နေပြည်တော်၊ အောက်တိုဘာ ၂၁ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက် ၁၁ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သော အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ အဋ္ဌမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးသို့ အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယမကာများနှင့်စပ်လျဉ်း၍ အမျိုး သားအဆင့်မူဝါဒများကို ညှိနှိုင်းဆွေးနွေးအကြံပြုနိုင်ရန်အတွက် ကော်မတီကိုဖွဲ့စည်းဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ယမကာများသည် လူမှုရေး၊ ကိုယ်ကျင့်တရားနှင့် နိုင်ငံတော်အခွန်ဘဏ္ဍာရရှိမှု တို့နှင့် ဆက်စပ်နေသည့်အတွက် ယင်းနှင့်ပတ်သက်သည့် မူဝါဒများသည် အရေးကြီးကြောင်း၊ အရက်၊ ဘီယာ၊ ဝိုင်စသည့် အထူးကုန်စည်များမှ ကောက်ခံရရှိသည့် အခွန်ရရှိမှုမှာ ပမာဏကြီးမား ကြောင်း၊ ယမကာနှင့်ဆက်စပ်၍ မူဝါဒများချမှတ်ဆောင်ရွက်သည့်အခါ အခွန်ရရှိမှုအပြင် အလုပ် အကိုင်ရရှိရေး၊ ဝင်ငွေရရှိရေးစသည့် အချက်များသည်လည်း အရေးပါသည်ကို တွေ့ရှိရကြောင်း၊ ပြည်တွင်းရှိ အရက်ချက်စက်ရုံများနှင့်ပတ်သက်၍ အသေးစား၊ အလတ်စားလုပ်ငန်းများ ရပ်တည် နိုင်ရေး၊ အလုပ်အကိုင်ရရှိရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည်တို့ကိုလည်း ထည့်သွင်းစဉ်းစား ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေး၌ ဆွေးနွေးမည့်အကြောင်းအရာများတွင် အထက် ဌာနများက ကော်မတီထံသို့ သဘောထားမှတ်ချက်များ တောင်းခံထားသည့်ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊ အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ယနေ့အစည်းအဝေးတွင် ကော်မတီဝင်များအနေဖြင့် တစ်ဦးတစ်ယောက်ချင်းစီ၏ အကြံဉာဏ်များကို စုစည်းဖော်ထုတ်ခြင်း ဖြင့် Brainstorming ပြုလုပ်ကာ ဦးစွာဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ လာမည့်သီတင်းပတ်တွင် အရက်ချက်လုပ်ငန်းဆောင်ရွက်သူ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များနှင့် အစည်းအဝေး တစ်ရပ် ကျင်းပပြုလုပ်ပြီး ၎င်းတို့၏သဘောထားများကို ရယူစုစည်း၍ နောက်တစ်ကြိမ် ထပ်မံ ကျင်းပမည့် ကော်မတီအစည်းအဝေးတွင် ပြန်လည်ဆွေးနွေးကာ မူဝါဒတစ်ရပ် သုံးသပ်တင်ပြ နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာနမှ သတ္တမအကြိမ်ကော်မတီအစည်း အဝေးဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစည်းအဝေး အစီအစဉ်များအတိုင်း ဆွေးနွေးရန်ရှိသည့် အကြောင်းအရာများကိုကော်မတီဝင်များမှ ဝိုင်းဝန်း ဆွေးနွေးအကြံပြုခဲ့ကြရာ တင်ပြဆွေးနွေးမှုများအပေါ် ဒုတိယဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေး၍ နိဂုံး ချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ တက်ရောက်လာကြသော အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင် ရာများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
MOC (IR)