Main menu

Background

တရုတ်နိုင်ငံ (ယူနန်ပြည်နယ်) နှင့် မြန်မာနိုင်ငံတို့အကြားနယ်စပ်ဂိတ်ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းညှိနှိုင်းဆွေးနွေး

Fri, 05/20/2022 - 12:20 -- journal_editor

မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသတွင် ကိုဗစ်(၁၉)ရောဂါအား ပူးတွဲကြိုတင်ကာကွယ်ထိန်းချုပ်ရေးကို ထိရောက်စွာတွန်းအားပေးနိုင်ရေး၊နှစ်နိုင်ငံ ပြည်ဝင်/ထွက်ဂိတ် နယ်စပ်ကုန်သွယ်ရေးချောမွေ့စေရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ် ရေး ပူးပေါင်းဆောင်ရွက်မှုကို တည်ငြိမ်စွာတွန်းအားပေးနိုင်ရေးတို့အတွက်ရည်ရွယ်၍ တရုတ်နိုင်ငံယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြားနယ်စပ်ဂိတ်ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းညှိနှိုင်းဆွေးနွေးပွဲကို  ဧပြီ ၂၈ ရက်မွန်းလွဲ ၁ နာရီခွဲ တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr.Chen Hai၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ကောင်စစ်ဝန်ချုပ်(မန္တလေး)နှင့် ကောင်စစ်ဝန်ချုပ်(ကူမင်းမြို့)နှင့် ယူနန်ပြည်နယ်၊ပြည်သူ့အစိုးရနိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးချုပ် Ms. Yang Mu တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။ထို့ပြင်ယူနန်ပြည်နယ်ရှိ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘက်မှကချင် ပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကိုယ်စားလှယ်များ၊ ကုန်သွယ်ရေးဦးစီးဌာန၊အကောက်ခွန်ဦးစီးဌာန၊စိုက်ပျိုးရေးဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ငါးလုပ်ငန်းဦးစီးဌာနတို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။အစည်းအဝေးတွင် မြန်မာဘက်မှ ရာသီပေါ်သရက်သီးအပါအဝင် ပုပ်သိုးကုန်သစ်သီးဝလံများအား တရုတ်နိုင်ငံဘက်သို့ လျင်မြန်စွာတင်ပို့နိုင်ရေးကိစ္စ၊ နယ်စပ်တွင်တရုတ်ခေါက်တိုယာဉ်များ ဈေးနှုန်းကြီးမြင့်မှုလျှော့ချရေးကိစ္စ၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်မှုပြုရာတွင် ကုန်တင်ယာဉ်များအဆင်ပြေချောမွေ့စွာဝင်ရောက်နိုင်ရေးကိစ္စ၊မြန်မာ့ပို့ကုန်ကြံများအား BP-၁၂၅ နယ်စပ်ဂိတ်မှ ယာယီဂိတ်ဖွင့်လှစ်တင်ပို့နိုင်ရေးကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်မှုမူဝါဒအပြောင်းအလဲများအား Contact person  မှတစ်ဆင့်  အချိန်နှင့်တစ်ပြေးညီသတင်းဖလှယ်ရေးကိစ္စ၊ နှစ်ဖက်အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာလုပ်ငန်းစဉ်များတွင်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ နှစ်ဖက်အပင်ပိုးမွှားကင်းစင်ရေးဆိုင်ရာ SPS လုပ်ငန်းစဉ်များတွင် GACC နှင့် ပူးပေါင်းဆောင်ရွက်သွားရန်ကိစ္စရပ်များအား နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။ယခုကျင်းပသည့်  မြန်မာ-တရုတ်နယ်စပ်ဂိတ်ပေါက်ကုန်ပစ္စည်းအကောက်ခွန်ဖြတ်ကျော်ရေးဆိုင်ရာအစည်းအဝေးသည် နှစ်နိုင်ငံအကြားကိုဗစ်(၁၉)ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရေးအတွက်ရှေးရှုပြီး  ကဏ္ဍအလိုက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်ခြင်းဖြင့် မျှတသောကုန်သွယ်မှုကိုဖြစ်ပေါ်စေကာ နှစ်နိုင်ငံအကြားရေရှည်ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံရေးကိုဖော်ဆောင်ပေးနိုင်ရေး ဆွေးနွေးနိုင်ခဲ့သော အစည်းအဝေးတစ်ရပ်ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးဌာနခွဲ