Main menu

Background

(၁၈.၉.၂၀၂၀) မှ (၂၄.၉.၂၀၂၀)အထိရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 09/25/2020 - 15:18 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေး အပြောင်းအလဲများကြောင့် ပြည်တွင်းရွှေဈေးကွက်တွင်လည်း အပြောင်းအလဲ များစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာလ ၁၈  ရက်နေ့တွင် ရွှေ တစ်အောင်စလျှင် ၁၉၅၂ ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် ၁၉၁၁ ဒေါ်လာ မှ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ၁၈၆၃ ဒေါ်လာသို့ ကျဆင်းလာခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၃၂၀၀၀၀ ကျပ်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် ၁၃၁၅၀၀၀ ကျပ်မှ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ၁၃၀၃၀၀၀ ကျပ်သို့ ကျဆင်းလာခဲ့သည်ကို တွေ့ရှိရပါသည်။

ပြည်တွင်းငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာ လျှင် ၁၄၀၀ ကျပ်အောက်သို့ ရောက်ရှိနေသော်လည်း ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ်သား လျှင် ကျပ် ၁၃ သိန်းအထက်တွင် ရှိနေကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေသော်လည်း ပြည်တွင်းရွှေဈေးသည် ကျပ် ၁၃ သိန်းအောက်သို့ ပြန်လည် မကျဆင်းနိုင်ခြင်းမှာ ကမ္ဘာ့ရွှေပေါက်ဈေးနှင့် ပြည်တွင်းရွှေပေါက်ဈေးသည် တစ်ကျပ်သားလျှင် ကျပ် တစ်သိန်းငါးသောင်းခန့် ကွာဟနေခြင်းနှင့် ပြည်ပမှ တရားမဝင်အဝယ်များ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရှိရပါသည်။

၂၀၁၉ ခုနှစ် တစ်နှစ်တာ ကာလပတ်လုံး အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၂ သိန်း ကျပ် ဝန်းကျင် ဖြစ်ပေါ်ခဲ့သော်လည်း ယခုနှစ်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၃ သိန်းကျပ်သည် အခြေခံ ကြမ်းခင်းဈေးတစ်ခု ဖြစ်လိမ့်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးမျိုးမြင့်က ပြောကြားခဲ့သည်ကို သိရှိရပါသည်။

COVID-19 ကူးစက်မြန် ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင်ရှိသော ရွှေတူးဖော် ထုတ်လုပ်သည့် ကုမ္ပဏီများ၏ လုပ်ငန်းများ ရပ်နားထားရသောကြောင့် ယခုနှစ်တွင် ကမ္ဘာ့ရွှေတူးဖော် ထုတ်လုပ်သည့်ပမာဏ ၁.၇၀ % ခန့် လျော့ကျနိုင်ကြောင်း အကဲဖြတ်သုံးသပ်ရေး ကုမ္ပဏီကြီး ဖြစ်သည့် GlobalData က ခန့်မှန်းသုံးသပ်ထားသည်ကို သိရှိရပါသည်။ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မြန် ကပ်ရောဂါ ပြန့်နှံ့မှုအခြေအနေကြောင့် တောင်အာဖရိကမှ ရွှေလုပ်ကွက်များ အပါအဝင် ကမ္ဘာ့ရွှေ အဓိက တူးဖော်ထုတ်လုပ်သော ကုမ္ပဏီကြီးများသည် ရွှေတူးဖော်သည့် ပမာဏကို လျှော့ချခဲ့ကြပြီး ကမ္ဘာ့အကြီးဆုံး ရွှေတူးဖော်လုပ်ငန်း ကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် Newmont Corporation နှင့် Barrick Gold တို့၏ ရွှေတူးဖော်ထုတ်လုပ်သည့် ပမာဏမှာလည်း သိသာစွာ လျော့ကျလာခဲ့ကြောင်း သိရှိရပါသည်။ 

၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်ကာလတွင် Barrick Gold ကုမ္ပဏီ၏ ရွှေတူးဖော် ထုတ်လုပ်မှု စုစုပေါင်း ရွှေအောင်စ ၁.၂၅ သန်းရှိခဲ့ရာမှ ဒုတိယသုံးလပတ် ကာလတွင် ရွှေအောင်စ ၁.၁၅ သန်းအထိ လျော့ကျသွားခဲ့ပြီး Newmont corporation ကုမ္ပဏီ၏ ရွှေတူးဖော် ထုတ်လုပ်မှု စုစုပေါင်း ရွှေအောင်စ ၁.၅၀ သန်းရှိခဲ့ရာမှ ဒုတိယသုံးလပတ်ကာလတွင် ရွှေအောင်စ ၁.၃၀ သန်း အထိ လျော့ကျခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ကျန်ရှိနေသော ကာလများတွင်လည်း ရွှေတူးဖော် ထုတ်လုပ်မှု ထပ်မံလျော့ကျ နိုင်ချေရှိကြောင်း သိရှိရပါသည်။ COVID-19 ကပ်ရောဂါ ကာလတွင် ရွှေ၏ Global supply လျော့ကျလာခြင်းနှင့်အတူ တစ်ဖက်တွင်လည်း စီးပွားရေး အခြေအနေ မ‎ရေရာ မသေချာမှုများကြောင့် ရွှေဝယ်ယူစုဆောင်းသည့် Demand အားမှာ များပြား လာခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ website တွင် Economic Indicator (%) ဖော်ပြချက် များအရ GDP Growth 6.80 % ၊ Annual Rate of Inflation 7.91 %၊ Year on Year Inflation 4.16 % ရှိသည်ကိုလေ့လာသိရှိရပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာ လ ၂၄ ရက်နေ့တွင်း နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် ဝယ်ယူ ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၂၄၁.၆၀ သန်း ဝယ်ယူထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော စာရင်းများ အရ သိရှိရပါသည်။

 မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေ စျေးပြိုင်လေလံမှတစ်ဆင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၃.၈၀ သန်း၊ စက်တင်ဘာလ ၄ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၃.၄၀ သန်း၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၃.၄၀ သန်း၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၃.၈၀ သန်း၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၃.၈၀ သန်း၊  စက်တင်ဘာလ ၂၁ ရက်နေ့တွင် အမေရိကန် ဒေါ်လာ ၁.၈၀ သန်း၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၃.၃၀ သန်းနှင့်  စက်တင်ဘာလ ၂၃ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၃.၈၀ သန်း  ဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီမှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ လအလိုက် ရောင်းဝယ်မှု ပမာဏများမှာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၃၉.၅၀ သန်း၊ ဖေဖော်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၃၁.၅၀ သန်း၊ မတ်လတွင် အမေရိကန် ဒေါ်လာ ၂၁.၀၀ သန်း၊ မေလတွင် အမေရိကန်ဒေါ်လာ ၁၆.၇၀ သန်း၊ ဇွန်လတွင် အမေရိကန် ဒေါ်လာ ၃၉.၁၀ သန်း၊ ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၃၁.၁၀ သန်း၊ သြဂုတ်လတွင် အမေရိကန် ဒေါ်လာ ၃၅.၆၀ သန်း၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အတွင်းတွင် အမေရိကန်ဒေါ်လာ ၂၇.၁၀ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် အမေရိကန်ဒေါ်လာ ၂.၇၀ သန်းသာ ပြန်လည် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက်အား အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေ စျေးပြိုင်လေလံအား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါ စည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေ စျေးပြိုင်လေလံတွင် ပါဝင် သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer-AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေ ဝယ်ခြင်း/ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖွင့်လှစ်ဆောင်ရွက်နေသည့် နိုင်ငံခြားငွေ စျေးပြိုင် လေလံသည် ငွေလဲလှယ်နှုန်းကို နှုန်းထားတစ်ရပ်တွင် ရှိနေစေရန်ဖြစ်စေ၊ မြန်မာကျပ်ငွေ တန်ဖိုး မြင့်တက်စေရန်ဖြစ်စေ သို့မဟုတ် ကျဆင်းစေရန်ဖြစ်စေ ရည်ရွယ်ဆောင်ရွက်ခြင်းမဟုတ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာချက် ထုတ်ပြန်ထားသည်ကို သိရှိရပါသည်။

ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၁၈ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃၂၂.၅၀ ကျပ်ရှိခဲ့ရာမှ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ၁၃၀၉.၇၀ ကျပ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းမှာ တစ်ပတ်အတွင်း ၀.၉၇ % ကျဆင်းခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်ကို လေ့လာရာတွင် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃၃၄ ကျပ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃၃၀ ကျပ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃၂၈ ကျပ်၊ စက်တင်ဘာလ ၂၃ ရက် နေ့တွင် တစ်ဒေါ်လာလျှင် ၁၃၃၀ ကျပ်နှင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃၂၆ ကျပ် အသီးသီးပေါက်စျေးများ ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာ သိရှိရပါသည်။