Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တက်ရောက်အမှာစကားပြောကြား

Tue, 11/03/2020 - 12:01 -- journal_editor

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၉ ရက် နံနက် ၀၉:၃၀ နာရီတွင် နေပြည်တော် ရုံးအမှတ် (၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သော ဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြားခဲ့သည်။

              ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန် သွယ်မှုတိုးတက်လာစေရေးနှင့် အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုလိုငွေ ၅.၅ ဘီလီယံခန့်ရှိခဲ့ရာမှ ပို့ကုန်တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလို ငွေ ၁ ဒသမ ၄ ဘီလီယံခန့်အထိ လျော့ကျခဲ့ပါကြောင်း၊ COVID-19 ကာလတွင်လည်း ကုန်သွယ်မှုကဏ္ဍတွင် ထိခိုက်မှုနည်းပါးသည်ဟု ယူဆနိုင်သော်လည်း ၂၀၂၀-၂၀၂၁ တွင် ထိခိုက်မှုရှိလာနိုင်သည့် အတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့်  COVID-19 အလွန်ကာလတွင် ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်တို့ အတွက် အစီအမံများချမှတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် (CERP) ကိုလည်း လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ဝန်ကြီးဌာန အနေဖြင့် ပို့ကုန်/ သွင်းကုန်လိုင်စင်ထုတ်ပေးခြင်းကို အချိန်နှင့် ငွေကြေးကုန်ကျမှု သက်သာစေရေးအတွက် Fully Online စနစ်ဖော်ဆောင်ပေးခြင်း၊ လိုင်စင်ကြေး များ ဖြေလျှော့သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး MyanmarTradeNet 2.0 ကိုလည်း စတင်အသုံးပြုဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှု လုပ်ငန်းများအပြင် နိုင်ငံတော်မှပေးအပ်သည့် တာဝန်များဖြစ်သော မြန်မာအထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ မိမိတို့ဝန်ကြီးဌာနတွင် မူပိုင်ခွင့်ဌာနတစ်ခုတိုးလာခဲ့ပြီး ဝန်ကြီးဌာန၏လုပ်ငန်းစဉ်များလည်း ပိုမိုကျယ်ပြန့်လာသဖြင့် စနစ်တကျ ပိုမိုအလေးထားဆောင်ရွက်သွားကြရန်လိုအပ်ပါ ကြောင်း၊ ကုန်သွယ်မှုမြင့်တင်နိုင်ရေးနှင့် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် စီးပွားရေးသံမှူး ၁၅ ဦးကို ပြည်ပနိုင်ငံ ၁၂ နိုင်ငံသို့ စေလွှတ်တာဝန်ပေးအပ် ထားနိုင်ခဲ့ပြီး ကုန်သွယ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ကုန်စည်ပြပွဲများကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပို့ကုန်ပိုမို တိုးမြှင့်နိုင်ရေးအတွက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်နိုင်စွမ်းရှိစေရန် လိုအပ်သကဲ့သို့ ဈေးကွက်တစ်ခုတည်းကို မှီခို အားထားနေခြင်းမပြုဘဲ ကျယ်ပြန့်သောဈေးကွက်ရ ရှိစေရေးနှင့် ဈေးနှုန်းနှင့်အရည်အသွေးယှဉ်ပြိုင်နိုင်စွမ်းရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်စေရေးတို့အတွက်လည်း ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

              ဆက်လက်၍ ဒုတိယဝန်ကြီးကပြောကြားရာတွင် ဦးစီးဌာနအလိုက် တာဝန်ရှိသူအဆင့် ဆင့်အနေဖြင့် ပြီးခဲ့သည့်ကာလအတွင်း မိမိတို့ဌာနအလိုက် ဆောင်ရွက်ပြီးစီးခဲ့မှု၊ အောင်မြင်မှုများ ကိုသုံးသပ်ရန် လိုအပ်သကဲ့သို့ ပြဌာန်းထားသည့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ရှေ့ဆက် ဆောင်ရွက်မည့်အစီအမံများကို စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အင်တာ နက်နှင့် အွန်လိုင်းစနစ်များကို ပိုမို အသုံးချဆောင်ရွက်လာခြင်း၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်စေရန် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖွင့်လှစ်ခြင်း၊ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်လာနိုင်ခြင်း၊ စားသုံးသူကာကွယ်ရေး ကော်မတီများဖွဲ့စည်း၍ စားသုံးသူများ၏အကျိုးစီးပွားကို ဆောင်ရွက်ခြင်းကိုလည်း ပိုမိုဆောင်ရွက်ပေးနိုင် ခဲ့သည်ကို မြင်တွေ့ရပါကြောင်း၊ ထို့ပြင် နိုင်ငံတော်၏အရေးပေါ်ရိက္ခာဝယ်ယူရေး၊ တောင်သူလယ်သမားအကျိုးစီးပွား မြှင့်တင်ရေးအဖြစ် အခြေခံဈေးနှုန်းဖြင့် ဆန်စပါးဝယ်ယူရေးတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပို့ကုန်မြှင့်တင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာကို ချမှတ်ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်မှုဆိုင်ရာ အထောက်အကူပေးနိုင်မည့် Help Desk များနှင့် International Trade Center တို့ တည် ထောင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မူပိုင်ခွင့် ကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတကာကုန် သွယ်မှုအတွက် အရေးပါသည့် ဥပဒေ (၄) ခုအား ပြဌာန်းနိုင်ခဲ့ပြီး ရေးဆွဲနေ ဆဲဥပဒေများလည်းရှိနေခြင်းတို့မှာ သိသာထင်ရှားသော အောင်မြင်မှုများဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ပုဂ္ဂလိကကဏ္ဍ၏ အင်အားကိုယူ၍ ဈေးကွက်စီးပွားရေးစနစ်ကို စနစ်တကျဖော်ဆောင်သွားကြရ မည်ဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းများ၏ အရည်အသွေးပြည့်ဝနေစေရန် အစဉ်ကြိုးပမ်းသွားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများအလိုက် ညွှန်ကြားရေးမှူးချုပ်များ၊ နယ်စပ် ကုန်သွယ်ရေးစခန်းတာဝန်ခံများ၊ တိုင်းဒေသကြီးများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

MOC(IR)