Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲ တက်ရောက် အမှာစကားပြောကြား

Mon, 09/28/2020 - 09:50 -- journal_editor

နေပြည်တော်၊ စက်တင်ဘာ ၂၄    ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၌ Virtual   စနစ်ဖြင့် ကျင်းပပြုလုပ်သော ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း သည့် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြု လုပ်သည့် ဆွေးနွေးပွဲသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၆၃/၂၀၂၀) နှင့်စပ်လျဉ်းပြီး ရှင်းလင်းမည့် ဆွေးနွေးပွဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO)၊ အရှေ့ တောင်အာရှနိုင်ငံများအဖွဲ့ (Association of South East Asian Nation-ASEAN) နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization-WIPO) တို့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သောကြောင့် WTO ၏ ကုန်သွယ်မှုနှင့်ဆက်စပ်နေသော မူပိုင်ခွင့်ဆိုင်ရာ သဘောတူစာချုပ် (Trade Related Aspect of Intellectual Property Rights - TRIPS Agreement)၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တည်ဆောက်မည့် ASEAN  Framework Agreement on Intellectual Property Co-operation ပါပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေများကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင် တီထွင်မှုမူပိုင်ခွင့် ဥပဒေ၊ ၂၀၁၉ ခုနှစ်၊ မေလ (၂၄) ရက်နေ့တွင် စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေတို့ကို နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးအတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ မူပိုင်ခွင့် ဥပဒေများ မူကြမ်းရေးဆွဲခြင်းနှင့် အတည်ပြုရေး လုပ်ငန်းစဉ်များကို ပညာရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သော်လည်း ယင်းဥပဒေများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် တာဝန်ခံဝန်ကြီးဌာနမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဖြစ်သောကြောင့်  မိမိတို့ဌာနမှဉီးဆောင်ပြီး မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ၊ အေဂျင်စီနှင့် မူပိုင်ခွင့်ဉီးစီးဌာနတို့ကို ဖွဲ့စည်းတည်ထောင်‌၍ ဥပဒေများအကောင်အထည်ဖော်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် မူပိုင်ခွင့်စနစ်တစ်ရပ် ထူထောင်ရာ၌ နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီရန်လိုအပ်သကဲ့သို့ မိမိနိုင်ငံ၏ လက်ရှိဖြစ် တည်နေသော နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစသည့် အခြေအနေများနှင့်လည်း လိုက်လျော ညီထွေရှိသည့် စနစ်တစ်ခုဖြစ်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် မူပိုင်ခွင့်ဥပဒေ (၄) ရပ်ကို အကောင် အထည်ဖော်ရာတွင် ဥပဒေတစ်ခုပြီးမှတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကြုံတွေ့ ရမည့်အခက်အခဲများကို လျော့နည်းစေနိုင်ပြီး လူ့စွမ်းအားအရင်း အမြစ်နိုင်နင်းမှုနှင့် ကြုံတွေ့ နိုင်သည့် နည်းပညာအခက်အခဲများကို ကျော်လွှားနိုင်မှုစသည့် အကျိုးကျေးဇူးများစွာကို ရရှိစေ မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ဦးစွာအကောင်အထည်ဖော် မည်ဖြစ်ပြီး၊ ယင်းနောက် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် ဒေသဆိုင်ရာ အညွှန်းအကာအကွယ်ပေးခြင်း (Geographical Indications) တို့ကို အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်မှန်းထားပါကြောင်း၊ သက်ဆိုင်ရာမူပိုင်ခွင့် ဥပဒေအလိုက် လိုအပ်သောနည်းဥပဒေများရေးဆွဲခြင်း၊ လျှောက်လွှာများ ပြင်ဆင်ခြင်း၊ အခကြေးငွေများသတ်မှတ်နိုင်ရေး ဆောင်ရွက်ခြင်းနှင့် စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်မည့် အရာထမ်း၊ အမှုထမ်းများအား ပညာပေးလေ့ကျင့် သင်ကြားခြင်းစသည့်  လုပ်ငန်းစဉ်များကို မူပိုင်ခွင့်ဌာနရှိ ဘာသာရပ်ဆိုင်ရာအဖွဲ့ခွဲများမှ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ပထမဦးစွာ လက်ရှိကျင့်သုံးနေသော ဦးစွာအသုံးပြုသူကို အခွင့်အရေး ပေးသောစနစ် (First to Use System) မှ ဦးစွာလျှောက်ထားသူကို အခွင့်အရေးပေးသောစနစ် (First to File System) သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း၊  ထို့သို့ကူးပြောင်းရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများအား ကြိုတင်လက်ခံခြင်းဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာန၏ အမိန့်အမှတ် (၆၃/၂၀၂၀) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ အမိန့်စာအရ ကုန် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများအား ကြိုတင်လက်ခံခြင်းများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အများပြည်သူသိ ရှိနိုင်စေရန်အတွက် ယနေ့ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း၊  ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများကို ကြိုတင်လက်ခံမည့်စနစ်အား ရှင်းလင်းတင်ပြသွားမည် ဖြစ်သော ကြောင့်  တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ မူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် အသုံးပြုမည့်သူများအနေဖြင့် တက်ကြွစွာပါဝင်ဆွေးနွေးပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီး ဉီးအောင်ထူးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်အား လက်ရှိအချိန်ထိ ကျင့်သုံးဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မူပိုင်ခွင့်ဥပဒေများကို နိုင်ငံတကာ၏ မူပိုင်ခွင့်ဥပဒေများ၊ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) ၏ လုပ်ထုံးလုပ်နည်းများစသည့် အလေ့အကျင့်ကောင်းများနှင့်အညီ ရေးဆွဲပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယခုလို မူပိုင်ခွင့်ဥပဒေများအား စတင်ကျင့်သုံးခြင်းဖြင့် နိုင်ငံတကာမူပိုင်ခွင့်စနစ်တွင် ပါဝင်လာ မည်ဖြစ်သည့်အပြင် နိုင်ငံတကာ၏ မူပိုင်ခွင့်စနစ်များနည်းတူ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် မူပိုင်ခွင့်များကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ခြင်း၊ မျှတ သည့်ယှဉ်ပြိုင်မှုများပေးနိုင်ခြင်း၊ တီထွင်ဖန်တီးမှုများကို အားပေးနိုင်ခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာကုမ္ပဏီများ လာရောက်ဖွင့်လှစ်နိုင်ခြင်း၊ ကုန်သွယ်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာစေနိုင်မှာ ဖြစ် ကြောင်း၊ ယခင်ကမြန်မာနိုင်ငံ၏ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ (Registration Act) ဖြင့်သာ မှတ်ပုံတင်ခဲ့ရကြောင်း၊ ယခုအခါတွင် ကုန် အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပြဋ္ဌာန်းပြီး ဖြစ်သဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့် အညီမှတ်ပုံတင်ရတော့မည် ဖြစ်ကြောင်း၊ ယခုအသုံးပြုမည့် စနစ်သည်လည်း စာရွက်စာတမ်း များဖြင့် လျောက်ထားခြင်း သာမက ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) ၏ WIPO File စနစ်ကို အသုံးပြု မည်ဖြစ်သဖြင့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်စနစ်သည် ယခုကဲ့သို့သော Covid ကာလတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု (Ease of Doing Business) ကိုလည်း အထောက် အကူပြုစေမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းအတွက် အခကြေးငွေများကိုလည်း ဘဏ်မှ တစ်ဆင့် Mobile Banking ဖြင့် ပေးချေနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ မူပိုင်ခွင့် ဥပဒေများ အကောင်အထည်ဖော်ရာတွင် ကူညီပေးခဲ့သော ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO)၊ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (JICA)၊ ဂျပန်မူပိုင်ခွင့်ရုံး (JPO)၊ အမေရိကန်နိုင်ငံ တကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နှင့် အမေရိကန်မူပိုင်ခွင့်ရုံး (USPTO) တို့ကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်ပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ရာတွင် မှတ်ပုံတင်လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသော လုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင်အဖွဲ့ (Law Firm) များမှတစ်ဆင့် လျှောက်ထားနိုင်သကဲ့သို့ တစ်ဉီးချင်းလည်းဆောင်ရွက်နိုင်ရန် စီစဉ်ပေး မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင် များအတွက်လည်း MSME ဌာနနှင့် မူပိုင်ခွင့်ဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတွင် ရှိပြီးဖြစ်သည့် IP Community အနေဖြင့် မူပိုင်ခွင့်ဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ သို့မှသာ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ် တစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မူပိုင်ခွင့်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၉၃၊ ပုဒ်မခွဲ (က)တွင် ဖော်ပြထားသည့်အတိုင်း စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်များနှင့်  မှတ်ပုံမတင်ထားသော်လည်း စျေးကွက်အတွင်းတွင် အမှန်တကယ်အသုံးပြုနေသော အမှတ်တံဆိပ်များသည် မူပိုင်ခွင့်ဌာနသို့ ပြန်လည်လျှောက်ထားရမည် ဖြစ်ပါကြောင်း၊ ပထမအဆင့်အနေဖြင့် ကုန်အမှတ်တံဆိပ်ပိုင်ရှင်များ သည် မှတ်ပုံတင်လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ်ဆောင်ရွက်နေသော လုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင်အဖွဲ့များမှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် အမှတ်တံဆိပ်ပိုင်ရှင်များသည် မိမိတို့ ကိုယ်တိုင် မူပိုင်ခွင့်ဌာနသို့ တိုက်ရိုက်ဖြစ်စေ၊ အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသော လုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင်အဖွဲ့များမှ တစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်မည် ဖြစ်ပါကြောင်း၊ ပထမ အဆင့်တွင် လျှောက်ထားသူများနှင့် ဒုတိယအဆင့်တွင် လျှောက်ထားသူများအနေဖြင့် တူညီသည့် အခွင့်အရေးများကို ခံစားရမည် ဖြစ်ပါကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်း အပါအဝင် ယင်းနှင့်သက်ဆိုင်သည့် အခြားအခကြေးငွေများ၊ အဆိုပါ အခကြေးငွေများ ပေးဆောင်ရမည့် သတ်မှတ်ချက်နည်းလမ်းများကိုလည်း ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းမပြုမီ သီးခြား ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ပါကြောင်း၊ ပုဒ်မခွဲ(က) နှင့်အကျုံးမဝင်သော အမှတ်တံဆိပ်များ အနေဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဉပဒေအာဏာတည်ပြီးနောက် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထား ခြင်းအား တရားဝင် စတင်လက်ခံသည့်နေ့ရက်မှစ၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ လျှောက်ထားနိုင်မည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ခန့်အပ်လွှာနှင့် စပ်လျဉ်း ၍ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်လျှောက်ထားမည့် WIPO File စနစ်ဖြင့် လျှောက်ထားခြင်းတွင် ထည့်သွင်းဖော်ပြရန် မလိုအပ်သေးပါကြောင်း နှင့် WIPO File Account လျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များအား ဆွေးနွေးခဲ့သည်။

          ယင်းနောက် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဥပဒေအကျိုး ဆောင်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။

ဆွေးနွေးပွဲသို့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဉီးစီးဌာနရုံးချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ တာဝန်ခံများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများ၊ တိုင်းဒေသကြီး ပြည်နယ် အသီးသီးရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းများ၊ MSME စီးပွားရေး လုပ်ငန်း ရှင်များ၊ အသင်းအဖွဲ့များ၊ ဥပဒေအကျိုးဆောင်များနှင့် တာဝန်ရှိသူများ စုစုပေါင်း (၃၀၀) ဦးခန့် Online မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOC IR