Main menu

Background

ခရောင်းလမ်းမှ ကြက်သွန်ဖြူ

Wed, 08/07/2019 - 09:55 -- journal_editor

         လက်ဖက်လေးတစ်ပန်းကန် စားမည်ဆိုလျှင် ကြက်သွန်ဖြူ လေးနှင့်မှ လေကျေပြီး  စားကောင်းသည်ဟု ယူဆမိပါသည်။ အနံ့ လေးသင်းသင်းနှင့် အရသာကောင်းသော ရှမ်းကြက်သွန်ဖြူနှင့် လက်ဖက်ကိုစားချင်သဖြင့် ရှမ်းကြက်သွန်ဖြူကို နွှာရန်ကြိုးစားမိပါသည်။ သို့ရာတွင် ရှမ်းကြက်သွန်ဖြူကနွှာရာတွင် အမြွှာသေးလေးများကြောင့် ခွာရခက်နေသဖြင့် ကြက်သွန်ဖြူမထည့်သော လက်ဖက်တစ်ပန်းကန်ကိုသာ စားခဲ့ဖြစ်သည်။ ကြက်သွန်ဖြူဟု ဆိုသည်နှင့် အရွယ်အစားသေးငယ်သော မြန်မာကြက်သွန်ဖြူနှင့် ရှမ်းကြက်သွန် ဖြူများနှင့် အမြွှာလည်းကြီးမား၊ ခွာရလည်းလွယ်ကူသော ကြူကုတ် ကြက်သွန်ဖြူများကို နှိုင်းယှဉ်မြင်ယောင်မိကြမည်သာဖြစ်ပါသည်။ မြန်မာ အိမ်ရှင်မများကိုမေးကြည့်လျှင် အရသာအားနည်းသော်လည်း၊ ခွာရလွယ်ကူသောကြူကုတ်ကြက်သွန်ဖြူခေါ်တရုတ်မျိုးကြက်သွန် ဖြူများကိုသာ ဝယ်လိုကြ၊ သုံးလိုကြသည်ဟု ၁၀၀ တွင် ၉၀ က ပြော မည်ဖြစ်သည်။ မြန်မာ ကြက်သွန်ဖြူနှင့်ရှမ်းကြက်သွန်ဖြူများသည် အရသာကောင်းမွန်ပါလျက် အမြွှာသေးငယ်မှု၊ ထုတ်လုပ်မှု ကုန်ကျ စရိတ်မြင့်မားမှုတို့ကြောင့် စီးပွားရေးအတွက်ခြေကိုက်မှုကျဆင်းပြီး တောင်သူများအနေဖြင့် တရုတ်မျိုးများ  ပြောင်းလဲစိုက်ပျိုးရန် အား သန်နေသောအခြေအနေကို  တွေ့မြင်နေရပါသည်။    အချို့သော ခရမ်းစွဲခေါ် ကြက်သွန်ဖြူများကိုမူ ထိုင်းနယ်စပ်တွင်ဝယ်ယူသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စိုက်ပျိုး ထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို့ နယ် စပ်မှ ယနေ့တိုင်ရောင်းချနိုင်လျက်ရှိပါသည်။ သို့ဖြစ်သဖြင့် ကြက် သွန်ဖြူနှင့်ပတ်သက်ပြီး မည်သို့ရှေ့ခရီးဆက်ရမည်ကို ရွေးချယ်ရန် လိုအပ်လာပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ ကြက်သွန်ဖြူ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ
        မြန်မာနိုင်ငံတွင် ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင် စိုက်ဧက ၇၀၃၄၉ ရှိပြီး အထွက်တန်ချိန် ၂၁၂၂၇၅၊ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် တွင် စိုက် ဧက ၆၉၆၂၆၊ အထွက်တန်ချိန် ၂၁၂၄၈၂၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် စိုက်ဧက ၇၀၈၇၄ရှိပြီး အထွက်တန်ချိန်မှာ ၂၁၆၃၂၇ တန်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စိုက်ဧကမှာ ၆၈၄၁၉ ဧကရှိပြီး အထွက် တန်ချိန်မှာ ၂၀၆၉၄၄ တန်ရှိသည်ဟုသိရပါသည်။ အဆိုပါ လေးနှစ် စိုက်ပျိုးထုတ်လုပ်မှုကိုကြည့်လျှင် စိုက်ဧကနှင့် အထွက်မှာများစွာ တိုးတက်မှုမရှိသည်ကို တွေ့နိုင်ပါသည်။   စိုက်ပျိုးမှုကို ဒေသအလိုက် ဖော်ပြရလျှင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၉၃၃၀ ဧက၊ ရှမ်းပြည် နယ်မြောက်ပိုင်းတွင် ၁၀၀၄၄ ဧက၊ ရှမ်းပြည်နယ်အရှေ့ ပိုင်းတွင် ၄၈၆၀ ဧကတို့စိုက်ပျိုးမှုရှိပြီး အခြားဒေသအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဧက ၁၀၀၆၀၀ စိုက်ပျိုးထားကြောင်း တွေ့ရပါသည်။ မန္တလေးနှင့် မကွေးတိုင်းဒေသကြီး၊ ကချင်၊ ကယားနှင့် ချင်းပြည်နယ် တို့တွင် ဧကထောင်ဂဏန်းငယ်မျှသာ စိုက်ပျိုးပြီး မြန်မာပြည်အောက် ပိုင်းဒေသများတွင်  စိုက်ပျိုးမှုမရှိကြောင်း တွေ့ရပါသည်။ စိုက်ပျိုး သည့်ကာလမှာ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင်ဖြစ်ပြီး သက် တမ်းမှာ သုံး၊ လေးလခန့်ကြာမြင့်တတ်ပြီး ဖေဖော်ဝါရီလနှင့် မတ်လ များတွင် ထွက်ပေါ်တတ်ပါသည်။

