Main menu

Background

အခြေခံစားသောက်ကုန်များ ဈေးကွက် လိုအပ်ချက် ဖူလုံအောင် ဖြန့်ဖြူးပေးနိုင်ရေးနှင့်ဈေးနှုန်း ကြီးမြင့်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Fri, 08/27/2021 - 15:34 -- journal_editor

              ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၉ ရက် (တနင်္လာနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေး ခန်းမ၌ Virtual Zoom Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အခြေခံစားသောက်ကုန်များ ဈေးကွက်လိုအပ်ချက်ဖူလုံအောင် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးညှိနှိုင်း အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ပွင့်ဆန်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။   

            အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အမှာစကားပြောကြား ရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးကာလ အတွင်း စားသုံးသူပြည်သူများ အခြေခံစားကုန်များကို သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ဝယ်ယူ စားသုံးနိုင်ရေး၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေးတို့အတွက် ဈေးကွက်အတွင်းရှိ ကုန်စည်များ၏ ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်လျက်ရှိပြီးကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်းနှင့် ယနေ့အစည်းအဝေးကိုတက်ရောက်လာကြသော သက်ဆိုင်ရာဌာနများ၊အသင်းအဖွဲ့ လုပ်ငန်းရှင်များအနေဖြင့် အခြေခံစားသောက်ကုန်များ ဈေးကွက်လိုအပ်ချက် ဖူလုံအောင်ဖြန့်ဖြူး ပေးနိုင်ရေးနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးတို့အတွက် နိုင်ငံတော်ဘက်မှ ဖြေရှင်းဆောင်ရွက်ပေး ရမည့်ကိစ္စရပ်များ၊ ကူညီပံ့ပိုးပေးရမည့်ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးစေ လိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဦးညွန့်အောင်က ကိုဗစ် - ၁၉ ကူးစက်ရောဂါအား ရင်ဆိုင် ကျော်လွှား ရာတွင် အခြေခံစားကုန်များအပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့လုပ်ငန်း ရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးက   ကိုဗစ်- ၁၉  ရောဂါကူးစက်  ပြန့်ပွားမှုထိန်းချုပ်ရေးကာလအတွင်း  ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်- ၁၉ ရောဂါပြန့်ပွားမှုထိန်းချုပ်ရေးလုပ်ငန်းကော်မတီ အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်း၌ ဈေးကွက်အတွင်း ကိုဗစ် ၁၉ ရောဂါနှင့် ပတ်သက်သည့် ဆေးနှင့် ဆေးပစ္စည်းအချို့ ပြတ်လပ်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဆေးနှင့် ဆေးပစ္စည်းတင်သွင်းမှုဆိုင်ရာအခက်အခဲများကို OSS Task Force (ရန်ကုန်) အဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး  ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေကိုလည်းကောင်း၊ ပြည်ပမှဆေးနှင့်ဆေးပစ္စည်းများ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မှအမြန်ဆုံးတင်သွင်းနိုင်ရေးအတွက် နှစ်နိုင်ငံသံတမန်နည်းလမ်းအရ ဖြေရှင်းဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်းကောင်း ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့မှစည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ  တာဝန်ရှိသူများက ဒေသအလိုက်၊ ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

    MOC(IR)