၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီတွင် ကျင်းပပြုလုပ်သည့် (၁၅) ကြိမ်မြောက် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးမှု ညီလာခံ (United Nations Conference on Trade and Development-UNCTAD) ၏ ဆက်စပ်အစည်းအဝေးဖြစ်သော ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စု (LDCs)၏ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ Online စနစ် ဖြင့်တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးအား ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုနှင့်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အကျိုးစီးပွားများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ရလဒ်ကောင်းများ ပေါ်ထွက်လာစေရန်နှင့် ဆယ်စုနှစ်တစ်ခု (၂၀၂၂-၂၀၃၁) အတွင်း ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အတွက် လုပ်ဆောင်ချက်အစီအစဉ်ကို နိုင်ငံတကာအသိုက်အဝန်းမှ သိရှိနိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေး၌ ဂျီနီဗာမြို့ရှိ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စု၏ ဥက္ကဌနှင့် ညှိနှိုင်းဆောင်ရွက်သူဖြစ်သော မာလာဝီနိုင်ငံ၏ ကုန်သွယ်ရေးဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် UNCTAD အထွေထွေအတွင်းရေးမှူးချုပ်မှ မိန့်ခွန်းပြောကြားခဲ့ပြီး ဂျီနီဗာမြို့ရှိ မာလာဝီနိုင်ငံ သံအမတ်ကြီးမှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ဦးစားပေး နယ်ပယ်များ၊ ပြင်ဆင်ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ စီးပွားရေးဆိုင်ရာအသွင်ပြောင်းလဲ လာစေရန်၊ ထုတ်လုပ်နိုင်မှု စွမ်းရည်မြင့်မားလာစေရန်၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်လာစေရန်နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် နောင်တွင်ကြုံတွေ့ရနိုင်သည့် အခြားသော အခက်အခဲ များ၊ စိန်ခေါ်မှုများကို လျှော့ချနိုင်ရန်အတွက် ဝန်ကြီးအဆင့်ကြေညာချက် (Ministerial Declaration) တစ်ရပ်ကို ထုတ်ပြန်ရန် ဆွေးနွေးခဲ့ကြသည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၃)ရက်နေ့မှ (၇)ရက်နေ့အထိ ကျင်းပမည်ဖြစ်သော (၁၅) ကြိမ်မြောက် UNCTAD ညီလာခံတွင် အဆိုပြုမည့် ဝန်ကြီးအဆင့် ကြေညာချက် (Ministerial Declaration) သည် အခြေခံကျသည့် ထုတ်လုပ်နိုင်မှု စွမ်းအားကို မြှင့်တင်ရာတွင် အထောက်အပံ့ပြုနိုင်မည့်အပြင် ကိုဗစ်-၁၉ သက်ရောက်မှုဒဏ်ကို အများဆုံးခံရသည့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများအနေဖြင့် ၎င်းတို့၏ ပြန်လည်ထူထောင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက် ရာတွင်လည်း များစွာအထောက်အကူပြုမည် ဖြစ်ပါသည်။
အစည်းအဝေးသို့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (၄၆) နိုင်ငံမှဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ Online မှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
MOC(IR)