ကြက်သွန်ဖြူ ပြည်ပတင်ပို့မှု
      ကြက်သွန်ဖြူကို၂၀၁၅-၂၀၁၆တွင် တန်ချိန် ၃၃၇၄ ဒသမ ၄၂၀ တန်၊ ၂၀၁၆-၂၀၁၇တွင် ၂၁၁၇ ဒသမ ၁၈၆တန်၊ ၂၀၁၇-၂၀၁၈ တွင်၂၆၈၉ ဒသမ ၃၀၀ တန်၊ ဘတ်ဂျက်ငယ် ၂၀၁၈တွင် ၁၄၈၀ ဒသမ ၀၈၀ တန်နှင့် ၂၀၁၈- ၂၀၁၉တွင် ပထမရှစ်လအတွင်း တန်ချိန် ၃၃၄၅ ဒသမ ၅၅၈ တန်တင်ပို့ထားသည်ကို တွေ့ရပါသည်။ အများစုမှာ ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်သည်။ ယခုနှစ်တွင် ယခင်နှစ်များ ကထက် ပိုမိုတင်ပို့နိုင်သည်ကို တွေ့ရသည်။  အိန္ဒိ ယနိုင်ငံသို့ တန် ချိန် ၆၀၀နီးပါးနှင့် တရုတ်နိုင်ငံသို့ တန် ၈၀ခန့် တင်ပို့ထားသည်ကို တွေ့ရသည်။ ကြက်သွန်ဖြူတွင် ဈေးကောင်းအရဆုံးမှာ ဥတစ်လုံး ကြက်သွန်ဖြူများဖြစ်ကြောင်း  တွေ့ရသည်။ သို့ဖြစ်၍ ဥတစ်လုံး ကြက်သွန်ြ ဖူနှင့် ကြက်သွန်ဖြူကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ် တင်ပို့ခြင်းဖြင့် ကြက်သွန်ဖြူကို ပိုမိုတင်ပို့နိုင်ရေး ဆောင် ရွက်သင့်ပါသည်။

