Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး လယ်ယာထုတ်ကုန်စီမံခန့်ခွဲ့ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Wed, 10/14/2020 - 13:05 -- journal_editor

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက် (၁၄:၀၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌  Zoom Application ဖြင့် ကျင်းပပြုလုပ်သည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်း အဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို တင်ဒါစနစ်ဖြင့်ဝယ်ယူရေး ဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ရေးဆွဲပြုစုထားသည့် စပါး၊ ဆန်ဝယ်ယူရေးစီမံချက်၊ တင်ဒါ စည်းကမ်းချက်များ၊ စပါးဝယ်ယူ၍ ဆန်ပေးသွင်း ခြင်းဆိုင်ရာ သဘောတူစာချုပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးနိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ အရ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့မှ ၂၀၂၀ ပြည့်နှစ်ထွက် စပါးများကို အခြေခံရည်ညွှန်းစပါးဈေးအောက် ကျရောက်နေသည့် ဒေသများတွင် သတ်မှတ်အခြေခံရည်ညွှန်း ဈေးနှုန်းဖြစ်သည့် စပါးတင်း ၁၀၀ လျှင် ကျပ် ၅၂၀၀၀၀ နှုန်းဖြင့် စပါးဝယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်မှ လှည့်ပတ်ရန်ပုံငွေ ကျပ် ၂၀ ဘီလီယံအားတောင်းခံခဲ့ရာ စီးပွားရေးရာကော်မတီ၏ ခွင့်ပြုချက်ရရှိပြီးဖြစ်သဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက် တင်ပြထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်မှလှည့်ပတ်ရန်ပုံငွေကျပ် ၂၀ ဘီလီယံရရှိပါက အခြေခံရည်ညွှန်းစပါးဈေးနှုန်းဖြင့် ဝယ်ယူပေးနိုင်ရေးအတွက် တင်ဒါဖိတ်ခေါ်ခြင်းအား (၁၂.၁၀.၂၀၂၀) ရက်နေ့နှင့် (၁၄.၁၀.၂၀၂၀) ရက် နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ထည့်သွင်း ကြေညာသွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွက် တင်ဒါစနစ်ဖြင့် မိုးစပါးဝယ်ယူရေးဆောင်ရွက်နိုင်ရန်အတွက် တင်ဒါစည်းမျဉ်းစည်းကမ်းများသတ်မှတ်ရေးနှင့်ကန်ထရိုက် စာချုပ် (မူကြမ်း) ပြုစုရေးအဖွဲ့က ရေးဆွဲထားရှိသည့် စပါးဝယ်ယူမည့် စီမံချက်၊ တင်ဒါစည်းကမ်းသတ်မှတ်ချက်များ၊ စပါးဝယ်ယူ၍ ဆန်ပေးသွင်းခြင်းဆိုင်ရာ သဘောတူ စာချုပ်(မူကြမ်း)များနှင့်စပ်လျဉ်း၍ ယနေ့အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးရန်နှင့် အတည်ပြုပါက စီမံချက်၊ စည်းကမ်းသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့တိုင်း ဒေသကြီး/ ပြည်နယ်အတွင်း ဝယ်ယူမည့် စပါးအရေအတွက်နှင့် ကိုက်ညီသည့်ဆန် သိုလှောင်နိုင်မည့် သိုလှောင်ရုံအခြေအနေအား လည်းကောင်း၊ လက်ရှိသိုလှောင်ရုံနှင့် မလုံလောက်၍ ပြင်ပမှသိုလှောင်ရုံငှားရမ်းသုံးစွဲရမည်ဆိုပါက ငှားရမ်းခနှုန်းထားနှင့် ငှားရမ်းခကုန်ကျစရိတ် အခြေအနေအားလည်းကောင်း ဆွေးနွေးပေးရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် စပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှု လုပ်ငန်းအဖွဲ့များအနေဖြင့် ၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို တင်ဒါစနစ်ဖြင့် ဝယ်ယူရေးဆောင်ရွက်ရာတွင် စနစ်တကျ ဆောင်ရွက်ရန်အတွက် ဖြစ်ပေါ် လာနိုင်မည့် အခက်အခဲများအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ ကော်မတီအဖွဲ့ဝင်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများမှ တာဝန်ရှိသူများက အကြံပြုဆွေးနွေး တင်ပြကြရာ ဆွေးနွေးပြောကြားချက်များအပေါ် ဒုတိယဝန်ကြီးက ပြည်လည်ဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

MOC(IR)