Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ (၁၀) နှစ်ပြည့် ဖိုရမ် အခမ်းအနားတွင် ဗီဒီယိုမိန့်ခွန်းပြောကြား

Sat, 11/28/2020 - 19:22 -- journal_editor

  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ နေ့မှ ၃၀ နေ့အထိ ကျင်းပပြုလုပ်သည့် ၁၇ ကြိမ်မြောက် အာဆီယံ-တရုတ်ကုန်စည်ပြပွဲကာလအတွင်း ဆက်စပ်ကျင်းပသည့် အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်မှုဒေသ (၁၀)နှစ်ပြည့်အခမ်း အနား (China-ASEAN Free Trade Area 10th Anniversary Forum)ကို  နိုဝင်ဘာလ၂၈နေ့ တရုတ်စံတော်ချိန် (၀၉:၀၀) နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နန်နင်းမြို့ရှိ Nanning International Convention & Exhibition Center ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် ဗီဒီယိုမိန့်ခွန်း ပေးပို့ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ဗီဒီယိုမိန့်ခွန်းပြောကြားရာတွင် ယခု ၂၀၂၀ ပြည့်နှစ်သည် အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု‌ဒေသထူထောင်သည့် (၁၀) နှစ်ပြည့်သည့်နှစ်တစ်နှစ်ဖြစ်သည့်အပြင် တရုတ် - အာဆီယံ ဒီဂျစ်တယ်စီးပွား‌ရေးပူးပေါင်းဆောင်ရွက်မှု စတင်ဆောင်ရွက်သည့်နှစ်လည်းဖြစ်ပါကြောင်း၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသတွင် နိုင်ငံပေါင်း (၁၁) နိုင်ငံ ပါဝင်ပြီး စားသုံးသူဦးရေ (၂) ဘီလီယံ ခန့်ရှိသည့်အပြင် ကမ္ဘာတွင် စီးပွားရေဖွံ့ဖြိုးမှု အမြန်ဆုံးဖြစ်သည့် အုပ်စု တစ်ခုဖြစ်ပါကြောင်း၊ အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်မှုဒေသစတင်ထူထောင်ခဲ့စဉ်မှစ၍ တရုတ်နိုင်ငံသည် အာဆီယံ ၏ အကြီးမားဆုံး ကုန်သွယ်မှု မိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် နိုင်ငံများအနေဖြင့် COVID-19  ကပ်ရောဂါကို ရင်ဆိုင်ကြုံတွေ့နေရသော်လည်း အာဆီယံနှင့် တရုတ်နိုင်ငံအကြား စီးပွားရေး နှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုမှာ တိုးတက်လျက်ရှိပါကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ် နှံမှု မှာလည်း တစ်နှစ်ပြီးတစ်နှစ် တိုးတက်လျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားသည် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုများကို နောင်နှစ်ပေါင်းများစွာတိုင် နက်နက်ရှိုင်းရှိုင်းနီးကပ်စွာ ဆောင်ရွက်နိုင်ရန် အတွက် အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ COVID-19  ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ဒေသတွင်းကုန်စည်စီးဆင်းမှုများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ စီးပွားရေး လုပ်ငန်း စတင်ဆောင်ရွက်သူများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ခုခံနိုင်မှု အားနည်းသော အစုအဖွဲ့များအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များ ဖော်ထုတ်ပေးနိုင်ရေးကို  မိမိတို့အနေဖြင့် ယခင်ကထက်နှစ်ဆကြိုးစားအားထုတ် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရန်၊ စီးပွားရေးအခွင့်အလမ်းသစ်များအားဖော်ဆောင်ရန်၊ ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးရန်နှင့် အလားအလာရှိသည့်နည်းပညာများအား အသုံးပြုရေး တွန်းအားပေးဆောင်ရွက်ရန် အတွက် အတူတကွလက်တွဲဆောင်ရွက်ရန်တို့ကိုလည်း ယနေ့အခမ်းအနားတွင် အလေးထား ဖော်ပြထားပါကြောင်း၊ဒီဂျစ်တယ်ပေါင်းစည်းမှုသည် ဒေသတွင်း စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းအားအတွက် အလွန်အရေးကြီး ပါကြောင်း၊ အာဆီယံနှင့်တရုတ်နိုင်ငံအကြား ဒီဂျစ်တယ်စီးပွားရေးမြှင့်တင်နိုင်ရန်အတွက် Cyber Space ကို လုံခြုံစိတ်ချစွာအသုံးပြုနိုင်ရေး လိုအပ်သည့်နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်မှုများကို ပူးပေါင်းဆောင် ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဒီဂျစ်တယ်ခေတ်တွင် အာဆီယံတရုတ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုမြှင့်တင်ရန်အတွက် အစိုးရအဖွဲ့အစည်းများသာမက ပြည်သူလူထု အသိုက်အဝန်းတစ်ခုလုံးကို အခြေပြု ၍ အခွင့်အလမ်းများဖော်ထုတ်နိုင်ရန် ကြိုးစားဖော်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ယနေ့ ကျင်းပပြုလုပ် သည့် အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ (၁၀)နှစ်ပြည့် ဖိုရမ် အခမ်းအနား တွင် Covid -19 ကာလအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရေး ဆောင်ရွက်မှုများအပြင် post Covid -19 ကာလအတွက် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်မှုများကို ဆောင်ရွက်နိုင်သည့်  သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမည်ဟုလည်း ယုံကြည်ပါကြောင်း၊ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများသည် နိုင်ငံရေး ကတိကဝတ် တစ်ခုတည်းဖြင့် မအောင်မြင်နိုင် ပါကြောင်း၊ နိုင်ငံများအကြား မတူညီသည့်အခြေအနေနှင့် နက်နဲသိမ်မွေ့သည့်  တန်ဖိုးထားမှုများကို သိရှိနားလည်မှုမှာလည်း အ‌ရေးကြီးပါကြောင်း၊ မိမိအနေဖြင့် အာဆီယံ-တရုတ် နိုင်ငံများအကြား  လက်တွဲ ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင်တစ်ခုကို ထိရောက်စွာ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ယခု ကျင်းပပြုလုပ်သည့် အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်မှု (၁၀)နှစ်ပြည့်ဖိုရမ်တွင်  အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်တို့က ဗီဒီယိုမိန့်ခွန်းများ ပေးပို့ပြောကြားခဲ့ပါသည်။ ထို့နောက် လွတ်လပ်သော ကုန်သွယ်မှုဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို တက်ရောက် လာကြသည့် အာဆီယံ သံအမတ်ကြီးများနှင့် တရုတ်နိုင်ငံရှိ တာဝန်ရှိသူများက Key Note Speech များပြောကြားပြီး  အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြပါသည်။ ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များ နှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသအတွင်း စျေးကွက်အခွင့်အလမ်းများနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

MOC(IR)