Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအားတားဆီး၊ထိန်းချုပ်၊ကုသနိုင်ရန်အတွက်အသွားအလာ ကန့်သတ်နေသည့်ကာလအတွင်းကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်စေရေး

Fri, 09/18/2020 - 15:46 -- journal_editor

နေပြည်တော်၊ စက်တင်ဘာ ၁၄        ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ (၁၃:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သော COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား တားဆီး၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်း အသွားအလာ ကန့်သတ်နေသည့်ကာလအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် စေရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် COVID-19 ပထမလှိုင်းကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ပြီး COVID-19 ဒုတိယလှိုင်း ရိုက်ခတ်မှုပြင်းထန်လာမှုအပေါ် ပြည်သူ၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများအနေဖြင့် တုန့်ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ကြောင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဆိုင်ရာအခက်အခဲများရှိသကဲ့သို့ စားဝတ်နေရေးနှင့် စီးပွားရေးကိစ္စများကို ကျော်လွှားနိုင်ရန် လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု၊ ရောင်းဝယ်မှုများကို ရပ်တန့်မှုမရှိရေး အတွက် ဆောင်ရွက်မည့်နည်းလမ်းများအား  ညှိနှိုင်းဆောင်ရွက်ဖို့ ယခုအစည်းအဝေးအား ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေးထိခိုက်မှု အနည်းဆုံးဖြစ်အောင် ထိန်းချုပ် ကာကွယ်ပြီး ကုန်သွယ်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးနှင့် ရေတိုအတွင်းမှာ ကုန်စည်စီးဆင်းမှုများအပေါ် ထိခိုက်မှုရှိလာတာတွေိကို လွယ်ကူလျင်မြန်ချောမွေ့အောင် ဆောင်ရွက်သင့်သည့် အစီအစဉ်များကိုလည်း ဆွေးနွေးပြောကြားပေးဖို့ တိုက်တွန်းပြောကြား လိုကြောင်း၊ COVID-19 သည် လူဦးရေထူထပ်ပါက အမြန်ဆုံးပြန့်ပွားတတ်ကြောင်း ရန်ကုန်တိုင်း အတွေ့အကြုံအရ သိရှိရပြီး မိမိတို့ဝန်ထမ်းများအနေဖြင့်လည်း မည်ကဲ့သို့ ပါဝင်ဆောင်ရွက် နိုင်မည်၊ ကုန်စည်စီးဆင်းမှုလုပ်ငန်းများတွင် အထောက်အကူပြုရေးအတွက် ဆောင်ရွက်သင့် သည်များကိုလည်း ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေး အကြံပြုပေးကြရန် ပြောကြားခဲ့သည်။

             ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အရေးကြီးသည့် အချိန်ကိုရောက်နေသဖြင့် Supply Chain မပြတ်တောက်စေရေး၊ ခရီးသွား ကန့်သတ်ချက်များကြောင့် ကုန်စည်စီးဆင်းမှုမပြတ်တောက်စေရေး၊ ဆေးဝါးပစ္စည်းများ ပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

             ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအေးမောင်စိန်က COVID-19 အမျိုးသား အဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှု အခြေ အနေများ၊ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်း ဆွေးနွေးတင်ပြပြီး ရန်ကုန်မြို့တော်ဝန်မှ ကုန်စည်စီးဆင်းမှုမှန်ကန်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ် ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

             ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်း အဖွဲ့များ၊ ရန်ကုန်တိုင်း ကုန်သည်စက်မှုအသင်းချုပ်၊ မန္တလေးတိုင်း ကုန်သည်စက်မှုအသင်းချုပ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်စက်မှုအသင်းချုပ်တို့မှ တာဝန်ရှိသူများက ကုန်စည် စီးဆင်းမှုများနှင့်ပတ်သက်၍ အသီးသီးတင်ပြဆွေးနွေးပြီး တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားအား ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

                                                                                                                                                                                                                      MOC IR