Main menu

Background

မြန်မာနှင့် ကိုရီးယားနိုင်ငံတို့အကြား ပထမအကြိမ်ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေး (1stMeeting of Joint General (Trade) Working Group Committee)ကျင်းပခဲ့ခြင်း

Tue, 09/22/2020 - 12:47 -- journal_editor

မြန်မာနှင့် ကိုရီးယား နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်စက်မှုပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်(Joint Commission for Trade and Industrial Cooperation -JCTIC) အောက်မှ ပထမအကြိမ် ကုန်သွယ်ရေးဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေး (1st Meeting of  Joint General (Trade) Working Group Committee)ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများအကြား Video Conference ဖြင့် ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါအစည်းအဝေးအား မြန်မာဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမင်းမင်းနှင့် ကိုရီးယားသမ္မတနိုင်ငံဘက်မှ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၊ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဗျူရို၏ ညွှန်ကြားရေးမှူးချုပ် Mr. Chun Yoon-jong တို့မှ ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြပါ သည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် အပါအဝင် ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပြီး နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀) ဦးခန့် Video Conference ဖြင့် တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် ကိုရီးယားဘက်မှ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၅) ဦးခန့် တက်ရောက်ခဲ့ကြ ပါသည်။

          အစည်းအဝေးတွင် ယခုနှစ်အတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုရည်မှန်းချက်တစ်ခု သတ်မှတ်နိုင်ရေး နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန်နှင့် မြန်မာနိုင်ငံဘက်မှ စိုက်ပျိုးရေး ကဏ္ဍတွင် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ရော်ဘာ၊ စားသောက်ကုန်ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများအား နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုဖွံဖြိုးတိုးတက်စေရန် အတွက် အလားအလာရှိသည့် လုပ်ငန်းနယ်ပယ်များအဖြစ် သတ်မှတ်၍ အကူအညီများပေးအပ် ရန်နှင့် ရင်းနှီးစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့မှုအပေါ် ကိုရီးယားနိုင်ငံ ဘက်က အနာဂါတ်တွင် အကူအညီပေးနိုင်ရေးအတွက် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

          နှစ်ဘက်စလုံးက နှစ်နိုင်ငံ ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာရှိသည့် ကုန်စည်များ အထူးသဖြင့် စားသောက်ကုန်ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းနှင့် အထည်ချုပ်ကဏ္ဍတို့ အတွက် ကိုးရီးယားနိုင်ငံဘက်မှ MKATRI(Myanmar-Korea Apparel Testing Research Institute) တည်ထောင်ရန်နှင့် TASK(Technology Advice and Solutions from Korea) စီမံကိန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြပါသည်။ ကိုရီးယားနိုင်ငံအနေဖြင့် ရော်ဘာကဏ္ဍ တိုးတက်ကောင်းမွန်စေရေး အတွက် အကူအညီများပေးအပ်ရန်လည်း ကတိပြုခဲ့ပါသည်။

          ကိုရီးယားနိုင်ငံဘက်မှ “ကုန်သွယ်မှုမြှင့်တင်ရေးအတွက် MYANTRADE သင်တန်း အစီအစဉ်” နှင့် “Korea Deskတည်ထောင်ခြင်း” တို့အပေါ် အလေးထားဆွေးနွေးခဲ့ပြီး မြန်မာ-ကိုရီးယား နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးနှင့် မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက် သို့ ပိုမိုထိုးဖောက်နိုင်ရေးအတွက် MYANTRADE အဖွဲ့အစည်းအား စွမ်းဆောင်ရည်မြှင့်တင်ရန် နှင့် ပိုမိုအားကောင်းလာစေရန် ကိုရီးယားနိုင်ငံဘက်မှ ပေးအပ်ခဲ့သော ကူညီထောက်ပံ့မှုများ အတွက် မြန်မာနိုင်ငံဘက်မှ ကိုရီးယားသမ္မတနိုင်ငံအစိုးရအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

          မြန်မာနိုင်ငံနှင့် ကိုရီးယားနှစ်နိုင်ငံတို့တွင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေကြသော နှစ်နိုင်ငံလုံးမှ ကုမ္ပဏီများ၏ စီးပွားရေးဆိုင်ရာအခက်အခဲများ ဖြေရှင်းရန်နှင့် ဈေးကွက် ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် နှစ်နိုင်ငံအကြား  စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၏ အဓိကလမ်းကြောင်းတစ်ခုအဖြစ် Korea Deskအား အောင်မြင်စွာ ဖွင့်လှစ်သွား နိုင်ရေး နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပါသည်။

          မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကြမည့်  နိုင်ငံခြားသား ရင်းနှီးမြှပ်နှံသူများအတွက် ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းကောင်းများရရှိစေနိုင်မည့် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝနကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြေငြာစာအချို့အား မြန်မာနိုင်ငံဘက်မှ အသိပေး မျှဝေခဲ့ပါသည်။

          ယခု အစည်းအဝေးသည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်သော်လည်း နှစ်နိုင်ငံအကြား ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုအရ နှစ်နိုင်ငံ ကုန်သွယ်မှုပိုမိုချောမွေ့စေရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးနိုင်ခဲ့ကြပြီး နှစ်နိုင်ငံစလုံးအတွက် အလွန်အကျိုးဖြစ်ထွန်းစေပြီး အောင်မြင်သည့် အစည်းအဝေးတစ်ခုဖြစ် ကြောင်း သတင်းရရှိပါသည်။

                                                                                                ပြည့်ဖြိုးအောင်

                                                                                                နှစ်နိုင်ငံ