Main menu

Background

ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၂) အထိမ်းအမှတ်အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Mon, 05/16/2022 - 09:59 -- journal_editor

၂၀၂၂ ခုနှစ် ဧပြီ ၂၆ ရက်နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနညီလာခံခန်းမ၌  Virtual  စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့်ကမ္ဘာ့မူပိုင်ခွင့်နေ့(၂၀၂၂) အထိမ်းအမှတ် အခမ်းအနားသို့စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတက်ရောက် အမှာစကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ခုနှစ်မှစတင်ပြီးကမ္ဘာ့မူပိုင်ခွင့် နေ့အခမ်းအနားများကိုကျင်းပခဲ့ရာယခုအကြိမ်သည် (၈) ကြိမ်မြောက် ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့်  ယခုနှစ်တွင်ကျရောက်သည့် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်း အမှတ် အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ်ဦးဆောင်ကျင်းပခွင့်ရသည့်အတွက်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ယခုနှစ်အတွက် ကမ္ဘာ့မူပိုင်ခွင့်နေ့ ဆောင်ပုဒ်မှာ IP and Youth; Innovating for A Better Future "မူပိုင်ခွင့်နှင့် ယနေ့လူငယ်၊ အနာဂတလှပ စေဖို့ ဆန်းသစ်တီထွင်ကြပါစို့" ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကချမှတ်ထားသည့် စီးပွားရေးဦးတည်ချက် သုံးရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  မူပိုင်ခွင့်များကိုထိရောက်စွာ အကာအကွယ်ပေးနိုင်ခြင်းအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမိုဖွံ့ဖြိုးတိုးတက်လာစေခြင်း၊အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာစေနိုင်ခြင်း၊အဆင့်မြင့်နည်းပညာများကို လွှဲပြောင်းရယူနိုင်စေခြင်းဖြင့်ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်လာ နိုင်ခြင်း၊ တီထွင်ဖန်တီးသူနှင့် သုံးစွဲသူများအကြား အကျိုးအမြတ်ကို မျှတစွာ ခွဲဝေခံစားစေခြင်းအားဖြင့် စာပေနှင့် အနုပညာ၊ စက်မှု လက်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုများ ပေါ်ထွန်းလာနိုင်ခြင်း နှင့် လူနေမှုအဆင့်အတန်းမြင့်မားလာနိုင်ခြင်း စသည့် အကျိုးကျေးဇူး များရရှိနိုင်မည်ဖြစ်ရာ မူပိုင်ခွင့်ကဏ္ဍအနေဖြင့် နိုင်ငံ့စီးပွားရေးကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အထောက်အပံ့ ဖြစ်စေမည်ဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့မူပိုင်ခွင့်နေ့ ဆောင်ပုဒ်နှင့် အညီ ယနေ့ခေတ်လူငယ်များက အနာဂတ်ပိုမိုလှပစေမည့် ဆန်းသစ် တီထွင်မှုများကို ဖန်တီးလာနိုင်စေရန်အတွက် မူပိုင်ခွင့်အကာအကွယ် ပေးခြင်းစနစ် တည်ထောင်ရာတွင် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင် ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးက အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ မှပေးပို့သည့်သဝဏ်လွှာကို မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ဖတ်ကြားခဲ့ကာ ကမ္ဘာ့မူပိုင်ခွင့်နေ့အထိမ်းအမှတ် လက်ရာများနှင့် မူပိုင်ခွင့်ဦးစီးဌာန၏ လှုပ်ရှားမှုမှတ်တမ်းများကို Video Clip ဖြင့် ပြသခဲ့သည်။ ထို့နောက် ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၂) အထိမ်းအမှတ် ကဗျာ၊ ပိုစတာနဲ့ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများနှင့် ဂုဏ်ပြု တေး ရေးစပ်သီကုံးသူ၊  တီးခတ်ပေးခဲ့သူများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ သည်။ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများကInperson ဖြင့်လည်းကောင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက Onlineဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
MOC (IR)