ကမ္ဘာ့ကြက်သွန်ဖြူဈေးကွက်
      ကြက်သွန်ဖြူကို ကမ္ဘာပေါ်တွင် အများဆုံးတင်ပို့သည့် နိုင်ငံ များမှာ တရုတ်နိုင်ငံ၊ စပိန်နိုင်ငံ၊ အာဂျင်တီးနားနိုင်ငံ၊ နယ်သာလန် နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အီတလီနိုင်ငံ၊ ချီလီနိုင်ငံ၊ အီရတ်နိုင်ငံ၊ မလေးရှား နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံ တို့ဖြစ်သည်ဟု သိရပါသည်။ မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၏ ဈေးကွက်သုံးသပ်ချက်အရ  ကြက်သွန်ဖြူကို  တင်သွင်းသော နိုင်ငံ များနှင့် ဆွဲဆောင်မှုအကောင်းဆုံးနိုင်ငံများကို သုံး သပ်တင်ပြထား ချက်အား ဖော်ပြရမည်ဆိုလျှင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘရာဇီး၊ အမေရိကန်၊ မလေးရှား၊ ဂျာမနီ၊ ရုရှား၊ ပြင်သစ်၊ နယ်သာလန်၊ အီတလီ၊ အင်္ဂလန်၊ ဂျပန်၊ ထိုင်း၊ ကနေဒါ၊ ပါကစ္စတန်၊ UAE၊ ဆော်ဒီ အာရေဗီး ယား၊ ဘင်္ဂလားဒေ့ရှ်၊ မက္ကဆီကိုနှင့် ဖိလစ်ပိုင်နိုင်ငံ များဟူ၍ နိုင်ငံပေါင်း ၂၀ ကျော်ရှိပါသည်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှာ အာဆီယံနိုင်ငံအချင်းချင်းဖြစ်သဖြင့် ပထမဦးစားပေးသင့်ပြီး ရုရှားနှင့် အီးယူနိုင်ငံများဖြစ်သော ဂျာမနီ၊ ပြင်သစ်၊ နယ်သာလန်၊ အီတလီ၊ အင်္ဂလန်တို့ကိုလည်း တင်ပို့ရန် ရွေး ချယ်သင့်ကြောင်း တွေ့နိုင်သည်။
       အဆိုပါနိုင်ငံပေါင်း ၂၀မှာ လွန်ခဲ့သော ငါးနှစ်အတွင်း ကြက် သွန်ဖြူတင်သွင်းမှုကို တိုးချဲ့ဆောင်ရွက်ခဲ့သော နိုင်ငံများဖြစ်သဖြင့် တင်ပို့ရန်  ဆက်သွယ်ဆောင်ရွက်သင့်ကြောင်း  ဖော်ပြအပ်ပါသည်။ အာဆီယံနိုင်ငံများတွင် ဗီယက်နမ်သည် ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းမှုတွင် အမေရိကန်ဒေါ်လာ ၃၀၈ သန်းကျော်ဖိုးအထိ တင်သွင်းထားပြီး ယခင်နှစ်ကထက် တိုးတက်တင်သွင်းမှုမရှိခဲ့ဘဲ ၂ ရာခိုင်နှုန်း ခန့် လျော့နည်းခဲ့ပါသည်။ ထိုင်းနိုင်ငံမှာ ၂၀၁၈ ခုနှစ်တွင် သန်း ၄၀ ဖိုးတင်သွင်းခဲ့ပြီး ယခင်နှစ်ကထက် ၃၉ ရာခိုင်နှုန်း အထိတိုးတက်ခဲ့သဖြင့် အလွန်ချိတ်ဆက်သင့်သော ဈေးကွက်တစ်ခု ဖြစ်ပါသည်။ ထို့ပြင် ထိုင်းနိုင်ငံသို့ တာချီလိတ်မှတစ်ဆင့် တင်ပို့မှုလည်းရှိပြီးဖြစ်သဖြင့် ချိတ်ဆက်ရန် အသင့်တော်ဆုံးဈေးကွက်တစ်ခုဖြစ်သည်ဟု ဆိုချင်ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည်လည်း ၂၀၁၈ ခုနှစ်တွင် သန်း ၂၀ဖိုးအထိ တင်သွင်းထားပြီး  ယခင်နှစ်ထက် ၁၆ ရာခိုင်နှုန်းအထိ ပိုမို တင်သွင်းခဲ့ကြောင်း သိရပါသည်။ အဆိုပါ ဈေးကွက်ကြီးသုံးခုသည်ကြက်သွန်ဖြူအတွက်တင်ပို့ရန်အသင့်တော် ဆုံးဈေးကွက်များ အဖြစ် ဆက်သွယ်ဆောင်ရွက်သင့်ပါသည်။
       အီးယူဈေးကွက်မှာ မြန်မာနိုင်ငံနှင့် အဆက်အသွယ်အများဆုံး ရှိသော ဈေးကွက်ဖြစ်ပြီး ဂျီအက်စ်ပီအခွင့်အရေးရရှိထားသော နိုင်ငံ ဖြစ်သဖြင့် အခြားကုန်စည်များ ရောင်းချနေသော ဈေးကွက်တစ်ခုဖြစ်သဖြင့် ရောင်းချသ င့်ကြောင်း အကြံပြုထားပါသည်။ ဂျာမနီနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၈ သန်းအထိ တင်သွင်းထားပြီး ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ထက်ပင် များပြား သည်ကို တွေ့နိုင်ပါသည်။ ယခင်နှစ်က ထက်လည်း ၁၈ ရာခိုင်နှုန်း တိုးတက်တင်သွင်းသည်ကို တွေ့ရပါသည်။ အင်္ဂလန်နိုင်ငံသည်လည်း လက်ရှိတွင် အီးယူနိုင်ငံအုပ်စုထဲတွင် ပါဝင်နေသေးပြီး ၂၀၁၈ ခုနှစ်တွင် သန်းပေါင်း ၅၃ အထိ တင်သွင်းထားပြီး ထိုင်းနှင့် ဖိလစ် ပိုင်ထက် များသည်ကိုတွေ့ရပါသည်။ သို့ဖြစ်၍ အီးယူတွင် ဂျာမနီပြီးလျှင် တင်ပို့သင့်သောနိုင်ငံမှာ အင်္ဂလန်ဖြစ်ပါသည်။ အင်္ဂလန်သည် ယခင် နှစ်ကထက်လည်း ၁၉ ရာခိုင်နှုန်း ပိုမိုတင်သွင်း ထားသည်ကိုတွေ့ရ ပါသည်။ နိုင်ငံ တစ်ခုလျှင် တန်တစ်ထောင်တင်ပို့နိုင်သည် ဆိုလျှင်ပင် အဆိုပါ ၆ နိုင်ငံကို တန် ၆၀၀၀ တင်ပို့နိုင်မည့် အလားအလာ ပေါ် ပေါက်လာမည်ဖြစ်ပါသည်။

