Main menu

Background

မြန်မာ- တရုတ်သံတမန်ဆက်ဆံရေး နှစ်(၇၀) ပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ- တရုတ်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၂၀

Sat, 11/28/2020 - 19:27 -- journal_editor

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ နေ့မှ ၃၀ နေ့အထိ ကျင်းပ ပြုလုပ်သည့် ၁၇ ကြိမ်မြောက် အာဆီယံ-တရုတ်ကုန်စည်ပြပွဲကာလအတွင်း ဆက်စပ်ကျင်းပသည့် မြန်မာ-တရုတ်နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ-တရုတ်ကုန်သွယ် ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၂၀ တို့ကို နိုဝင်ဘာလ ၂၇ နေ့ တရုတ်စံတော်ချိန် (၁၄:၀၀) နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိ Nanning International Convention & Exhibition Center ၌ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဗီဒီယိုမိန့်ခွန်းပေးပို့ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ဗီဒီယိုမိန့်ခွန်းပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံ တို့သည် သံတမန်ဆက်ဆံမှုကို ၁၉၅၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ယခုအခါနှစ်ပေါင်း (၇၀)ပြည့် မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ နှစ်ပေါင်း(၇၀) ခရီးလမ်းတစ်လျှောက်တွင် တည်ရှိပြီးဖြစ်တဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှု၊ အိမ်နီးချင်းကောင်းပီသမှုတို့ကိုအခြေခံပြီး ပိုမိုနက်ရှိုင်းသည့်ချစ်ကြည် ရင်းနှီးမှုကိုတည်ဆောက်နိုင်ခဲ့ပါကြောင်း၊COVID-19 ကမ္ဘာ့ကပ်ရောဂါကို တွန်းလှန်တိုက်ဖျက်သည့်နေရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေနှင့် မြန်မာနိုင်ငံအ‌ပေါ် စေတနာထက်သန်စွာဖြင့် ကူညီထောက်ပံ့မှုများပေးအပ်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံ ပြည်သူ/ ပြည်သားများ၏ကိုယ်စား တရုတ် ပြည်သူ့သမ္မတနိုင်ငံအား ‌ကျေးဇူးအထူးတင်ရှိပါကြောင်း၊ယခု ၂၀၂၀ ပြည့်နှစ်သည် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု တည်ထောင်သည့်နှစ် (၇၀)ပြည့် အထိမ်းအမှတ်သာမက အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု‌ဒေသ ထူထောင်သည့် (၁၀) နှစ်ပြည့် သည့်နှစ်တစ်ဖြစ်သည့်အပြင် တရုတ် - အာဆီယံ ဒီဂျစ်တယ်စီးပွား‌ရေးပူးပေါင်းဆောင်ရွက်မှု စတင် ဆောင်ရွက်သည့်နှစ်လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အ‌ရေးပါသည့် နှစ်တစ်နှစ်ဟုလည်းဆိုရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုထင်ဟပ်စေသည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ကျင်းပခဲ့သည်မှာ (၁၇) နှစ်တိုင်ရှိပြီဖြစ်ပါကြောင်း၊  ယနေ့ကျင်းပသည့် အခမ်းအနား၏ ရည်ရွယ်ချက်ဆောင်ပုဒ်သည် “တရုတ် - မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် စီးပွားရေးဆိုင်ရာ ရွှေရောင်လွှမ်းသည့် အခွင့်အ လမ်းများကို ယှဉ်တွဲပူးပေါင်း၍ ဖန်တီးခြင်းနဲ့မျှဝေခြင်း” ဖြစ်သည့်အတွက် ယနေ့အချိန်အခါနှင့် အလွန် လိုက်လျောညီထွေမှုရှိသည့်အပြင် သင့်လျော်ကောင်းမွန်မှုရှိသည့် ဆောင်ပုဒ်ကောင်းတစ်ခုဖြစ်ပါ ကြောင်း၊ ယနေ့အခမ်းအနားတွင်လယ်ယာထုတ်ကုန်များ၊အခြေခံအ‌ဆောက်အဦ၊ ရင်းနှီးမြှုပ်နှံမှုစသည့် ကဏ္ဍများကို ဦးစားပေးသတ်မှတ်ပြီး ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ရှင်သန်ခိုင်မာစေရေးအတွက် နည်းလမ်းများနှင့် တရုတ်-မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းများ ပိုမို အဆင်ပြေချောမွေ့စေ‌ရေးကို ဆွေးနွေးသွားမည်ဟုသိရှိရသည့်အတွက် နှစ်နိုင်ငံစလုံးအတွက် အကျိုး ကျေးဇူးဖြစ်ထွန်းစေမည့်ရလဒ်များကို ဆောင်ကျဉ်းလာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နယ်စပ်ကုန်သွယ်မှုစနစ်တွင် ကုန်သွယ်မှုဆိုင်ရာနည်းလမ်းများ အဆင်ပြေချောမွေ့စေရေးနှင့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများဖယ်ရှားရေးတို့ကို ပူး‌ပေါင်းဆောင်ရွက်ပေးနိုင်ရန် အဆိုပြုတိုက်တွန်း လိုပါကြောင်း၊ နှစ်နိုင်ငံအကြား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးတို့ကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊မြန်မာထုတ်ကုန်များ၏ အရည်အသွေးစစ်ဆေးရေးအတွက် နည်းပညာ ဆိုင်ရာပံ့ပိုးမှုများရရှိရေးနှင့် အီလက်ထရောနစ်ကူးသန်း‌ရောင်းဝယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် တရုတ်နိုင်ငံ၏ပူး ပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ်လိုပါကြောင်း၊နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု နှစ်(၇၀)ပြည့် အခမ်းအနားမှသည် နောင် နှစ်ပေါင်းများစွာတိုင် အဓွန့်ရှည်တည်တံ့ခိုင်မြဲစွာတည်ရှိနေမည်ဟု မိမိအနေနှင့် အခိုင်အမာယုံကြည်ပါ ကြောင်း၊ တရုတ် - မြန်မာ နှစ်နိုင်ငံအကြား ကောင်းမွန်သည့်ဆက်ဆံရေးသည် မိမိတို့နှစ်နိုင်ငံအတွက် သာမက ‌ဒေသတွင်းပြည့်စုံကြွယ်ဝမှုကို အထောက်အကူပြုစေမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ဆက်ဆံ ရေးပိုမိုရှင်သန်ခိုင်မာလာစေရန် နယ်ပယ်ကဏ္ဍတိုင်းတွင် ပြည်သူချင်း၊ အစိုးရချင်း လက်တွဲညီညီပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

       အဆိုပါအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Li Chenggang၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုတိယအုပ်ချုပ် ရေးမှူး၊ Mr. Zhou Hongbo နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ တို့က မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ပြီး နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီးပွားရေးသံမှူးက “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်နှင့် အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  တရုတ် ကုမ္ပဏီနှစ်ခုက  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများဆောင်ရွက်ရာ၌ ရရှိသော အောင်မြင်မှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း Presentation များ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOC(IR)