Main menu

Background

COVID-19 အလွန်ကာလတွင် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ပို၍ကြံ့ကြံ့ခံနိုင်စွမ်းရှိလာစေရန် Myantrade ၏ ကုန်သွယ်ရေးသတင်းအချက်အလက် ဝက်ဘ်ဆိုက်အသစ်တစ်ခုအား စတင်အကောင်အထည်ဖော်ခြင်း။

Thu, 10/22/2020 - 14:52 -- journal_editor

၂၁ ရက်၊ အောက်တိုဘာလ၊ ၂၀၂၀ ခုနှစ်

 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myantrade) သည် အဆင့်မြင့်လုပ်ဆောင်ချက်များ၊ Function များနှင့် စုံလင်သည့် အကြောင်းအရာများ ပါဝင်သော ဌာနဆိုင်ရာ ဝက်ဘ်ဆိုက်အသစ် (www.myantrade.gov.mm) ကို ယနေ့တွင် စတင်လွှင့်တင်ခဲ့ပြီဖြစ်ပါသည်။ ဤဝက်ဘ်ဆိုက်အသစ်သည် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာဈေးကွက်များသို့ တိုးချဲ့လိုသော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့်၊ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို ဝယ်ယူပြီး ဝန်ဆောင်မှုများကိုရယူလိုသော နိုင်ငံတကာမှဝယ်ယူသူများအတွက် အရေးပါသည့် သတင်းအချက်အလက် ရင်းမြစ်တစ်ခုဖြစ်လာမည်ဖြစ်ပါသည်။ ဝက်ဘ်ဆိုက်အသစ်တွင် မြန်မာကုမ္ပဏီများသည် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံ၊ အချိန်နှင့်တစ်ပြေးညီ တစ်စုတစ်ဝေးတည်း ရရှိလေ့လာနိုင်မည်ဖြစ်ပါသည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အသွားအလာများ ကန့်သတ်ထားချိန်တွင် ကုမ္ပဏီများသည် အရည်အသွေးပြည့်ဝသော ကုန်သွယ်မှုဆိုင်ရာသတင်းအချက်အလက်များကို အွန်လိုင်းမှ တဆင့်ရယူခြင်းဖြင့် မိမိတို့စီးပွားရေးလုပ်ငန်းအတွက် ပြန်လည်ကုစားမှုအစီအစဉ်များနှင့် ဈေးကွက်ချဲ့ထွင်ရေးကို အလွယ်တကူနှင့် ဘေးကင်းစွာစီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

ယခုအခါ မြန်မာနိုင်ငံမှ စိတ်အားထက်သန်လှသည့် တင်ပို့သူများသည် ကမ္ဘာ့ကုန်သွယ်ရေး စီးဆင်းမှုဆိုင်ရာ အချက်အလက်များ၊ စီးပွားရေးကဏ္ဍများနှင့် ထုတ်ကုန်အလားအလာများ၊ အခွန်နှုန်းထားများ၊ အကောက်ခွန် မဟုတ်သော သတ်မှတ်ချက်များ၊ မိမိဦးတည်သည့်ဈေးကွက်ဆိုင်ရာ စည်းမျဉ်းများ၏ အချက်အလက်များကို အွန်လိုင်းမှ အလွယ်တကူ ရယူနိုင်ပြီဖြစ်ပါသည်။ မဟာဗျူဟာကျသည့် ဈေးကွက်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန်အတွက် ကိုယ်တိုင်ဆန်းစစ်သုံးသပ်နိုင်မည့် အစီအစဉ်များနှင့် နောက်ဆုံးပေါ် ကုန်သွယ်မှုအချက်အလက်များအား သုံးစွဲသူစိတ်တိုင်းကျ ရွေးချယ်နိုင်သော အပြင်အဆင်များဖြင့် အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးထားပါသည်။ ဝက်ဘ်ဆိုက်အသစ်တွင် တောင်အာရှဒေသ၏ ဈေးကွက်သတင်းအချက်အလက် ရင်းမြစ်ကိုလည်း ပါဝင်ထည့်သွင်းထားပါသည်။ ထို့ပြင် မြန်မာ့အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာတွင် ဝင်ဆံ့နိုင်ရန်အတွက် ထုတ်ပိုးမှုကုမ္ပဏီများ၊ ကုန်ပစ္စည်းတင်ပို့သူများနှင့် အကောက်ခွန် ဝန်ဆောင်မှုပေးသူများအထိ ပါဝင်သော “စီးပွားရေးအထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများ” စာရင်းကိုလည်း ထည့်သွင်းထားသည်။

 

