Main menu

Background

ကဏန်းပျော့နှင့် နှမ်းနက် ပြည်ပဈေးကွက် ပိုမိုရရှိအောင် ကြိုးပမ်းရမည်

Thu, 07/25/2019 - 15:13 -- journal_editor

အဘက်ဘက်က ယိုယွင်းကျဆင်းနေခဲ့ရသည့် မြန်မာ့စီးပွားရေးသည် လက်ရှိအင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် အမြန်ဆုံး ပြန်လည်ဦးမော့လာနိုင်စေရန်အတွက် ရေတို၊ရေရှည်စီမံကိန်းများ ရေးဆွဲပြီး အကောင်အထည်ေ ဖာ်  ဆောင်ရွက်လာခဲ့သည်။ ထိုသို့ အစိုးရသစ်၏ စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ ကြိုးပမ်း ဆောင်ရွက်လာမှုများမှာ အလုံးစုံ အောင်မြင်မှု ရရှိသည်ဟု မဆိုသာနိုင်သော်လည်း ယခင်ကာလများကထက်စာလျှင် အတော်အသင့် တိုးတက်လာသည် ဟုဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်းများစွာဖြင့် ကုန်သွယ် မှုပြုလုပ်နေသော်လည်း မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံ များမှာ လက်ချိုးရေတွက်၍ပင် ရနိုင်သည်။ မြန်မာနိုင်ငံ သည် အရှေ့ တောင်အာရှ  နိုင်ငံများတွင် ပြည်ပသို့  လယ်ယာထွက်ကုန်ပစ္စည်း အများဆုံး တင်ပို့ရောင်းချနေသည့် နိုင်ငံများထဲတွင် တစ်နိုင်ငံအပါ အဝင်ဖြစ်သည်။ ထိုသို့ ပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့နေ ရာတွင် မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အပြင် အာရှ ဒေသတွင်း နိုင်ငံများနှင့် ဥရောပ၊ အာဖရိကနိုင်ငံများသို့လည်း မြန်မာ့ ထွက်ကုန်များ တင်ပို့နေမှုများ ရှိနေသည်။ လက်ရှိအစိုးရအနေဖြင့် လည်း  မြန်မာ့ထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိနေသည်။

ထို့ကြောင့် ၂၀၁၈ ခုနှစ်အတွင်းက လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သော မြန်မာ့စီးပွားရေးမှာ ယခုအချိန်တွင် တဖြည်းဖြည်းနှင့် ပြန်လည် တည်ငြိမ်မှုများ ရရှိလာပြီး တိုးတက်မှုအတွက် အရှိန်ရလာကြောင်း ၂၀၁၉ ခုနှစ် ဇွန် ၁၈ ရက်တွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင် ခံစာသစ်အရ သိရသည်။  ယင်းအစီရင်ခံစာကို ဇွန် ၁၈ ရက်က ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်သည့် Ecnomic Monitor: Building Reform Momentum အခမ်းအနားတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

       ထုတ်ကုန်ကဏ္ဍ  တိုးမြှင့်ရေးနှင့် အရည်အသွေးမြင့်မားရေး တို့အတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းနေကြသလို ပို့ကုန်များ အဆင် ပြေချောမွေ့စွာ တင်ပို့နိုင်ရေးကလည်း များစွာအရေးကြီးပါသည်။ မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်များကို အဓိကထား တင် ပို့နေသော်လည်း ယခုနောက်ပိုင်းကာလများတွင် ရေထွက်ကုန်ပစ္စည်း များကိုလည်း   ပိုမိုတိုးတက်တင်ပို့နိုင်ရေးကို အလေးထားလာသည် ကို တွေ့ရသည်။ လက်ရှိအချိန်တွင် မြန်မာ့နှမ်းနက်နှင့် မြန်မာ့ရေထွက်ကုန် ကဏန်းတို့ကို တောင်ကိုရီးယားနိုင်ငံသို့ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့မှု များရှိလာသည်။ မြန်မာနိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံသို့ နှမ်း နက်နှင့် ကဏန်းတို့ကို အဓိက တင်ပို့နေေ သာ်လည်း မြန်မာ့ပို့ကုန် ဆန်နှင့်  သရက်သီးတို့ကိုလည်း တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့နိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ် ငန်းရှင်များအသင်းချုပ်   (UMFCCI)) နှင့် Korea Myanmar Research Association (KOMYRA) တို့ ဆွေးနွေးနေကြောင်း UMFCCI အသင်းချုပ်မှ သိရသည်။  မြန်မာနိုင်ငံအနေဖြင့်  တောင်ကိုရီးယားနိုင်ငံသို့ အခွံမာ ကဏန်းများကိုသာမကဘဲ ကဏန်းပျော့များကိုလည်း တင်ပို့လျက်ရှိ နေသည်။ ထိုကဲ့သို့ တောင်ကိုရီးယားနိုင်ငံတွင် ရရှိနေသည့် ကဏန်း ဈေးကွက်ကို ပျောက်ပျက်မသွားရေးအတွက် အရည်အသွေးသတ်မှတ် ချက်နှင့် ကိုက်ညီသည့် ကဏန်းများကို စဉ်ဆက်မပြတ် တင်ပို့နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သလို ဈေးကွက်ချဲ့ထွင်နိုင်ရန်လည်း လုံးပန်းရမည် ဖြစ်သည်။ ၁၀ဝ ဂရမ်အောက် ကဏန်းများ တောင်ကိုရီးယားအပါအဝင် တခြား  ပြည်ပနိုင်ငံများသို့ တင်ပို့နေမှုများကြောင့် ပြည်တွင်း၌ ကုန်ကြမ်းများ ရှားပါး လာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးဝင်းကြိုင်က ဇူလိုင် ၉ ရက်တွင် ပြောကြားထားသည်။

       ဦးဝင်းကြိုင်က ယခုနောက်ပိုင်းတွင် ကဏန်းပျော့ လုပ်ငန်းများ အတွက် ကုန်ရှားလာကြောင်း၊ အခွံမာ ကဏန်းများကို ပြည်ပနိုင်ငံ များသို့ တင်ပို့သည့်အခါတွင် ၁၀ဝ ဂရမ် အရွယ်အစားရှိ ကဏန်းများကိုပါ တင်ပို့မှုများ ရှိလာခြင်းကြောင့် ကုန်ရှားလာကြောင်း၊ ငါးဦးစီး အနေနှင့်  ယခင်ကလည်း ၁၀ဝ ဂရမ်အောက်ဆိုလျှင် မဖမ်းရ၊ မရောင်း ရ၊ ပြည်ပမတင်ပို့ရဟုဆိုပြီး သတ်မှတ်ထားသော်လည်း ၂၀၁၀ ပြည့် နှစ်တွင် လုပ်ငန်းများကို  ဖွင့်ပေး လိုက်ရာ ဒရဟောထွက်ကုန်သည့်အတွက် ကဏန်းပျော့လုပ်ငန်းများမှာ ကုန်ကြမ်းများ ရှားလာရခြင်း ဖြစ်ကြောင်း  ပြောခဲ့သည်။ ကဏန်းပျော့ လုပ်ငန်းမှာ  လုပ်သားအင်အား အများအပြား  အသုံးပြုရ သည့်အတွက် အဆိုပါ လုပ် ငန်းများ တွင်ကျယ်ဖွံ့ဖြိုးလာပါက  အလုပ်အကိုင် အခွင့်အလမ်း များလည်း များပြားလာမည် ဖြစ်သည်။ ထို့အပြင် ပြည်ပဈေးကွက်တွင် အလားအလာကောင်းသည့်  ထုတ်ကုန် ဖြစ်ခြင်းကြောင့်  ပို့ကုန်ကဏ္ဍလည်း တိုးမြင့် လာမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မွေးမြူထုတ်လုပ်နေသည့် ကဏန်းများကို တောင် ကိုရီးယားနိုင်ငံအပြင် တခြား နိုင်ငံအနှံ့အပြားသို့  တင်ပို့နိုင်သည့် အတွက် ဈေးကောင်းရရှိနေပြီး ယခုနှစ်ပိုင်း အတွင်း အရောင်းအမြင့် ဆုံး ထုတ်ကုန်တစ်ခုဖြစ်လာသည်ဟုလည်း သိရပါသည်။ လက်ရှိအချိန် တွင် ပြည်ပ   ပညာရှင်များနှင့် ဒေသခံတို့ပူးပေါင်း၍ ဧရာဝတီတိုင်း   ဒေသကြီးအတွင်း ကဏန်းအမာ သားဖောက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး အောင်မြင်ပါကတစ်ဆင့် ပြန်လည်မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်မည့်အပြင် ဒီရေတောများတွင်လည်း လွှတ်ပေး ရန် ပြင်ဆင်ထားကြောင်းသိရသည်။ ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင်လည်း ကဏန်းပျော့  မွေးမြူရေးလုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ကိုင်လာကြပြီး ရန်ကုန်တိုင်းဒေသကြီးရှိ  ကျောက် တန်းမြို့နယ်တွင်လည်း ကဏန်းပျော့မွေးမြူရေးလုပ်ငန်းများကို လုပ် ကိုင်လျက်ရှိသည်။  ကဏန်းမွေးမြူရေးလုပ်ငန်းများကို ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ  ကျောက်ဖြူမြို့နှင့် သံတွဲမြို့တို့တွင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိ သည်။ထိုသို့ လုပ်ကိုင်နေရာတွင် အရေအတွက်ထက် အရည်အသွေး ကို အဓိကထားရမည်ဆိုသည်ကို  ကောင်းကောင်းနားလည်ရန် လို အပ်ပါသည်။ ထုတ်ကုန်များ အရည်အသွေးကောင်းမှသာ ပြည်ပဈေး ကွက်ကို ရေရှည်ရရှိနိုင်မည်ဖြစ်သည်။

