Main menu

Background

အိန္ဒိယနိုင်ငံသို့ G to G MoU အရ မတ်ပဲနှင့် ပဲစင်းငုံများ စနစ်တကျ တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးတို့ သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Fri, 08/27/2021 - 15:40 -- journal_editor

                   ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၉ ရက် (တနင်္လာနေ့)၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေး ခန်းမ၌ Virtual Zoom Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့်ပဲစင်းငုံ ရောင်းဝယ်မှုပူးပေါင်း ဆောင်ရွက် ရေးဆိုင်ရာနားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့် ပဲစင်းငုံများ စနစ်တကျ တင်ပို့သွား နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးတို့မှ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့်ပဲစင်းငုံရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု   မိမိတို့ အနေဖြင့် MoU အရ မတ်ပဲနှင့်ပဲစင်းငုံအား တင်ပို့နိုင်ရေးအတွက် ပြည်တွင်းထုတ်လုပ်မှု အခြေအနေ၊ ဈေးကွက် အခြေအနေနှင့်  ပဲတင်ပို့သူများ၏  အားသာချက်/ အားနည်းချက်များကို   ပွင့်ပွင့်လင်းလင်းဆွေးနွေး နိုင်ရေး၊ ပဲတင်ပို့မှုအပေါ်  နှစ်နိုင်ငံအကြား ပူးတွဲကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းနိုင်ရေး၊  G to G MoU အရ တင်ပို့သည့် မတ်ပဲနှင့် ပဲစင်းငုံတင်ပို့မှုအား အခြားတင်ပို့မှုများနှင့် ရောထွေးခြင်း မရှိစေဘဲ စနစ်တကျမှတ်သား၍ တင်ပို့သွားနိုင်ရေးနှင့် မတ်ပဲနှင့်ပဲစင်းငုံအား နှစ်စဉ်သတ်မှတ်တန်ချိန် ပြည့်မီ အောင်တင်ပို့နိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်ဖြစ်သည့် ပဲမျိုးစုံအား စိုက်ဧက၊ ထုတ်လုပ်မှုနှင့် ပိုလျှံမှုတို့ကို ကြိုတင် ချိန်ဆ၍ ပြည်ပတင်ပို့မှု ကိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်၊  အိန္ဒိယဈေးကွက်အပြင်  အခြားဈေးကွက်များကို ထိုးဖောက်ဝင်ရောက်နိုင်ရန်နှင့် ဈေးကွက်ခိုင်မာမှုရရှိစေရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန် ဆွေးနွေးမှာကြားခဲ့သည်။

                 ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ပဲမျိုးစုံသည် မြန်မာ့တောင်သူများအတွက် အရေးပါသည့်သီးနှံဖြစ်ပြီး နိုင်ငံခြားဝင်ငွေရရှိစေသည့် သီးနှံဖြစ်ပါကြောင်း၊ ပဲမျိုးစုံအတွက် အဓိကဈေးကွက်ဖြစ်သည့် အိန္ဒိယ နိုင်ငံနှင့် G to G MoU ရေးထိုးနိုင်ခဲ့သည့်အတွက် မြန်မာ့ပဲစိုက်တောင်သူများအတွက် (၅)နှစ်စာ ဈေးကွက်ခိုင်မာမှုရရှိစေပါကြောင်း၊ စိုက်ပျိုရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် တောင်သူများ GAP စနစ်ဖြင့် လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် ခေတ်မီ နည်းပညာများ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပဲတင်ပို့မှုများအတွက် Phytosanitary Certificate (PC) များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးလျက်ရှိပါကြောင်း၊ အိန္ဒိယ နိုင်ငံသို့ G to G MoU ဖြင့် ပဲတင်ပို့သွားနိုင်ရေး လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

                ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ G to G MoU အရ တင်ပို့ရမည့်တန်ချိန်ပမာဏကို ပြည့်မီအောင် ဦးစားပေး တင်ပို့နိုင်ရေးနှင့် G to G အရ တင်ပို့မည့် အရေအတွက်ကို ကုမ္ပဏီအကြီးနှင့် အငယ်များ မျှမျှတတ တင်ပို့သွားနိုင်ရေးတို့အတွက် စီမံဆောင်ရွက်ပေးရန် လိုအပ်သည့်အပြင်  အကယ်၍ အိန္ဒိယဘက်မှ သွင်းကုန်မူဝါဒ သို့မဟုတ် သွင်းကုန်အခွန် ပြောင်းလဲမှုများရှိလာပါက အခြားနည်းလမ်းဖြင့် တင်ပို့ခြင်းအစား G to G ဖြင့်သာ တင်ပို့လိုခြင်းမျိုးများ  ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း သို့မဟုတ် လျော့နည်းလာနိုင်ခြင်းများ ရှိနိုင်သဖြင့် နောင်တစ်ချိန်၌ ကုမ္ပဏီများအကြား အရှုပ်အရှင်းများ မဖြစ်ပေါ်စေရေး မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းအနေဖြင့် နောင်(၅)နှစ်စာအတွက် စနစ်တကျ ကြိုတင်စီမံ ဆောင်ရွက် ထားနိုင်ရေးဖြည့်စွက်မှာကြားခဲ့ပြီးတက်ရောက်လာကြသည့်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ ကိုယ်စားလှယ်များက G to G MoU အရ အိန္ဒိယနိုင်ငံသို့ နှစ်စဉ်တင်ပို့ရန်သဘောတူထားသည့် မတ်ပဲနှင့်ပဲစင်းငုံပမာဏအတိုင်း ပြည့်မီအောင် တင်ပို့နိုင်ရေးနှင့် စနစ်တကျမှတ်တမ်းပြုစုတင်ပို့သွားနိုင်ရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

MOC(IR)