Main menu

Background

မန္တလေးတိုင်းဒေသကြီးအတွင်းမှ တန်ဖိုးမြှင့်ထုတ်ကုန်သရက်

Thu, 07/09/2026 - 15:00 -- journal_editor

သရက်သီးသည်  အပူပိုင်းဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသည့် အသီးမျိုးဖြစ်ပြီး နှစ်ရှည်သီးနှံဖြစ်သည့်အတွက် ရာသီကာလတွင်အထူးဂရုပြု၍  အပင်ကိုပြုစုစောင့်ရှောက်ပါက  အထွက်နှုန်းတိုးပြီး ဝင်ငွေရရှိသည့် သီးနှံဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသအလိုက် သရက်သီးအမျိုး အစားပေါင်းများစွာရှိသော်လည်း လူကြိုက်များသည့်  စိန်တလုံးသရက်နှင့် ရွှေဟင်္သာသရက်များကို အဓိကထား စိုက်ပျိုးကြသည်။ သရက်သီးသည် ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပြီး   အစိမ်းစားလျှင် အချဉ်နှင့် အဖန်ရှိပြီး အမှည့်စားလျှင် အချိုဓာတ် ရရှိခြင်းကြောင့် ချို၊ ချဉ်၊ ဖန် ဓာတ်သုံးမျိုးစလုံး တစ်ပြိုင်နက် ပေးစွမ်းနိုင်သည့် သီးနှံတစ်မျိုးဖြစ် သည်။ 
မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက် ဆည်၊ မြစ်သား၊ စဥ့်ကိုင်၊ တံတားဦး၊ အမရပူရ၊ ပုသိမ်ကြီးနှင့် မတ္တရာနယ်များတွင် စိန်တလုံးနှင့် ရွှေဟင်္သာသရက်မျိုးများကို အဓိကထားစိုက်ပျိုးကြသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် စိန်တလုံးသရက်သည် တိုင်းေးသကြီးအတွင်း သာမက အခြားမြို့များကပါ  ကြိုက်နှစ်သက်ကြ သည်၊ မန္တလေးတိုင်းဒေသကြီးတွင် နှစ်စဉ် မေလ ဆန်းပိုင်းမှစ၍ စိန်တလုံးသရက်သီးများ စတင် ထွက်ရှိပြီး ဇွန်လအထိ လှိုင်လှိုင်ထွက်ရှိသည်။ရွှေ ဟင်္သာသရက်သည် စိန်တလုံးရာသီကုန်လုချိန်တွင် စတင်ထွက်ရှိသည့်အတွက် စားသုံးသူများအနေ နှင့် သရက်သီးကို ရာသီချိန်အတွင်း စိတ်ကြိုက်စားသုံးနိုင်ကြသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း စိန်တလုံးနှင့် ရွှေဟင်္သာသရက်ကို အဓိကထားစိုက်ပျိုးကြပြီး အခြားသရက်များကိုလည်း စိုက်ပျိုးကြသည်။ သရက်သီး စိုက်ပျိုးထုတ်လုပ်သည့် ခြံရှင် များအနေနှင့် သရက်သီး စတင်သီးသည့် သီးကင်းမှစ၍ ရင့်မှည့်သည်အထိ ရာသီဥတုနှင့် သဘာဝဘေးဒဏ်များကြောင့် ကြွေကြသည့် အသီးများကို အလေအလွင့်နည်းပါးအောင် တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်ကြသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ယခုနှစ်သရက်ရာသီကာလအတွင်း ဈေးနှုန်းဈေးကွက်နေ နှင့် စိန်တလုံးသရက်ပေါ်ဦးပေါ်ဖျားဈေးနှုန်းအနေနှင့် ကျောက်ဆည်၊ စဥ့်ကိုင်၊ တံတားဦး၊ မြစ်သား၊ ပလိပ် နယ်ဘက်များတွင် အလုံးကြီးတစ်လုံးလျှင် ကျပ် ၂၀ဝ၀ မှ ကျပ် ၂၅၀ဝ၊ အလုံးလတ် တစ်လုံးလျှင် ကျပ် ၁၅၀ဝ မှ ကျပ် ၁၈၀ဝ ဈေးနှုန်းများနှင့် စတင်ခဲ့ပြီး အမရပူရ၊ ပုသိမ်ကြီးနှင့် မတ္တရာနယ်များတွင် အလုံးကြီးတစ်လုံးလျှင် ကျပ် ၁၈၀ဝ မှ ကျပ် ၂၀ဝ၀၊ အလုံးလတ် တစ်လုံးလျှင် ကျပ် ၁၂၀ဝ မှ ကျပ် ၁၅၀ဝ ဈေးနှုန်း များနှင့် ရောင်းဝယ်မှုရှိပြီး အမှည့်လှိုင်လာသည့် ကာလတွင်   ကျောက်ဆည်နယ်ဘက်မှ  အလုံးကြီး တစ်လုံးလျှင် ကျပ် ၁၅၀ဝ မှ ကျပ် ၁၇၀ဝ၊ အလုံး လတ် တစ်လုံးလျှင် ကျပ် ၁၀ဝ၀ မှ ကျပ် ၁၂၀ဝ၊ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာနယ်များမှ အလုံးကြီး တစ်လုံးလျှင် ကျပ် ၁၀ဝ၀ မှ ကျပ် ၁၂၀ဝ၊ အလုံး လတ် တစ်လုံးလျှင် ကျပ် ၇၀ဝ မှ ကျပ် ၈၀ဝ ဈေး နှုန်းများနှင့် ရောင်းဝယ်မှုရှိသည်၊  နယ်များသို့ ဂျုပ်ဖာများနှင့်  တင်ပို့ရာတွင် လုံးကြီးအလုံး ၂၀ ပါတစ်ဖာလျှင် ကျောက်ဆည်နယ်တွင် ကျပ် ၄၈၀ဝ၀ မှ ကျပ် ၅၀ဝ၀ဝ၊ အလုံးလတ် တစ်ဖာလျှင် ကျပ် ၃၅၀ဝ၀ အမရပူရ၊ ပုသိမ်ကြီး၊  မတ္တရာနယ်များမှ အလုံးကြီး  တစ်ဖာလျှင် ကျပ် ၂၅၀ဝ၀ မှ ကျပ် ၃၀ဝ၀ဝ၊ အလုံးလတ် တစ်ဖာလျှင် ကျပ် ၁၆၀ဝ၀ မှ ကျပ် ၁၈၀ဝ၀ များနှင့် နယ်များကို အရောက်ပို့စနစ်ဖြင့် တင်ပို့လျက်ရှိသည်။ စားသုံးသူများအနေနှင့် ကျောက်ဆည်နယ်မှ ထွက်ရှိသည့် စိန်တလုံးသရက်ကိုပို၍ နှစ်သက်ကြသည်။ ရွှေဟင်္သာသရက်အနေနှင့် ဇွန်လစတုတ္ထပတ်တွင် လတ်တလောအလုံးကြီးတစ်လုံးလျှင် ကျပ် ၁၀ဝ၀ မှ ကျပ် ၁၂၀ဝ၊ အလုံးလတ် တစ်လုံးလျှင် ကျပ် ၇၀ဝ မှ ကျပ် ၈၀ဝ ဈေးနှုန်းများနှင့် ဈေးကွက်တွင်း အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
ယခုနှစ်သရက်သီးရာသီကာလတွင် စိန်တလုံး သရက်နှင့် ရွှေဟင်္သာသရက်များသည်  မန္တလေးတိုင်းဒေသကြီးအနေနှင့်  အထွက်နှုန်းအသင့်တင့် ကောင်းမွန်သည့်အတွက် ခြံလုပ်ငန်းရှင်များအနေနှင့် တွက်ခြေကိုက်ညီမှုရှိကြောင်းနှင့် သရက်ကြမ်းများမှထွက်ရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကိုလည်း   ဆက်လက်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။    
မန္တလေးတိုင်းဒေသကြီးအတွင်း သရက်ကို ကျောက်ဆည်  ခရိုင်အတွင်း ၁၂၅၉၇ ဧကနှင့် အမရပူရ၊ ပုသိမ်ကြီးနှင့်  မတ္တရာမြို့နယ်များတွင် ဧက ၉၇၇၀ တို့စိုက်ပျိုးပြီး တစ်ဧကလျှင် ပျမ်းမျှ နှစ်တန် ထွက်ရှိပြီး အလုံးရေအနေနှင့် ၆၀ဝ၀ မှ ၆၅၀ဝ တွင်း ထွက်ရှိသည့် သရက်ခြံလုပ်ငန်းရှင်များအနေနှင့် သရက်သီးများကို အလုံးလိုက်ရောင်းခြင်း၊ အချို့ကိုတန်ဖိုးမြှင့်ထုတ်ကုန် သရက်သီးခြောက်အဖြစ် ပြုလုပ်ခြင်း၊ သရက်ပျဉ်အဖြစ်ပြုလုပ်ခြင်းများ လုပ်ဆောင်ကြသည်။
သရက်သီးများမရင့်မှည့်မီ ကာလအတွင်း အချို့သရက်သီးစိမ်းများကို သရက်ခြံလုပ်ငန်းရှင်များအနေနှင့် သရက်သီးဓားပေါက် လုပ်ငန်းဖြစ်သည့် သရက်ချဉ်ကို စဥ့်အိုးကြီးများနှင့် စနစ်တကျ သိုလှောင်ထားရှိပြီး မိုးကာလတွင် ရောင်းချခြင်း ဖြင့် အလေအလွင့်မဖြစ်အောင် စနစ်တကျ ဆောင် ရွက်ကြသည်။ တန်ဖိုးမြှင့်ထုတ်ကုန် သရက်သီး ခြောက်၊  သရက်ပျဉ်များနှင့် မိုးကာလစားသုံးရန် အတွက်   သရက်သီး ပိုးတီ၊ သရက်ဂျစ်ဆွဲနှင့် သရက်သီးခြောက်များကို  လုပ်ငန်းရှင်များအနေနှင့် ကုန်စည်ပြပွဲ၊ ဈေးပွဲတော်များတွင် ခင်းကျင်းပြသရောင်းချခြင်းများကို ပြုလုပ်ပြီး ဈေးကွက်ရရှိရေးကို ဖော်ဆောင်လျက်ရှိသည်။    
မြန်မာ့စိန်တလုံးသရက်သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ကျောက်ဆည်ခရိုင် မူရင်းဒေသထွက်ကုန်ဖြစ်သည့်အပြင် အရသာရှိပြီး Export Quality အဆင့်မီဖြစ်သည့်အတွက် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်သဖြင့် အကျိုးအမြတ်ရရှိသည့် သီးနှံအဖြစ် သိရသည်။

ခင်ပပနိုင်(မန္တလေး)