နှမ်းနက်ဈေးကွက်

       ထို့ပြင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် နှမ်း နက်မှာလည်း ပြည်ပဈေးကွက်တွင် နေရာတစ်နေရာ အခိုင်အမာ ရရှိလာခဲ့ပြီဖြစ်သည်။ နှမ်းနက်ကို တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများ သို့ အဓိကတင်ပို့နေ သည်။ အရည်အသွေးကောင်းသည့် နှမ်းနက်စိုက် ပျိုးမှုကို မကွေး၊ မင်းဘူး၊ မင်းလှနှင့် နတ်မောက်မြို့နယ်များတွင် တွေ့ ရမည်ဖြစ်သည်။ နှမ်းအရည်အသွေး  စစ်ဆေးခြင်းကို ထိုင်းနိုင်ငံရှိ ဓာတ်ခွဲခန်းတွင်ပြုလုပ်ပြီး နှမ်းနက်၏ အရည်အသွေး အောင်မြင်မှု ရရှိခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့က လက်ခံ ဝယ်ယူလာခဲ့ခြင်းဖြစ်သည်။ ယခင်က မြန်မာ့တောင်သူကြီးများသည် နှမ်သီးနှံစိုက်ပျိုးရာတွင် နှမ်းကို ရိတ်သိမ်းပြီးနောက် နှမ်းအစည်းများကို မြေပြင်တွင် ထောင် ထားပြီး အခြောက်ခံသည့်စနစ်ကို အသုံးပြုကြသည်။ ထိုသို့ပြုလုပ်မှု မှာ အလေအလွင့်များသည်သာမကဘဲ  အရည်အသွေးပါ ကျဆင်းသည်။ ယခုတွင် ထိုကဲ့သို့ မဟုတ်တော့ဘဲ ရိတ်သိမ်းပြီး နှမ်းအစည်းများကို အမိုးအကာအောက်တွင် တန်းထိုး၍  ချိတ်ဆွဲနေလှန်းလာသည့်အတွက် ဓာတ်ြွကင်းအာနိသင်နည်းကာ အရည်အသွေးကောင်း၊ အရောင်အဆင်းကောင်း သည့် နှမ်းများကို ရရှိစေခဲ့သည်။

