Main menu

Background

(၁၉) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး(အွန်လိုင်း) ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Tue, 12/15/2020 - 11:05 -- journal_editor

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော (၁၉) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး (အွန်လိုင်း)ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်း အနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေသည့်အပြင် နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်ရေးအတွက်အရေးပါသည့် အခမ်းအနားဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အရည်အသွေးသတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းများ၊ ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများကို အပြန်အလှန် အသိပေးခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်းများဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ နယ်စပ်ဒေသတွင်တရားမဝင် ကုန်သွယ်မှုများပပျောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် နှစ်နိုင်ငံကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ကို ဆောလျှင်စွာအတူ တကွအကောင်အထည် ဖော်ရန်ကိုလည်း တိုက်တွန်းလိုပါကြောင်း၊ COVID–19 ကပ်ရောဂါကာလ တွင် လိုအပ်သည့်စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ရမည်ဖြစ်သော်လည်း ကုန်သွယ်မှုလုပ် ငန်းများလုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန်နှင့် အတားအဆီးမဖြစ်စေရန် သင့်တော် သည့်ဖြေလျှော့မှုများကို ဆောင်ရွက်ရန်လိုအပ်ပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပါတီကော်မတီအတွင်းရေးမှူး ကိုယ်စား ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Liu Hongjian (မစ္စတာ လျှိုဟုန်ကျန်း) မှ မိန့်ခွန်း ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံသည် ပထဝီအနေအထားအရ ပြည်သူအချင်းချင်း ချစ်ခင် ရင်းနှီးကာ ယဉ်ကျေးမှုချင်းလည်းဆက်နွယ်နေပါကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ငွေရေးကြေးရေး ချိတ်ဆက်ရေးနှင့် ပြည်သူချင်းအပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများတိုးတက်လာပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ မြန်မာ နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံမဟာဗျူဟာမြောက် ဆက်ဆံရေးတည်ထောင်ရန် သဘောတူညီခဲ့ပါ ကြောင်း၊ COVID–19 ကပ်ရောဂါကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို သက်ရောက်မှု များရှိခဲ့ပါကြောင်း၊ နယ်စပ်ကုန်စည်ပြပွဲသည် နှစ်နိုင်ငံနယ်စပ်နေပြည်သူများ၏ လူမှုဘဝမြှင့်တင် နိုင်ရန်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်နေပါကြောင်း၊ တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်ရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ပူးပေါင်းဆောင်ရွက်မှု၊ အသားစား နွားတင်ပို့ရေးလုပ်ငန်းများကို ဆက်လက် ပူးပေါင်းဆောင်ရွက်လိုပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် (၁၉) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး (အွန်လိုင်း)ကုန်စည် ပြပွဲအား ဖွင့်လှစ်ကြောင်း အခမ်းအနားမှူးမှကြေငြာခဲ့ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ ယဉ်ကျေးမှု အကအဖွဲ့များမှ အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြသည်။

          မြန်မာ-တရုတ်နယ်စပ်ကုန်စည်ပြပွဲကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအစိုးရတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် နယ်စပ်ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်များအရ မြန်မာနိုင်ငံ(မူဆယ်)မြို့နှင့် တရုတ်နိုင်ငံ(ရွှေလီ)မြို့တို့တွင် အလှည့်ကျကျင်းပပြုလုပ်ခဲ့ရာ ယခု နှစ် (၁၉) ကြိမ်မြောက် ကုန်စည်ပြပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် မူဆယ်မြို့တွင် လက်ခံ ကျင်းပရမည်ဖြစ်သော်လည်း COVID–19 ကပ်ရောဂါကြောင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ Online Trade Fair အဖြစ် စီစဉ်ကျင်းပခြင်းဖြစ်ပါသည်။

           (အွန်လိုင်း) ကုန်စည်ပြပွဲတွင် ပြခန်းပေါင်း (၉၀) ခန့်ပါဝင်ပြသကြပြီး မြန်မာနိုင်ငံမှ စားသောက်ကုန်များ၊ လယ်ယာထွက်ကုန်များ၊ သစ်သီးဝလံများ၊ ရေထွက်ကုန်များ၊ ကျောက်မျက် ရတနာများ၊ အထည်အလိပ်များ၊ တိုင်းရင်းဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်းကောင်း တရုတ်နိုင်ငံမှ စားသောက်ကုန်များ၊ ဓါတ်မြေဩဇာများ၊ လယ်ယာသုံးနှင့် လုပ်ငန်းသုံးစက်ပစ္စည်း များ၊ လျှပ်စစ်ပစ္စည်းများနှင့် ကျန်းမာရေးအသုံးအဆောင်များကို ပါဝင်ပြသကြမည်ဖြစ်ပါသည်။

          ကုန်စည်ပြပွဲကာလအတွင်း B2B Business Matching များ ကျင်းပပြုလုပ်ခြင်းနှင့် ၁၆.၁၂.၂၀၂၀ ရက်နေ့တွင် Trade Financing and Border Trade Payment System Between Myanmar & China ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ကြမည်ဖြစ်ပါသည်။

          အဆိုပါကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်လိုသော မြန်မာနိုင်ငံမှ ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် www.myanmarexpopark.com တွင် Registration ပြုလုပ်၍   အခမဲ့ ဝင်ရောက်လေ့လာနိုင် မည်ဖြစ်သည်။

မြန်-တရုတ် နယ်စပ်ကုန်သွယ်ရေး(အွန်လိုင်း)ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာ နိုင်ငံဘက်မှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စီးပွားရေးသံမှူးများနှင့် မူဆယ်-နမ့်ခမ်း နယ်စပ် ကုန်သွယ်ရေးကုန်သည်များအသင်းမှ တာဝန်ရှိသူများက အွန်လိုင်းမှပါဝင်တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

MOC(IR)