Main menu

Background

(၁၁.၉.၂၀၂၀) မှ (၁၇.၉.၂၀၂၀)အထိရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 09/18/2020 - 16:03 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေး အပြောင်းအလဲများကြောင့် ပြည်တွင်းရွှေဈေးကွက်တွင်လည်း အပြောင်းအလဲများစွာဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာလ ပထမပတ် အတွင်း ရွှေတစ်အောင်စလျှင် ၁၉၉၂ဒေါ်လာမှ ၁၉၁၇ ဒေါ်လာသို့ကျဆင်းသွား လာခဲ့ပြီး စက်တင်ဘာလ ၁၆  ရက်နေ့တွင် ရွှေတစ်အောင်စလျှင် ၁၉၆၄ ဒေါ်လာသို့ ပြန်လည် မြင့်တက်လာခဲ့သည်ကိုတွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း စက်တင်ဘာလ လဆန်းပိုင်းတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၃၁၀၀၀၀ ကျပ်  မှ  ၁၃၀၉၀၀၀ ကျပ်သို့ကျဆင်းခဲ့ပြီး စက်တင်ဘာလ ၁၆ ရက်နေ့တွင် ၁၃၁၆၀၀၀ကျပ်သို့ ပြန်လည် မြင့်တက်လာခဲ့သည်ကို တွေ့ရှိရပါသည်။

              ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အတွင်း ကမ္ဘာ့ရွှေစျေးနှင့် မြန်မာ့ရွှေစျေး အခြေအနေတို့ကို တစ်ဖက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်-

 

              မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ website တွင် Economic Indicator (%) ဖော်ပြချက် များအရ GDP Growth 6.80 % ၊ Annual Rate of Inflation 7.91 %၊ Year on Year Inflation 4.16 % ရှိသည်ကိုလေ့လာသိရှိရပါသည်။

          မြန်မာနိုင်ငံတွင် လစဉ် အမေရိကန်ဒေါ်လာအများဆုံးသုံးစွဲရသည့် သွင်းကုန်ကဏ္ဍ ဖြစ်သည့် ဓာတ်ဆီ၊ ဒီဇယ် တင်သွင်းမှုမှာ တစ်လလျှင်တန်ချိန် ခြောက်သိန်းခန့် ပျမ်းမျှတင်သွင်းနေရပြီး အမေရိကန်ဒေါ်လာသန်း (၄၀၀)ဝန်းကျင် သုံးစွဲရကြောင်းသိရှိရပါသည်။  ယခုအခါ COVID-19 ကပ်ရောဂါကူးစက်မှုမြင့်တက်နေသောကြောင့်  အစိုးရမှ  ခရီးသွားလာမှု ကန့်သတ်ပြီး နေအိမ်တွင် နေထိုင်ရန်ညွှန်ကြားချက်များထုတ်ပြန်ခဲ့၍ မော်တော်ယာဉ် သုံးစွဲမှုလျော့နည်းပြီး စက်သုံးဆီဝယ်အားလည်းလျော့နည်းလာသည့်အတွက် ဒေါ်လာသုံးစွဲရမှုမှာ လျော့နည်းလာကြောင်း သိရှိရပါသည်။

          ထို့ကြောင့် ပြည်တွင်းငွေကြေးဈေးကွက်၌     အမေရိကန်ဒေါ်လာတန်ဖိုးမှာ နှစ်ပတ် အတွင်း တစ်ဒေါ်လာလျှင် ၂ ရာခိုင်နှုန်းကျော် ဈေးကျဆင်းသွားပြီး စက်တင်ဘာလဆန်း ပိုင်းတွင် တစ်ဒေါ်လာလျှင်ကျပ် ၁,၃၅၀ အထိ ဈေးဖွင့်ခဲ့သော်လည်း စက်တင်ဘာလ ၁၅ ရက်နေ့ တွင်တစ်ဒေါ်လာလျှင်ကျပ် ၁,၃၂၀ သို့ ကျဆင်းသွားကြောင်း ပြည်တွင်း ငွေကြေးစျေးကွက်မှ သိရှိရပါသည်။၊

          ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ ရက်အလိုက် ဖြစ်ပေါ်ပြောင်းလဲခဲ့သော အမေရိကန်တစ်ဒေါ်လာနှင့် ညီမျှသော နိုင်ငံတကာ ငွေလဲလှယ်နှုန်းများကို အောက်ပါဇယားဖြင့် ဖော်ပြအပ်ပါသည်-

 

              ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ စက်တင်ဘာလ၁၁ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃၃၃.၇ ကျပ်ရှိခဲ့ရာမှ စက်တင်ဘာလ၁၇ ရက်နေ့တွင် ၁၃၂၂.၇ ကျပ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းမှာ တစ်ပတ်အတွင်း ၀.၈၂% ကျဆင်းခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

              မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၄ ရက်နေ့မှစက်တင်ဘာလ ၁၇ ရက်နေ့အထိ နေ့အလိုက် ဖြစ်ပေါ်ပြောင်းလဲခဲ့သော အမေရိကန် ဒေါ်လာဖြင့် ကျပ်ငွေ လဲလှယ်နှုန်း တန်ဖိုးများအား အောက်ပါဂရပ်ဖြင့် ဖော်ပြအပ်ပါသည်-

 

              ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်ကို လေ့လာရာတွင် စက်တင်ဘာလ၁၁ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃၄၁ ကျပ်၊စက်တင်ဘာလ ၁၄ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃၃၉ ကျပ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃၃၂ ကျပ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃၃၀ ကျပ်၊ နှင့်စက်တင်ဘာလ ၁၇ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃၃၅ကျပ် အသီးသီးပေါက်စျေးများ ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာ သိရှိရပါသည်။