စိန်ခေါ်မှုများ
       ရှမ်းကြက်သွန်ဖြူများသည် တဖြည်းဖြည်း အမြွှာများသေးလာပြီး အရွယ်အစားလည်း သေးငယ်လာသဖြင့် တောင်သူများက တွက်ခြေမကိုက်ကြောင်း ပြောဆိုမှုများနှင့် စိုက်ပျိုးမှုအပေါ် အလေးထားဂရုစိုက်မှုလျော့ကျလာ သဖြင့် အထွက်နှုန်းလည်းနည်းပါးလာသည်ဟု ဆိုနိုင်ပါသည်။ တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ်မှာလည်း မြင့်မားလာပြီး အထွက်နှုန်းနှင့် အရွယ်အစားသေးငယ်ပြီး ဈေးမရ သဖြင့် စိုက်ပျိုးမှုကိုအဖြစ်သာ လုပ်တော့ကြောင်း သိ ရသည်။ အဆိုပါ အဖြစ်ကြောင့်ဈေးနှုန်းနှင့် စိုက်ပျိုးမှု အနည်းအများသည် သံသရာ လည်နေပြီး တိုးတက်မှုမရှိတော့သည်ကို တွေ့နေရသည်။  တောင်သူ အချို့မှလည်း ကြူကုတ်ကြက်သွန်ဖြူမျိုးများ စိုက်ပျိုး ထုတ်လုပ်နိုင် ရန် မျိုးတောင်းခံမှုများရှိလာသည်ကို  တွေ့ကြုံနေရသည်။ ထွက်ရှိ လာသည့် ကြက်သွန်ဖြူများသည် အရွယ်အစားသေးငယ်ပြီး အမြွှာ များနေခြင်း၊ အထွက်နှုန်းနည်းပါးခြင်း၊ တစ်ဧက ကုန်ကျစရိတ် များ ပြားခြင်း၊ (စိုက်ပျိုးရေးမှေ ဖာ်ပြချက်တွင် တစ်ဧက ၉၈၂၀၀၀ ကျပ် ခန့်)ကုန်ကျကြောင်း သိရပါသည်။
        မြန်မာကုန်သွယ်မှုမြှင့်တင်ရေး၏ မှတ်တမ်းအရ ၇၁၀၀၀၀ ကျပ်ခန့်ကုန်ကျသည်ဟု ဆိုပါသည်။ သို့ဖြစ်၍ တစ်ပိဿာအတွက် အရင်းငွေသည် ကျပ် ၄၀၀ မှ ၆၀၀ခန့်ကြားတွင် ရှိသည်ဟု ဆိုနိုင်ပါ သည်။ လယ်ယာကျွမ်း ကျင်လုပ်သားရှားပါးခြင်း၊ တောင်သူများမှ ထွက်ရှိသည့်ကြက်သွန်ဖြူအရွယ်အစားကို မကြိုက်နှစ်သက် သဖြင့် ဈေးကွက်ဝင်မျိုးကိုပြောင်းလိုခြင်း၊ ပြည်တွင်းဈေးနှုန်း မတည်ငြိမ် ခြင်းတို့သည် အရေးကြီးသော စိန်ခေါ်မှုများဖြစ်ပါသည်။ ကြက် သွန်ဖြူကို မြန်မာနိုင်ငံမှ တင်ပို့သည့်တန်ချိန်မှာ တန် ၃၀၀၀ ကျော် သာရှိသော်လည်း ပြည်တွင်းသို့   ပြန်လည်ဝင်ရောက်မှုမှာလည်း မနည်းလှသော အခြေအနေရှိပါသည်။  ဝင်ရောက်လာသော ကြက် သွန်ဖြူများမှာ အမြွှာကြီးမားသဖြင့် ဈေးကောင်းရရှိသကဲ့သို့ ပြည် တွင်းဈေးကွက်တွင်လည်း အရောင်းအဝယ်သွက်သည်ကိုတွေ့နေရပါ သည်။

မျိုးဖြန့်ဖြူးမည့်သူများနှင့် ပြန်လည်ဝယ်ယူမည့်သူများ
       တောင်ကြီး ကြက်သွန်ဖြူစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ တင်ပြချက်များတွင် ကြက်သွန်ဖြူမျိုး ပြောင်းစိုက်ပျိုးလိုသူများအတွက် မျိုးပေးပြီး ပြန်ဝယ်ပေးမည့်သူများ လိုချင်ကြောင်း၊ ဈေးကောင်းလည်းရလိုကြောင်း၊    တောင်သူများ တွက်ခြေကိုက်သည့် ကြက်သွန်ဖြူမျိုးဖြန့်ဖြူးသူများနှင့် ပြန်လည်ဝယ်ယူမည့်သူများကို ချိတ်ဆက်လိုကြောင်း ပါဝင်လာသဖြင့် ဇွန် ၂၂ရက်က  တောင်ကြီး တွင်ကျင်းပသည့် ကြက်သွန်ဖြူကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် မျိုးဖြန့်ဖြူးရန် ထုတ်လုပ်သောကုမ္ပဏီတစ်ခုဖြစ်သည့် ဟဲဟိုးတွင် မျိုးထုတ်နေသော Myanmar Fuhao Agriculture  Co; Ltd. နှင့် မြန်မာသီဟထရိတ်ဒင်းကုမ္ပဏီတို့နှင့်  ကြက်သွန်ဖြူအသင်းကို ချိတ်ဆက်ပေးနိုင်ခဲ့သည်။ ယခု ကြက်သွန်ဖြူရာသီအမီ    မျိုးဖြန့်ဖြူးရေးအတွက် တောင်သူများနှင့်   ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ ကုမ္ပဏီနှစ်ခုသည် မျိုးဖြန့်ဖြူးပေးမည်ဖြစ်သကဲ့သို့ တောင်သူများ ထံမှ ပြန်လည်ဝယ်ယူရေးကိုပါ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ ကြက်သွန်ဖြူများကို အမေရိကန်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ် ကြောင်း သိရသည်။

ခယောင်းလမ်းမှ ပန်းခင်းလမ်း
       ကြက်သွန်ဖြူသည် လက်ရှိအချိန်အထိ ခယောင်းလမ်းတွင် လျှောက်လှမ်းဆဲဟုဆိုလျှင် မှားမည်မထင်ပါ။ ယခုနှစ်တွင် ကြက်သွန်ဖြူဈေးမှာ ဈေးကောင်းလျက်ရှိပါသည်။ ရှမ်းကြက်သွန်ဖြူနှင့် ကြူကုတ်ကြက်သွန်ဖြူ နှစ်မျိုး စလုံး ဈေးကောင်းနေသကဲ့သို့ ရှမ်းပြည်နယ်အရှေ့မှလည်း ကြက်သွန်ဖြူများနယ်စပ်ကုန်သွယ်မှု ဖြင့် ပိုမိုရောင်းကောင်းတင်ပို့နိုင်လျက်ရှိပါသည်။ သို့ရာတွင် ကြက်သွန်ဖြူ စိုက်ပျိုးသော တောင်သူများအဖို့ ခယောင်းလမ်းမှ ပန်း ခင်းလမ်းပေါ်ရောက်ရန်အတွက် Sustainable development ခေါ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်နေရန်လိုအပ်ပါသည်။ Value Chain တစ်ခုလုံး ခိုင်မာအားကောင်းရန်လိုအပ်ပါမည်။ သို့ဖြစ်၍  အထက်ဖော်ပြပါ ကုမ္ပ ဏီနှစ်ခုကို အရင်းခံပြီး တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ပြီး ဈေးကွက်သို့ ကောင်းစွာချိတ်ဆက်၍ ခယောင်းလမ်းမှ ပန်းခင်းလမ်းသို့ရောက်အောင် လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကော င်းတောင်းသကဲ့သို့ ကြက်သွန်ဖြူတောင်သူများ တွက် ခြေကိုက်ရေးအတွက် တတ်နိုင်သည့်ဘက်က ပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း သတင်းပါးလိုက်ပါရစေ။

 

မျိုးသူ (ကုန်သွယ်မြှင့်)