Main menu

Background

ခရီးသွားပုံစံအသစ်အဖြစ် ခွင့်ပြုမည့် ကိုရီးယားနိုင်ငံ၏ နိုင်ငံတကာလေကြောင်းလိုင်းများအား ဆင်းသက်ခြင်းမရှိဘဲ ပျံသန်းခွင့်ပြုမည့် INTERNATIONAL FLIGHT WITHOUT LANDING (FLIGHT TO NOWHERE) အစီအစဉ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ပေးမှုများ

Thu, 12/24/2020 - 14:37 -- journal_commerce

ကိုရီးယားနိုင်ငံ၌ COVID-19 ကြောင့် အဓိကထိခိုက်ခဲ့ရသည့် စီးပွားရေးအား ပြန်လည် နလန်ထူတိုးတက်စေရေးအတွက် အစိုးရ၏ အခြားသောပံ့ပိုးမှုအစီအစဉ်အဖြစ် ဘဏ္ဍာရေး၊ ဆေး ပညာ၊ ပညာရေး၊ ဆက်သွယ်ရေး၊ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် ကိုယ်ပိုင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ် ဆိုင်ရာလုပ်ငန်းများ (Digital Contents) နှင့် ပြည်သူ့အုပ်ချုပ်ရေး စသည်တို့ ပါဝင်သည့် အဓိကကဏ္ဍကြီး (၈) ရပ်တို့၌ ကိုရီးယားဝမ် ၁.၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၃ ဘီလီယံ) ကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်၍ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရှိရပြီး ကမ္ဘာ့ကူးစက်ကပ်ရောဂါကြောင့် ထိခိုက်ရသော လေကြောင်းကဏ္ဍ စီးပွားရေး လုပ်ငန်းများနှင့် ခရီးသွားကဏ္ဍအား ပြန်လည်နလန်ထူ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုရီးယား နိုင်ငံအစိုးရမှ နိုင်ငံတကာလေကြောင်းလိုင်းများအား ဆင်းသက်ခြင်းမရှိဘဲ ပျံသန်းခွင့်ပြုမည့် International Flight without landing (Flight to nowhere) အစီအစဉ်အား ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ကိုရီးယားနိုင်ငံ၌ ခရီးသွားပုံစံအသစ်အဖြစ် ခွင့်ပြုမည့် အဆိုပါ “International Flight without Landing (Flight to nowhere)”  အစီအစဉ်သည် တောင်ကိုးရီးယား ပြည်တွင်းလေကြောင်းလိုင်းများကို ခရီးသွားလာမှုမြှင့်တင်ရေးလုပ်ငန်းအဖြစ် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသော “Flight to nowhere” အစီအစဉ်နှင့် အလားသဏ္ဍန် တူညီမည်ဖြစ်ပြီး၊ အခြားနိုင်ငံတစ်ခုသို့ ဝင်ရောက်ခြင်း၊ ဆင်းသက်ခြင်းမရှိဘဲ ဆောင်ရွက်မည်ဖြစ်သည့်အတွက် ခရီးသွားလာသူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံမှ Departure (အထွက်) အတွက် လိုအပ်သည့် လုပ်ငန်းစဉ်များကိုသာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ ထို့ပြင် ပုံမှန် ခရီးသွားများကဲ့သို့ပင် အခွန်ကင်းလွတ်ခွင့်ဖြင့် ဈေးဝယ်ယူခွင့် (Duty Free Shopping) အကျိုးကျေးဇူး များကိုလည်း ရရှိနိုင်မည်ဖြစ်ပြီး လက်ရှိတွင် ဝယ်ယူနိုင်မည့် ခွင့်ပြုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆၀၀ ဖြစ်ကြောင်း သိရသည်။ အဆိုပါအစီအစဉ်အား ယာယီအားဖြင့် အချိန်ကာလ (၁) နှစ် သတ်မှတ်ထားပြီး၊ ခရီးစဉ်အတွက် ဆောင်ရွက်ရာတွင် Online မှသာ လက်မှတ်ဝယ်ယူစေခြင်း၊ လေယာဉ်စီးနင်းလိုက်ပါရန် လုပ်ငန်းစဉ်များကိုလည်း သတ်မှတ် Social Distancing စည်းမျည်းစည်းကမ်းများကို လိုက်နာခြင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုရီးယားနိုင်ငံ၏ အထင်ကရလေကြောင်းလိုင်းကြီးများဖြစ်သော The Korean Air ၊ Asiana၊ Jeju Air နှင့် Jin Air တို့ကဲ့သို့သော Low-cost Carriers လေကြောင်းလိုင်းများကပါ အဆိုပါ No Landing အစီအစဉ်အား အကောင်အထည်ဖော်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် လေကြောင်း လိုင်းများအကြား ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည့်အတွက် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသော လေကြောင်းကဏ္ဍစီးပွားရေးလုပ်ငန်းနှင့် ခရီးသွားကဏ္ဍ ပြန်လည်နလန်ထူ ဖွံ့ဖြိုးလာ စေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

