Main menu

Background

(၁၈) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း Online ဖြင့် တက်ရောက် အမှာစကားပြောကြား

Thu, 09/16/2021 - 14:02 -- journal_editor

              တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည့် (၁၈) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း Online ဖြင့် ပါဝင်တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာကြီးမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိန်ခေါ်မှုများစွာရှိနေသည့်ကြားမှ တရုတ် - အာဆီယံ ကုန်စည်ပြပွဲကို ကြီးကျယ်ခမ်းနားအောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ပထမ အကြိမ် တရုတ် - အာဆီယံကုန်စည်ပြပွဲနှင့် ပထမအကြိမ် တရုတ် - အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတို့ကို ၂၀၁၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ရာ မြန်မာနိုင်ငံသည် တရုတ် - အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအပေါ်  ချစ်ကြည်ရင်းနှီးမှုနှင့် အလေးထားမှုကို ပြသ ရန်အတွက် နှစ်စဉ်ပါဝင်တက်ခဲ့ပါကြောင်း၊ တရုတ် - အာဆီယံ ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံ နှင့်အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များအကြား ချစ်ကြည်ရေးကို ခိုင်မာစေပြီး ဒေသတွင်းနှင့် နှစ်နိုင်ငံဘက်စုံကုန်သွယ်မှု ဆက်ဆံရေးမြှင့်တင်ရာတွင် အရေးပါသော Platform တစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေး၊ လူမှုရေး၊ ကုန်သွယ်ရေးကဏ္ဍများတွင် ထိခိုက်နစ်နာမှုများ ရှိနေကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ် - ၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကိုဖွဲ့စည်းပြီးစီးပွားရေး ပြန်လည်ဦးမော့ လာစေရေးစီမံချက်ကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်မိတ်ဆွေ အာဆီယံ နိုင်ငံများအနေဖြင့်လည်း မိမိတို့နှင့်အတူတကွ လက်တွဲပူးပေါင်းပြီး စီးပွား ရေးပြန်လည်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြရန်ပြောကြားလိုပါကြောင်း၊တရုတ်-အာဆီယံ ကုန်စည်ပြပွဲများတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များက နှစ်စဉ် အင်တိုက်အားတိုက် ပါဝင်တက်ရောက်ပြသခဲ့ကြသော်လည်း ယခုနှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ကိုယ်တိုင်လာ ရောက်ပြသနိုင်ခြင်းမရှိသော်လည်း Online မှတစ်ဆင့် ပါဝင်ပြသနိုင်အောင် ကူညီပံ့ပိုးပေးသည့် အတွက် CAEXPO ပြပွဲမှသက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများကို ပေးပို့လှူဒါန်းသည့်အတွက်လည်း CAEXPO မှ တာဝန်ရှိသူ များကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ကုန်စည်ပြပွဲအောင်မြင်ရန်နှင့် တရုတ်-အာဆီယံဒေသတွင်း အစဉ်ထာဝရ ချစ်ကြည်ရင်းနှီးမှု ရှိကြပါစေရန် ဆုတောင်းအပ်ပါကြောင်း ပြောကြားခဲ့သည်။

          ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်အာဆီယံနိုင်ငံများမှအကြီးအကဲများ၊ အာဆီယံ အတွင်းရေးမှူးချုပ်တို့က ဗွီဒီယိုဖြင့် မိန့်ခွန်းများအသီးသီး ပြောကြားခဲ့ကြပါသည်။

          ပြပွဲကျင်းပရာနေရာ၌ ခင်းကျင်းပြသခြင်းအပြင် ပြပွဲသို့ ကိုယ်တိုင်လာရောက် ခင်းကျင်း ပြသနိုင်ခြင်းမရှိသည့်  အာဆီယံနိုင်ငံများမှလုပ်ငန်းများအတွက် အွန်လိုင်းပြပွဲတစ်ရပ်ကိုလည်း တစ်ပြိုင်နက်တည်းခင်းကျင်းထားရှိပြီး၊ တစ်နှစ်ပတ်လုံး ပြသပေးထားမည်ဖြစ်ပါသည်။

          ပြပွဲတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီ (၁၄) ခုတို့က ကုန်စည်ပြခန်းပေါင်း (၂၂) ခန်းဖြင့် စိုက်ပျိုး ရေးထွက်ကုန်အမျိုးမျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ သီဟိုစေ့ကဲ့သို့ စားသောက်ကုန်များ၊ သဘာဝ ဆိုးဆေးအသုံးပြုထားသည့် ချည်ထည် များဖြင့် ချုပ်လုပ်ထားသည့် အထည်များကို ခင်းကျင်း ပြသနေပါသည်။ အွန်လိုင်းပေါ်မှ ပြခန်းများတွင်လည်း သစ်သီးဝလံ၊ ဆေးကုလားမ၊ သဘာဝ ဆိုးဆေးအသုံးပြုထားသည့် ချည်ထည်များဖြင့် ချုပ်လုပ်ထားသည့် အထည်များနှင့် အထည် ချုပ်လုပ်ငန်း၊ ယွန်းထည်လုပ်ငန်း၊ စားသောက်ကုန်၊ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များစသည်ဖြင့် ပြခန်းပေါင်း (၂၂) ခန်း ပါဝင်ပြသလျက်ရှိပါသည်။

          ကုန်စည်ပြခန်းများအပြင် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကာလအတွင်း (၈၁)  စတုရန်း မီတာအကျယ်အဝန်းရှိသည့်နေရာ၌  မြန်မာနိုင်ငံ၊ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် ပုသိမ်မြို့ကို ဦးစားပေးလျက် မြန်မာအမျိုးသားပြခန်းဆောင် (National Pavilion) ကို ထည့်သွင်း တည်ဆောက်ထားပြီး ၎င်းပြခန်း၌ LED TV ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းမှ ကုန်စည်ထုတ်လုပ် နေသော၊ ကုန်သွယ်မှုဆောင်ရွက်နေသော လုပ်ငန်းများ၏ မြှင့်တင်ရေး ဗွီဒီယိုများနှင့် ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး ဗွီဒီယိုများကိုပါ ပြသလျက်ရှိကြောင်း သတင်းရရှိပါသည်။

MOC(IR)