Main menu

Background

မြန်မာ့ပဲမျိုးစုံ ဈေးကွက်ခိုင်မာမှုနှင့် ရေရှည်ကုန်သွယ်မှုရရှိရေး

Tue, 09/24/2019 - 15:25 -- journal_editor

      မြန်မာ့လယ်ယာ ထွက်ကုန်ကဏ္ဍတွင် ပဲသီးနှံမှာ ဒုတိယအများဆုံး စိုက်ပျိုးထုတ်လုပ်နေခြင်းဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် လယ်ယာထွက်ကုန် သီးနှံအမျိုးပေါင်း ၆၀ ကျော်အထိ စိုက်ပျိုး ထုတ်လုပ်လျက်ရှိနေကြောင်း သိရသည်။ ယင်းသီးနှံအမျိုးပေါင်း ၆၀ ကျော်တွင် ပဲသီးနှံ အမျိုးပေါင်း ၁၉ မျိုးအထိ မြန်မာ့တောင်သူများ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်ဟု ဆိုသည်။ မြန်မာ့ပဲမျိုးစုံ စိုက်ပျိုးမှုကို ဧကအနေဖြင့် တွက်ချက်မည်ဆိုပါက လယ်ယာ ထွက် သီးနှံစိုက်ပျိုးမှု၏ ၂၁ ရာခိုင်နှုန်းကျော်အထိ ရှိနေ ကြောင်း သိရသည်။  မြန်မာ့ပဲ စိုက်ပျိုးမှုများထဲတွင် ပဲသီးနှံ အမျိုး ပေါင်း ၁၉ မျိုးတွင် နိုင်ငံခြားဈေးကွက်၌  တွင်တွင်ကျယ်ကျယ်ရောင်း ချနေရသည့် ပြည်ပဈေးကွက်ဝင် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့မှာ ပဲစိုက်ပျိုးမှု၏ ၇၀ ရာခိုင်နှုန်းနီးပါးပင် ရှိနေသည်။ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယ၊တရုတ်၊ထိုင်း၊အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ပါကစ္စတန်စသည့် နိုင်ငံများအပြင် အမေရိကန် နှင့် ဥရောပနိုင်ငံ များသို့ပါ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် အခြားပဲမျိုးစုံ ကို အဓိက တင်ပို့ လျက်ရှိနေသည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ပဲမျိုးစုံ တင်ပို့မှုနှင့်ပတ်သက်ပြီး ကုန်သွယ်ရေးဆက်ဆံမှုမှာ နှစ်ပေါင်း ၃၀ ကျော်ပင် ရှိလာခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံများသို့လည်း ပဲမျိုးစုံတင်ပို့ရာတွင် ရေရှည်ကုန်သွယ်မှု ဆက်ဆံရေး ရရှိရန် နှင့် အရည်အသွေးကောင်းမွန်သည့် ပဲများကို ပိုမိုတင်ပို့နိုင်ရန် G to G ချိတ်ဆက်ပြီး တောင်သူ များ၏ ရေရှည်အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
     မြန်မာနိုင်ငံ၏ အဓိကပဲမျိုးစုံ တင်ပို့နေသည့်နိုင်ငံမှာ အိန္ဒိယ နိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ပေါ်လစီအပြောင်းအလဲကလည်း မြန်မာ့ပဲဈေးကွက်ကို ထိခိုက်မှုရှိနေသည်။ ပြောရမည်ဆိုလျှင် အိန္ဒိယ နိုင်ငံ၏ ပေါ်လစီအပြောင်း အလဲက မြန်မာ့ပဲဈေးကွက်နှင့် တိုက်ရိုက် သက်ဆိုင်မှုများ ရှိနေသည်။ ယခုနှစ်တွင် မြန်မာ့ပဲများကို အိန္ဒိယနိုင်ငံသို့ တရားဝင် တင်ပို့ ခွင့်သည် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးဖြစ်သည်။ ထို့ကြောင့် မြန်မာ့ပဲများ အိန္ဒိယနိုင်ငံ သို့ တင်ပို့ခွင့်မှာ ရက်သတ္တ ငါးပတ်ခန့်သာ ကျန်ရှိတော့ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ အနေအထားမျိုးတွင် လက်ရှိ ပြည်တွင်းပဲဈေးကွက်အတွင်း၌ အရောင်းအဝယ် ကောင်းလာပြီး ပဲဈေးများ ပြန်တက်လာကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည် များအသင်း  အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။ စက်တင်ဘာ ဒုတိယပတ်တွင် ပဲဈေးပြန်ကောင်းလာကြောင်း၊ ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအား များလာခြင်းကြောင့် ပဲဈေးပြန် တက်လာေ ကြာင်း၊ အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား အိန္ဒိယ နိုင်ငံကို တင်ပို့ကြရမည်ဖြစ်ခြင်းကြောင့် ကုမ္ပဏီများက ပြန်ဝယ်နေကြကြောင်း၊ အိန္ဒိယအစိုးရကလည်း ကုမ္ပဏီ ၁၀၀၀ ကျော်ကို ပဲတင်သွင်းခွင့်ပေးထား၍ တချို့ကုမ္ပ ဏီများက မဝယ်သေးဘဲ စောင့်နေကြ ခြင်းများရှိနေသည့်အတွက် ဈေးကွက်ပုံမှန်ရှိနေသော်လည်း ဈေးကျ ခဲ့ကြောင်းနှင့် လတ်တလောကာလတွင် အရောင်းအဝယ်ပြန်တက် နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်များအသင်း  အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားထားသည်။
     ပဲမျိုးစုံတင်ပို့မှုတွင် မြန်မာနိုင်ငံနှင့် ကာလရှည်ကြာစွာ လက်တွဲ လာခဲ့သည့် အိန္ဒိယအစိုးရသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ပမှ ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲစသည့် ပဲမျိုးစုံကို တန်ချိန် ငါးသိန်း တင်သွင်းခွင့်ပြုခဲ့ြ ခင်းဖြစ်သည်။ အိန္ဒိယအစိုးရအနေဖြင့်  ထိုကဲ့သို့ ပြည်ပမှ ပဲတင်သွင်းခွင့်ပြုသည့်အထဲတွင် မြန်မာနိုင်ငံက မတ်ပဲ တန်ချိန် တစ်သိန်းခွဲတင်သွင်းခွင့် ရရှိထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပဲများကို တိုက်ရိုက်တင်ပို့ ရာတွင် ဘဏ်စနစ်များကြောင့်  အဆင်မပြေနိုင်သေးသည့်အတွက်  အိန္ဒိယ ကုမ္ပဏီများကို အဓိကထား တင်သွင်းခွင့်  ပြုခြင်းဖြစ်သည်။ မြန်မာ နိုင်ငံမှ ပဲတင်သွင်းခွင့်တင်ထားသည့် အိန္ဒိယပဲကုမ္ပဏီမှာ ၆၀၀၀ ခန့်ရှိကြောင်း သိရပြီး အဆိုပါ ကုမ္ပဏီ ၆၀၀၀ ခန့်ထဲမှ ကုမ္ပဏီပေါင်း ၁၁၀၀ ကျော်ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ပဲဈေး ပြန်တက်လာခြင်းကြောင့် တောင်သူများ၊ ပွဲရုံများနှင့် ကုန်သည်များ အဆင်ပြေကြောင်း၊ ဈေးမှာ  ထပ်တက်၊ မတက်ကို ပြော၍ မရကြောင်း၊ လတ်တလောအချိန်တွင် ကုမ္ပဏီများက ပြန်ဝယ် နေခြင်းကြောင့် ဈေးပြန်တက်နေကြောင်း ဦးမင်းကိုဦးက ပြောထား သည်။ မြန်မာ့ပဲများကို  တရုတ်၊  ထိုင်း၊  အင်ဒိုနီးရှား၊  မလေးရှား၊ စင်ကာပူ၊ ပါကစ္စ တန် စသည့် နိုင်ငံများအပြင် ဥရောပနိုင်ငံများသို့ပါ တင်ပို့နေသော်လည်း အိန္ဒိယနိုင်ငံသည်သာ မြန်မာ့ပဲကို အများဆုံး ဝယ်ယူနေခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာ့ပဲလောကသည်လည်း တည်ငြိမ်မှုမရှိဘဲ တောင်သူများအတွက် အမြဲလိုလိုပင် စိုးရိမ်သောက များဖြစ်နေကြရသည်။ ဈေးကောင်းရရှိရေးအတွက်လည်း အမြဲမျှော် လင့်၍ ရနိုင်သည့်  အနေအထားမျိုး မဟုတ်သည်ကိုလည်း မြန်မာ့ ပဲစိုက်တောင်သူများ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရသည်။
     အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၁၇ ခုနှစ် သြဂုတ်လကလည်း ပြည်ပမှ ပဲတင်သွင်းခွင့်ကို ကန့်သတ်ခဲ့ရာ ပဲစိုက်သည့် မြန်မာတောင်သူ များနှင့် ပဲကုန်သည်များ အခက်တွေ့ခဲ့ကြရသည်။  မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အများ ဆုံး တင်ပို့ရောင်းချနေသည့် မတ်ပဲနှင့် ပဲစင်းငုံတို့ကို အိန္ဒိယနိုင်ငံမှ  အဓိကဝယ်ယူနေကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။ မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံသို့ မတ်ပဲ၊  ပဲတီစိမ်းနှင့် ပဲစင်း ငုံ တင်ပို့မှုကို ပြန်ကြည့်မည်လျှင်၂၀၁၆-၂၀၁၇ ခုနှစ်  စာရင်းများအရ  ယင်းပဲ သုံးမျိုးပေါင်း တန်ချိန် ၁၀ သိန်းနီးပါး တင်ပို့နိုင်ခဲ့ရာ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ် လာ သန်း ၇၀၀ ကျော်ရရှိခဲ့ကြောင်း သိရပါသည်။ ပဲမျိုးစုံ ပြည်ပသို့ တင်ပို့မှု၏ ၇၇ ဒသမ ၀၃ ရာခိုင်နှုန်းသည် မတ်ပဲဖြစ်ပြီး တင်ပို့ခဲ့သည့်နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်သည်။ ထို့ပြင် ပဲစင်းငုံ  တင်ပို့မှု၏  ၉၁ ဒသမ ၉၈ ရာခိုင်နှုန်းနှင့် ပဲတီစိမ်းတင်ပို့မှု၏ ၈ ရာခိုင်နှုန်းသည်လည်း အိန္ဒိယနိုင်ငံ သို့ပင် တင်ပို့ခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲမျိုးစုံကို ပြည်ပသို့တင်ပို့နေရာတွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့မှာ အဓိကတင်ပို့နေသည့်  ပို့ကုန်များပင်ဖြစ်သည်။ မြန်မာ့ပဲမျိုးစုံကို နယ်စပ်ကုန်သွ ယ်ရေး စခန်းများမှ တင်ပို့နေသကဲ့သို့ ပင်လယ်ရေကြောင်းမှလည်း များစွာတင်ပို့မှုများ ရှိနေပါသည်။ ပြည်ပနိုင်ငံများသို့ မတ်ပဲတင်ပို့နိုင်မှုအနေအထားကို ကြည့်မည်ဆို လျှင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၄၈၃၂၅၂ မက် ထရစ် တန်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၅၆၁၇၆၆ မက်ထရစ်တန်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၅၂၇၉၆၅ မက်ထရစ်တန်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (၁၃-၉-၂၀၁၉ ရက်ထိ)တွင်  ၅၈၂၃၈၂ မက်ထရစ် တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်တွင် တင်ပို့နိုင်ခဲ့မှုနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်(၁၃-၉-၂၀၁၉ ရက်ထိ) မတ်ပဲတင်ပို့နိုင်မှု အနေအထားကို နှိုင်းယှဉ်ကြည့်မည် ဆိုပါက ၅၄၄၁၃ မက်ထရစ်တန် ပိုမိုတင်ပို့နိုင် ခဲ့ သည်ကို တွေ့ရှိရ  သည်။
      ထို့အတူ ပြည်ပနိုင်ငံများသို့ ပဲတီစိမ်း တင်ပို့နိုင်မှုအနေအထား ကို ကြည့်မည်ဆိုလျှင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ၃၃၀၈၃၈ မက် ထရစ်တန်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ၄၀၇၅၉၅ မက်ထရစ်တန်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၃၅၀၀၅၇ မက်ထရစ်တန်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (၁၃-၉-၂၀၁၉ရက်ထိ)တွင် ၄၆၂၀၅၇ မက်ထရစ် တန်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တင်ပို့နိုင်ခဲ့မှုနှင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် (၁၃-၉-၂၀၁၉ ရက်ထိ) ပဲတီစိမ်းတင်ပို့နိုင်မှု အနေအထားကို နှိုင်းယှဉ်ကြည့် မည်ဆိုပါက ၁၁၂၀၀၀ မက်ထရစ်တန် ပိုမိုတင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိ ရသည်။ အလားတူ  ပြည်ပနိုင်ငံများသို့ ပဲစင်းငုံ တင်ပို့နိုင်မှု အနေအထား ကို ကြည့်မည်ဆိုလျှင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၂၂၆၇၅၁ မက် ထရစ်တန်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁၈၄၅၆၆ မက်ထရစ်တန်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၂၂၅၄၉၂ မက်ထရစ်တန်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်(၁၃-၉-၂၀၁၉ရက်ထိ)တွင် ၁၅၅၂၄၆ မက် ထရစ်တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တင်ပို့နိုင်ခဲ့မှုနှင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (၁၃-၉-၂၀၁၉ ရက်ထိ) ပဲစင်းငုံတင်ပို့နိုင်မှု အနေအထားကို နှိုင်းယှဉ်ကြည့် မည်ဆိုပါက ၇၀၂၄၆ မက်ထရစ်တန် တင်ပို့မှု  လျော့နည်းခဲ့သည်ကို တွေ့ရှိရသည်။
    အဆိုပါ အနေအထားများကို ကြည့်မည်ဆိုပါက မတ်ပဲနှင့် ပဲတီစိမ်းတို့ကို ပြည်ပဝယ်လက်များခဲ့သော်လည်း ပဲစင်းငုံမှာ ဝယ်လို အားကျဆင်းခဲ့ပြီး ပြည်ပတင်ပို့မှုက လျော့ကျလာသည်ကို တွေ့ရ သည်။ လက်ရှိ မြန်မာ့ ပဲဈေး ကွက်တွင် မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၇၇၀၀၀၀၊ ပဲတီစိမ်း (SQ) တစ်တန်လျှင် ကျပ် ၉၁၂၀၀၀ နှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၈၃၀၀၀၀ ဈေးတက်လျက်ရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။ အဆိုပါေ ဈးနှုန်း အတိုင်း တစ်နှစ်ပတ်လုံး ရရှိရေးနှင့် ထွက်ရှိလာသည့်ပဲများကို စဉ်ဆက်မပြတ် တင်ပို့နိုင်ရေး အတွက်ကို တောင်သူများက မျှော်လင့်နေကြသည်မှာ နှစ်ပေါင်းကြာခဲ့ပြီဖြစ်သည်။ လက်ရှိ ပဲစိုက်တောင်သူများ  ကြုံတွေ့ေ နရသည် မှာ ပဲဈေးမှာ ကောင်းလိုက်၊ မကောင်းလိုက်နှင့် အတက်အကျ ရှိနေသလို ပြည်ပ နိုင်ငံများကလည်း (အထူးသဖြင့် အိန္ဒိယနိုင်ငံက) ဝယ်လိုက်၊ မဝယ် လိုက် ဖြစ်နေခြင်းကြောင့် တောင်သူများမှာ မျှော်တလင့်လင့်နှင့် ရင် မောနေ ရသည်။ အိန္ဒိယနိုင်ငံ၏ မြန်မာ့ပဲဝယ်ယူမှုမှာ လာမည့် အောက်တိုဘာ ၃၁ ရက်က သတ်မှတ်ကာလ၏ နောက်ဆုံးရက်ပင်ဖြစ်သည်။ ယင်း ကာလကျော်လွန်ပါက အိန္ဒိယနိုင်ငံ၏  မြန်မာ့ပဲဝယ်ယူမှုမှာ အချိန် ကာလ တစ်ခုအထိ ရပ်တန့်နေဖွယ်ရှိနေသည်။အိန္ဒိယနိုင်ငံ၏ ပဲ အဝယ်ရပ်တန့်မှုကြောင့် မြန်မာပဲလောကတွင် လှိုင်းဂယက်တစ်ခု ရိုက်ခတ်လာဦးမည် ဖြစ်သည်။ မြန်မာ့ပဲလောကတွင် လက်ရှိ  ဈေးကောင်းရနေသည့် အနေအထားမျိုး အတိုင်း ရေရှည်ဖြစ်တည်ရန်  လိုအပ်နေသကဲ့သို့ ပြည်ပ ဈေးကွက်သို့ ပဲမျိုးစုံတင်ပို့ရာတွင် ရေရှည်ကုန်သွယ်မှု ဆက်ဆံရေးမျိုး ရရှိရန်လည်း များစွာအရေးကြီးပါသည်။ ပဲဈေးကွက် စဉ်ဆက်မပြတ် ရရှိရေး၊ ဈေးကောင်းရရှိေ ရး၊ မြန်မာ့ ပဲမျိုးစုံ ဈေးကွက်ခိုင်မာမှုရှိရေး၊ ရေရှည်ကုန်သွယ်မှုရရှိရေးနှင့် ပြည်တွင်းပဲဈေးကွက် ဆက်လက်အားကောင်းလာစေရေးအတွက် မည်ကဲ့သို့ ကြိုးပမ်းဆောင်ရွက်ရမည်ကို အစိုးရအပါအဝင် သက်ဆိုင်ရာ ကဏ္ဍအလို က်မှ တာဝန် ရှိသူများ က မြန်မာ့ပဲလောက တစ်ခေတ်ဆန်းစေရေးအတွက် အားတက်သရော ဖော်ဆောင်ကြရန်  လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
 

 

စိန်သံ