ထို့ပြင် အဆိုပါအစီအစဉ်သည် တိကျစွာ သတ်မှတ်ထားသည့် ခရီးစဉ်ဒေသတစ်ခုသို့ ပျံသန်းသွား ရောက်ခြင်းမဟုတ်ဘဲ၊ သဘာဝရှုခင်းများကို ဝေဟင်မှ ခံစားကြည့်ရှုနိုင်ရန်အတွက် အခြားနိုင်ငံ လေပိုင်နက်ဖြတ်ကျော်ပျံသန်း၍ ကိုရီးယားနိုင်ငံသို့ ပြန်လည်ဆင်းသက်မည်ဖြစ်ကြောင်း၊ ခရီးသည်များ အနေဖြင့် သဘာဝရှုခင်းကို အပြည့်အဝခံစားနိုင်ရန်အတွက် လေယာဉ်အရှိန်ကို လျှော့ချ၍ ပျံသန်းမှု အမြင့်ကိုလည်း လျှော့ချပျံသန်းမည်ဖြစ်ကြောင်းနှင့် လေယာဉ်ပေါ်တွင် နိုင်ငံတကာလေကြောင်းလိုင်း အတွက် ဝန်ဆောင်မှုပေးသည့်စနစ်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်အရ Myanmar National Airlines မှ COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ အပျော်စီးလေယာဉ်ခရီးစဉ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရပြီး အဆိုပါ အပျော်စီးလေယာဉ်ခရီးစဉ် (Non Landing Sightseeing Flight Tour) တွင် လိုက်ပါစီးနင်းမည့် ခရီးသည်များအနေဖြင့် COVID-19 စစ်ဆေးခြင်းများကို မိမိအစီအစဉ်ဖြင့် စစ်ဆေးကြရမည်ဖြစ်ပြီး Negative ဖြစ်မှသာ လိုက်ပါ စီးနင်းခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့သော သဘာဝရှုခင်းကြည့်ရှုခံစားနိုင်သည့် လေယာဉ်ခရီးစဉ် ပျံသန်းမှုအစီအစဉ်များ ဖြစ် သည့် လေကြောင်းဆိုင်ရာ ဝန်ဆောင်မှုထုတ်ကုန်များသည် လေကြောင်းလိုင်းများ၏ လက်ရှိ ရင်ဆိုင်နေ ရသော ဝင်ငွေပြဿနာကို အခြေခံအားဖြင့် ဖြေရှင်းနိုင်ခြင်းမရှိသော်လည်း အကျပ်အတည်းကို လျော့ချ နိုင်ရန် ကွဲပြားခြားနားသည့်ပုံစံတစ်ခုဖြစ်ကြောင်းသုံးသပ်ရပြီး COVID-19 ကပ်ရောဂါကြောင့် အပြင်းအထန် ထိခိုက်ခံရသော ကမ္ဘာလုံးဆိုင်ရာလေကြောင်းလုပ်ငန်းသည် ပြန်လည်ထူထောင်ရေး လမ်းကြောင်းပေါ် တွင် ရုန်းကန်နေရဆဲဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

 

ဒေါက်တာနုနုခိုင် (နှစ်နိုင်ငံ)

ဓာတ်ပုံ - အင်တာနက်