မြန်မာနိုင်ငံ၏ ထူးခြားသောထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်းကို သိရှိလေ့လာလိုသော နိုင်ငံတကာမှဝယ်ယူသူများအတွက် မြန်မာ့ပို့ကုန်များနှင့် တင်ပို့သည့်ကုမ္ပဏီများ၏ အဓိက သတင်းအချက်အလက်များကို ဤဝက်ဆိုက်တွင်ဖော်ပြထားပါသည်။ နိုင်ငံတကာမှဝယ်ယူသူများသည် အမြဲ ဆန်းသစ်မွမ်းမံလျက်ရှိသော တင်ပို့သူများ၏ ဒေတာအချက်အလက်များမှတဆင့် ပြည်တွင်း ရောင်းချသူများကို လေ့လာ သိရှိနိုင်မည် ဖြစ်ပါသည်။ နောက်ဆုံးတွင် e-Commerce Platform တစ်ခုဖြစ်လာမည့် အွန်လိုင်းဈေးတန်း (virtual marketplace) သည် အသေးစားနှင့် အလတ်စားလုပ်ငန်းများနှင့်၊ တင်ပို့သူများအား ၎င်းတို့၏ ထုတ်ကုန်များကို ပြသနိုင်ရုံသာမက အရောင်းမြှင့်တင်နိုင်ရန်အတွက် ပံ့ပိုးပေးမည်ဖြစ်သည်။

 

မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (Myantrade) ၏ Website အသစ်သည် ဌာနဆိုင်ရာ ပြယုဒ်ဝက်ဆိုက်အဖြစ်သာမက မြန်မာလုပ်ငန်းရှင်များ နိုင်ငံတကာသို့တက်လှမ်းနိုင်ရန် စဉ်ဆက်မပြတ် ပြောင်းလဲနေသော ကုန်သွယ်မှုသတင်းအချက်အလက်များကို ကိုယ်တိုင်ရှာဖွေစီမံနိုင်သည့် အချက်အလက်ရင်းမြစ် တစ်ခုပင် ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများသည် ကွန်ပျူတာများနှင့် မိုဘိုင်းဖုန်းများမှတစ်ဆင့် ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ရယူနိုင်တော့မည် ဖြစ်ပါသည်။ ဤအချက်ကြောင့်ပင် မြန်မာကုမ္ပဏီများသည်  ကမ္ဘာ့ ဈေးကွက်တွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာလိမ့်မည်ဟု ထင်မြင်မိပါကြောင်း” မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (Myantrade) မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ မှ ပြောကြားခဲ့သည်။

 

ထို့ပြင် မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (Myantrade) မှ ပုဂိ္ဂုလ်များထံ တိုက်ရိုက်မေးမြန်းနိုင်မည့် အစီအစဉ်ဖြစ်သည့် “Live Chat” ကိုလည်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။ “စုံစမ်းမေးမြန်းမှုဆိုင်ရာ စီမံခန့်ခွဲရေးစနစ်” သည် အသုံးပြုသူများ၏ လိုအပ်ချက်နှင့်အညီ ဝန်ဆောင်မှုများကို သေချာစွာပေးနိုင်ရန်နှင့် ဝန်ဆောင်မှုဆိုင်ရာ အရည်အသွေးကို ကြည့်ရှုစစ်ဆေး နိုင်ရန်အတွက် Myantrade ကို ကူညီပေးနိုင်မည်ဖြစ်သည်။ 

 

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဌ ဒေါက်တာ မောင်မောင်လေး က “မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myantrade) ၏ ပြင်ဆင်မွမ်းမံထားသော သတင်း အချက်အလက် ၀န်ဆောင်မှုများသည် စီးပွားရေးလုပ်ငန်းရှင်များအား ပြည်ပရှိစျေးကွက်နှင့် အခွင့်အလမ်းများနှင့် ပတ်သက်ပြီး အသိပညာကွာဟမှုကို ပိုမိုကျဉ်းမြောင်းသွားစေရန်  ကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဤ Website အသစ်သည် အရေးကြီးသောစျေးကွက်ဝေစုများရရှိရန်နှင့် မြန်မာနိုင်ငံ၏ပို့ကုန်ဆောင်ရွက်ချက်ကို မြှင့်တင် နိုင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ပုဂ္ဂလိကဏ္ဍများကို အကျိုးပြုသွားနိုင်မည်ဖြစ်ပါသည်။” ဟုထည့်သွင်းပြောကြားခဲ့သည်။

 

Website ၏ ထူးခြားသည့် လုပ်ဆောင်နိုင်မှုတစ်ခုမှာ အွန်လိုင်းမှ လေ့ကျင့်ရေးသင်တန်းများကို ထည့်သွင်းထားခြင်းပင် ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့၏ ဈေးကွက်ဆိုင်ရာစီမံခန့်ခွဲမှုစွမ်းရည်ကို ပိုမိုမြှင့်တင်ရန်အတွက် အထူးအွန်လိုင်း e-learning သင်တန်းများ ၏ သင်ခန်းစာ အမျိုးမျိုးမှတစ်ဆင့် အလွယ်တကူလေ့လာနိုင်ပါသည်။ ဤ e-learning Platform သည် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအား စျေးကွက်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို နည်းစနစ်တကျ ချမှတ်နိုင်ရန်အတွက် ကူညီပေးမည် ဖြစ်သည်။

 

မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (Myantrade) ၏ ကုန်သွယ်ရေးဆိုင်ရာ အချက်အလက်ဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ခြင်းစီမံကိန်းဆောင်ရွက်ချက်များအား မြန်မာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း (TIP) နှင့် ပူးတွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ TIP ကို  ယူကေအစိုးရမှ ရန်ပုံငွေထောက်ပံ့မှုပေးပြီး နိုင်ငံတကာကုန်သွယ်မှု ဗဟိုဌာန (ITC) မှ အကောင်အထည်ဖော်လျက် ရှိသည်။