Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး အသေးစား ၊ အလတ်စား အရက်ချက်စက်ရုံများ၏ အရက်ထုတ်လုပ်နိုင်မှုနှင့် သတ်မှတ် လုပ်ထုံးလုပ်နည်းလိုက်နာမှုအခြေအနေနှင့် ပတ်သက်သည့် အစည်းအဝေးသို့ တက်ရောက်

Fri, 11/20/2020 - 19:49 -- journal_editor

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သည့် အသေးစား ၊ အလတ်စား အရက်ချက်စက်ရုံများ၏ အရက်ထုတ်လုပ်နိုင်မှုနှင့် သတ်မှတ်လုပ်ထုံးလုပ်နည်းလိုက်နာမှုအခြေအနေနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာ စကားပြောကြားခဲ့သည်။

          ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်အရ အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေး ကော်မတီကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကော်မတီအနေဖြင့် ယမကာများကို ထုတ်လုပ်မှု၊ တင်သွင်းမှု၊ ရောင်းချမှုများနှင့် ပတ်သက်၍ သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် ကော်မတီအစည်းအဝေးများကိုလည်း ပုံမှန်ကျင်းပ ပြီး ယမကာများ ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှု၊ သက်ဆိုင်ရာ ယစ်မျိုးလိုင်စင်များ လျှောက်ထားမှု ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ချက်များ ကိုချမှတ်ခြင်း၊ လိုအပ်ပါက အထက် အဖွဲ့အစည်းများသို့ တင်ပြဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့ကိစ္စ ရပ်များတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ အသင်းအဖွဲ့ များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ သဘောထား၊ အကြံပြုချက်များကို ရယူဆောင်ရွက်ခြင်းတို့ကို လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသ ကြီးအသီးသီးရှိ အရက်ချက် စက်ရုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးများရှိ အသေးစားနှင့် အလတ်စားအရက်ချက်စက်ရုံ လုပ်ငန်းရှင်များအနေဖြင့် လက်ရှိ လုပ်ငန်းဆောင်ရွက်မှု၊ စက်ရုံလည်ပတ်ဆောင်ရွက်နိုင်မှုအခြေအနေ၊ အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်၊ ချက်လုပ်ခွင့်လိုင်စင်များ ရယူဆောင်ရွက်ရာတွင် သက်ဆိုင်ရာဆက်စပ်ဌာနများ၏ စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်နိုင်မှုအခြေအနေများ၊ အထူးသဖြင့် လုပ်ငန်းရှင်များ၏ ရေဆိုးသန့်စင်စွန့်ပစ် စနစ် တပ်ဆင်နိုင်မှုအခြေအနေများကို သိရှိနိုင်ရေးအတွက် အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ ဆောင်ရွက်မှု အခြေအနေများကို ရယူစု စည်းသွားပြီး နောက်တစ်ကြိမ်ကျင်းပမည့် အရက်၊ ဘီယာ၊ ဝိုင် (ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးသွားမည် ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

          ဆက်လက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အရက်ချက်စက်ရုံလုပ်ငန်းရှင်များက ၎င်းတို့၏ စက်ရုံလည်ပတ်နိုင်မှုအခြေအနေ၊ ရေဆိုးသန့်စင်စွန့်ပစ်စနစ် တပ်ဆင်ဆောင်ရွက်နိုင်မှု အခြေအနေ၊ D-1၊ D-2 ယစ်မျိုးလိုင်စင်များရယူ၍ လုပ်ငန်းဆောင်ရွက်ရာတွင် လက်ရှိဆောင်ရွက် နေမှုအခြေအနေများ၊ အခက်အခဲများကို တင်ပြဆွေးနွေးကြပြီး၊ သက်ဆိုင်ရာဌာနများမှလည်း ဌာန အလိုက် သတ်မှတ်လုပ်ထုံးလုပ်နည်း၊ သတ်မှတ်ချက်များ၊ လုပ်ငန်းရှင်များ၏ တင်ပြဆွေးနွေးချက် များအရ ဆက်လက်ညှိနှိုင်းဆောင်ရွက်မည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ဒုတိယဝန်ကြီး ဦးအောင်ထူးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို (၁၆:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ကော်မတီအဖွဲ့ဝင်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အသေးစား နှင့် အလတ်စား အရက်ချက်စက်ရုံ (၂၃) ရုံ ကိုယ်စား လုပ်ငန်းရှင်စုစုပေါင်း (၁၇) ဦးတို့ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOC(IR)