     ထိုကဲ့သို့ အရည်အသွေးကောင်းသည့် ကဏန်းပျော့နှင့် နှမ်းနက်များကို ပြည်ပနိုင်ငံများသို့ ရေရှည်တင်ပို့နိုင်မည် ဆိုပါက မြန်မာနိုင်ငံတွင်  အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာမည်ဖြစ်သလို နိုင်ငံ့စီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုလာနိုင်မည်လည်းဖြစ်သည်။  UMFCCI အထွေထွေအတွင်းရေးမှူး ဦးအောင်ကြည်စိုးက တောင်ကိုရီးယား နိုင်ငံကို နှမ်းနက်နှင့် ကဏန်းပျော့တို့ကို တင်ပို့လျက်ရှိကြောင်း၊ ယင်းအပြင် ပို့ကုန်အမယ်သစ်များကိုလည်း  တင်ပို့နိုင်ရန်ကြိုးပမ်းနေကြောင်း၊ တောင်ကိုရီးယားလူမျိုးက အရသာအချိုကို ကြိုက်ကြောင်း၊ ဒါကြောင့် သရက်သီးလို အသီးအနှံမျိုးအပြင်  တခြားထွက်ကုန်များလည်း တင်ပို့နိုင်ရန်လေ့လာသွားမည်ဖြစ်ကြောင်းနှင့် ပို့ကုန်အမယ်သစ် အနည်းဆုံး ၁၀ မျိုးခန့် ပို့နိုင်အောင် ကြိုးပမ်းနေကြောင်း ပြောသည်။

        မြန်မာ့ထွက်ကုန်များအနေဖြင့် Made in Myanmar ဖြစ်ရေးအတွက် အရည်အသွေးကို အဓိကထားရမည်ဖြစ်ပြီး အစား အစာများဆိုလျှင် ဘေးကင်းရန် လိုအပ်သည်။ ထို့ပြင် ထုပ်ပိုးမှုနှင့်  ပို့ဆောင်မှုများတွင်လည်း နည်း စနစ်ကျရန် များစွာလိုအပ် ပါသည်။ ကုန်ပစ္စည်းများကို တင်ပို့မှုအလားအလာ၊ အရည်အသွေးနှင့် တင်ပို့နိုင်မှုအပေါ် ချိတ်ဆက် ဆောင်ရွက်နေပြီး  လက်ရှိ  ကိုရီးယားနိုင်ငံတွင်လည်း Myanmar Trade Centre တစ်ခုကို ဖွင့်လှစ် ၍ မြန်မာ့ထုတ်ကုန်များကို ကြော်ငြာ ရောင်းချခြင်းများကိုလည်း  လုပ်ဆောင်လျက်ရှိနေပြီဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင် ကဏန်းပျော့နှင့် နှမ်းနက်များမှာ ဈေးကွက်ခိုင်မာမှု ရရှိနေပြီဖြစ်သော်လည်း ရရှိ ထားသည့် ဈေးကွက်ကို ပိုမိုခိုင်မာရန်နှင့် ပိုမိုချဲ့ထွင်နိုင်ရန်လိုအပ်သကဲ့သို့ လက်ရှိ အရည်အသွေးထက် သာလွန်ကောင်းမွန်သည့် ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရန် နည်းပညာသစ်များဖြင့်လည်း ပေါင်းစပ်ဆောင်ရွက် ရမည်ဖြစ်သည်။ ကုန်ကြမ်းအဖြစ်မှသည် ကုန်ချောအဆင့်သို့ ပြောင်းလဲထုတ်လုပ် တင်ပို့နိုင်ရန်လည်း ကြိုးပမ်းရမည်ဖြစ်သည်။  ကဏန်း ပျော့နှင့် နှမ်းနက်များကို တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့ တင်ပို့နေနိုင်သည်ကိုသာ ကျေနပ်မနေဘဲ တခြား ပြည်ပဈေး ကွက်များ ပိုမိုရရှိအောင်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းသွားရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

စိန်သံ