Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့် ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုအခြေအနေသုံးသပ်ညှိနှိုင်းသည့် အစည်းအဝေးသို့ တက်ရောက်

Wed, 10/14/2020 - 12:11 -- journal_editor

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက် (၁၀:၀၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သော ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုအခြေအနေ သုံးသပ်ညှိနှိုင်းသည့် အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ကုန်သွယ်မှုအခြေအနေနှင့် ပတ်သက်၍   ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံကျော် ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက် ၃၃ ဘီလီယံ၏ ၁၀၉ ဒသမ ၇၃ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပါကြောင်း၊  စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ဆင်းရဲမှုလျှော့ချခြင်းတို့ကို ပိုမိုတိုးတက်ဆောင် ရွက်နိုင်မှာ ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးသည် မြန်မာပြည်သူအများစု၏ လူမှုဘဝတစ်ခုဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် အခြားဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်၍ လယ်ယာထွက်ကုန် သီးနှံများ၏ ထွက်ရှိမှု၊ အထွက်နှုန်း၊ ပြည်ပတင်ပို့နိုင်မှုနှင့် ဈေးကွက်ပေါက်ဈေးအလားအလာများ၊ ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်သွယ်မှုမူဝါဒများနှင့် ဝယ်လိုအား၊ ထုတ်လုပ်မှု၊ စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်၊ ရာသီဥတုအခြေအနေ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို လုပ်ငန်းရှင်များ၊ တောင်သူများသိရှိနိုင်ရန် အမြဲဆောင်ရွက်နေကြောင်း၊ ပို့ကုန်မြှင့်တင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာချမှတ်၍ စီးပွားရေးကို မြှင့်တင်ရန်ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက်လည်း ကုန်စည်ပြပွဲများပြုလုပ်ခြင်း၊ အလားအလာရှိသော ကုန်စည်များအား အားပေးမြှင့်တင်ခြင်း၊ နိုင်ငံတကာ ကုန်စည်ပြပွဲများသို့ ပါဝင်ပြသနိုင်ရေး ပံ့ပိုးကူညီပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 ကာလအတွင်း သစ်သီးဝလံများ ဈေးကွက်တည်ငြိမ်မှုရှိစေရန်နှင့် ဈေးကွက်အသစ်ရှာဖွေနိုင်ရန်အတွက် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ အသင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ကုန်စည်ပြပွဲများကို Online မှကျင်းပ နိုင်ရေးအတွက် Myanmar Online Expo Park ကို တည်ထောင်ခဲ့ပြီး ပထမဆုံး Online ကုန်စည်ပြပွဲဖြစ်သည့် Myanmar International Expo of Organic and Natural Products အား ဩဂုတ်လ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ  ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ Online မှ ဆောင်ရွက် ခြင်းဖြင့် မြန်မာ့ထွက်ကုန်များကို အပြည်ပြည်ဆိုင်ရာ ဈေးကွက်သို့ ချိတ်ဆက်နိုင်မည့် Platform အဖြစ် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး လယ်ယာထွက်ကုန်များအတွက် ဈေးကွက်သစ်များကို ဖန်တီးပေးခြင်းဖြင့် ပို့ကုန်မြှင့်တင်ရေးကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊  ကဏ္ဍအလိုက် တစ်နှစ်ထက်တစ်နှစ် ကုန်သွယ်မှုအခန်းကဏ္ဍ မြင့်မားအောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊  ပို့ကုန်အလားအလာများနှင့်စပ်လျဉ်းပြီး အကြံဉာဏ်ကောင်း များ သုံးသပ်ချက်များ ဆွေးနွေးတင်ပြပေးစေလို ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တာဝန်ရှိသူများက ပို့ကုန်မြှင့်တင် ရေးကိစ္စရပ်များ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏနှင့် ပို့ကုန်တင်ပို့နိုင်ခဲ့မှု အခြေအနေ အပေါ်သုံးသပ်ခြင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွက် ပို့ကုန်မြှင့်တင်ရေးဆောင်ရွက်သင့်သည့် လုပ်ငန်းအစီအစဉ်များ၊ ပို့ကုန်ရွေးချယ်ခြင်းလုပ်ငန်းစဉ်များနှင့် တောင်သူများ၊ လုပ်ငန်းရှင်များ၊ စက်ရုံများတွင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး တင်ပြရာဆွေးနွေး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ ကော်မတီအဖွဲ့ဝင်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိ သူများ၊ ပညာရှင်များနှင့်  ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

MOC(IR)