဲ ကြာရှည်ခံအောင် လုပ်တဲ့နည်းလည်းရှိပါတယ်၊ လတ်လတ်ဆတ်ဆတ် ခူးထားတဲ့ မန်ကျည်းမှည့်ဖတ်တွေကို သိပ်သည်းဆမြင့်မားတဲ့ (polyethene) ပိုလီ အယ်သလင်း ပလတ်စတစ်အိတ်တွေထဲထည့်ပြီး အပူချိန် ၁ဝံ နဲ့အောက်မှာရှိတဲ့ ခြောက်သွေ့တဲ့ နေရာမှာ ထားပါက ၄လမှ၆လ ထိအရည်အသွေးမပျက်၊အရောင်မပျက် ကောင်းစွာထိန်းထားနိုင်ပါတယ်။    မကြာခင်က အိန္ဒိယနိုင်ငံ၊ ကွင်ဘက်တိုးပြည်နယ်ရှိ တမီလ်နာဒူး စိုက်ပျိုးရေး တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိမှု တစ်ခုအရ မန်ကျည်းမှည့်ဖတ်တွေကို ရက်ပေါင်း ၃၃၀လောက် အရည်အသွေး မပျက်သို လှောင်ထားနိုင်တယ်လို့သိရ ပါတယ်။ ဒါပေမဲ့ဒီနည်းက အအေးခန်း လိုပါတယ်၊ မန်ကျည်းမှည့်ဖတ်တွေကို ထူထပ်သိပ်သည်းတဲ့ ပိုလီအယ်သလင်း ပလတ်စတစ်အိတ်ထဲကိုထည့်၊ အတွင်းကလေကို စုတ်ယူပြီး အအေး ခန်းထဲမှာ အပူချိန် ၄ံ စင်တီဂရိတ်မှာ ထားမယ်ဆိုရင် ရက်ပေါင်း ၃၀၀ ကျော်တဲ့အထိ လုံး၀ အရောင် မပြောင်းဘူးလို့ သိရပါတယ်၊ အင်ဇိုင်းတွေကြောင့် အရောင်ပြောင်းတာက ရက်ပေါင်း (၁၂၀) ကျော်လောက် ဆက်လက်ဖြစ်ပေါ်နေပြီးရက်(၁၈၀) ကျော်သွားရင်တော့ ကျဆင်းသွားတတ်ပါတယ်။ ဒါပေမဲ့ (peroxidase  activities) နဲ့အင်ဇိုင်း မပါဘဲအရောင် မည်းလာတာကတော့ သိုလှောင်ချိန်ကြာတာနဲ့အမျှ ဆက်လက် ဖြစ်ပေါ် နေတတ်တယ်လို့လည်းသိရပါတယ်။