၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ (၁၀:၀၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ၃ လ လျှင်တစ်ကြိမ် ကျင်းပပြုလုပ်သော မြန်မာစီးပွားရေးသံမှူးများ၏ ၎င်းတို့တာဝန်ထမ်းဆောင်နေသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်နိုင်မှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်ပြီး လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေ ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်နိုင်ရေး၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များအား ချိတ်ဆက်ပေးနိုင်ရေးတို့အတွက် အလေးထားဆောင်ရွက်ရန်နှင့် လက်ရှိ Covid-19 ကာလတွင် မိမိတို့ရောက်ရှိနေသည့် နိုင်ငံအသီးသီး၏ စီးပွားရေး ပြည်လည်ထူထောင်ရေး လုပ်ငန်းများ ကို လေ့လာတင်ပြသွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးမှ ပြောကြားရာ တွင် စီးပွားရေးသံမှူးများ၏ အဓိကလုပ်ငန်းတာဝန်မှာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာ စေရေးဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် စီးပွားရေးသံမှူးများအပေါ်တွင် မြင့်မားသောမျှော်မှန်းချက်များ ရှိသည့်အားလျော်စွာ အဆိုပါမျှော်မှန်းချက် ပြည့်မီစေရေး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွား ကြရန် လိုအပ်ကြောင်း၊ ယခုအချိန်တွင် တချို့နိုင်ငံများအနေဖြင့် ၄င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအား မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် စိတ်ဝင်စားလျှက်ရှိနေကြရာ အဆိုပါအခွင့်အရေးအား မိမိတို့ အနေဖြင့် အမိအရဆုပ်ကိုင်သွားနိုင်ရေး ကြိုးပမ်းသွားကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပထမနေ့ အစီအစဉ်အဖြစ် အမေရိကန်၊ တရုတ်(ပေကျင်း၊ နန်နင်း၊ ဟောင်ကောင်)၊ ဂျပန်၊ ကိုရီးယားနိုင်ငံများသို့ စေလွှတ်ထားသည့် စီးပွားရေးသံမှူးများက ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု၊ ချိတ်ဆက်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင် ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးတို့မှ မြန်မာနိုင်ငံတွင် E-commerce ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိတာဝန်ကျနေသည့် နိုင်ငံ များတွင် ဆောင်ရွက်နေမှုအခြေအနေများအားလေ့လာပြီး ချိတ်ဆက်ပေးသွားရန်၊ MSME လုပ်ငန်းများ တွင် အသုံးပြုသည့် စက်ကိရိယာများဝယ်ယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ ကိုရီးယားနှင့် ဂျပန် နိုင်ငံများသို့ အလုပ်သမားများစေလွှတ်နိုင်ရေး အလားအလာရှိသည့်လုပ်ငန်းများအား လေ့လာတင်ပြရန်၊ ခရီးသွားကဏ္ဍတိုးတက်ရေးကြိုးပမ်းဆောင်ရွက်ကြရန်နှင့် စီးပွားရေး သံမှူးများအကြား သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်သွားကြရန်တို့ကို လမ်းညွှန် မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ သည်။
ဒုတိယနေ့ အစီအစဉ်အဖြစ် ၂၃-၁၀-၂၀၂၀ နေ့တွင် ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံတို့ရှိ မြန်မာစီးပွားရေးသံမှူးများနှင့် ဆက်လက်တွေ့ဆုံပြီး လမ်းညွှန်မှာကြား မည်ဖြစ် သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ပနိုင်ငံများရှိ စီးပွားရေးသံမှူး များနှင့် ထပ်မံစေလွှတ်မည့် စီးပွားရေးသံမှူး (၁) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
MOC IR