Main menu

Background

မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ၏ သတ္တမအကြိမ် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိကြီးများအဆင့် (Senior Officials’ Meeting) အစည်းအဝေး ကျင်းပပြုလုပ်

Fri, 10/16/2020 - 15:44 -- journal_editor

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၆ ရက် (၁၁:၀၀) နာရီအချိန်တွင် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ၏ သတ္တမအကြိမ် နှစ်နိုင်ငံအဆင့်မြင့်အရာရှိ ကြီးများအဆင့် (Senior Officials’ Meeting) အစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းနှင့် အိန္ဒိယနိုင်ငံဘက်မှ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်း ဝယ်ရေးဦးစီးဌာန Joint Secretary Mr. Anant Swarup တို့မှ ဦးဆောင်ပြုလုပ်ခဲ့သည်။

 အဆိုပါ အဆင့်မြင့်အရာရှိကြီးများအဆင့် (Senior Officials’ Meeting) အစည်းအဝေး တွင် ယခင်နှစ်များ၏ နှစ်နိုင်ငံကုန်သွယ်မှု အခြေအနေတို့ကို ပြန်လည်သုံးသပ်ကာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးတက်စေရေး၊ ပဲမျိုးစုံအပါအဝင် မြန်မာပို့ကုန်များ အိန္ဒိယနိုင်ငံသို့ ပိုမိုတင်ပို့နိုင်ရေးနှင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြားကုန်သွယ်မှုတိုးတက်စေရန်အတွက် ယခင်ထက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များကို ဖော်ထုတ်ခဲ့ကြပြီး မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ရေး၊ မြန်မာ့အထည်အလိပ်ကဏ္ဍ ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံမှ ပူးပေါင်းပါဝင်ထောက်ပံ့ကူညီနိုင်ရေး၊ မြန်မာ-အိန္ဒိယ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် ကုန်စည်စီးဆင်းမှု လျင်မြန်စေရေးနှင့် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ လမ်း/တံတားများ အဆင့်မြှင့်တင်နိုင်ရေး၊ ဌာနဆိုင်ရာဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတို့တွင် အိန္ဒိယနိုင်ငံမှ နည်း ပညာများ ထောက်ပံ့ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

ယခုအစည်းအဝေးသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုအရ နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုချောမွေ့စေရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးနိုင်ခဲ့ကြပြီး နှစ်နိုင်ငံစလုံးအတွက် အပြန်အလှန်အကျိုးဖြစ် ထွန်းကာ အောင်မြင်သည့် အဆင့်မြင့် အရာရှိကြီးများ အဆင့်အစည်းအဝေးတစ်ခုဖြစ်သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အိန္ဒိယနိုင်ငံဘက် မှ  သက်ဆိုင်ရာဌာနများ၏ ကိုယ်စားလှယ်များ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOC(IR)