Main menu

Background

ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နှင့် လှိုင်သာယာမြို့နယ်များရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုသွားရောက်ကြည့်ရှုအားပေး

Fri, 10/01/2021 - 10:21 -- journal_editor

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးသည်ယနေ့ မွန်းလွဲပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့်Anita Asia Company Limited ၏အထည်ချုပ် စက်ရုံသို့သွားရောက်ခဲ့ရာစက်ရုံ၏တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပြီးစက်ရုံလုပ်ငန်းလည်ပတ်နေမှုအခြေအနေများ၊ အမှာစာများ လက်ခံရရှိမှု အခြေအနေများ၊ တွေ့ကြုံနေရသည့်အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာအခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ပါသည်။

          ထို့နောက်ပြည်ထောင်စုဝန်ကြီးသည်ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်ရှိAyeyar Prince Trading Company Limited၏ဆန်သန့်စင်ကြိတ်ခွဲခြင်းလုပ်ငန်းသို့ဆက်လက်သွားရောက်ခဲ့ပါသည်။ စက်ရုံ၏ လုပ်ငန်းခွင်၌ ကုမ္ပဏီ၏တာဝန်ရှိသူများကရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ဆန်ကြိတ်ခွဲရေးလုပ်ငန်းလည်ပတ်နေမှုအခြေအနေများ၊ ပြည်ပသို့တင်ပို့နိုင်မှုအခြေအနေများနှင့် ကန်ထရိုက်စနစ်ဖြင့် လယ်ယာလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆန်ကြိတ်ခွဲမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး၊ကန်ထရိုက်လယ်ယာစနစ်ဖြင့် Supply Chain တစ်ခုလုံး ပါဝင်ဆောင်ရွက်နိုင်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ဆွေးနွေးညှိနှိုင်းခဲ့ပြီး ခေတ်မီဆန်စက်ဖြင့် ကြိတ်ခွဲ ထုတ်လုပ်နေမှုများကို အားပေးကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည်ရွှေလင်ပန်းစက်မှုဇုန်၊ ကနောင်ခန်းမ၌ လှိုင်သာယာစက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်း၊ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှ ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများနှင့် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက စက်မှုဇုန်အတွင်း စက်ရုံ လုပ်ငန်းလုပ်ဆောင်နေမှု အခြေအနေများ၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာကိစ္စရပ်များ၊ မီးလောင်စက်ရုံများ အမြန်ဆုံး လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရေးကိစ္စရပ်များ၊သင်္ဘောလိုင်း တင်ပို့ခြင်းဆိုင်ရာ ကိစ္စရပ်များ၊  အာမခံထားရှိမှုအခြေအနေများ၊ အခွန်ကင်းလွတ်ခွင့်နှင့် ချေးငွေရရှိရေး ကိစ္စရပ်များ၊ စက်မှုဇုန်အဆင့်မြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာဆွေးနွေးတင်ပြကြပါသည်။

ဆွေးနွေးချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးကမီးလောင်စက်ရုံများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆောလျင်စွာ ဆောင်ရွက်ပေးထားသည့် အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသည့်  ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသွားမည့်အစီအစဉ်များ၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းလည်ပတ််နိုင်ရေးအတွက် ကိုဗစ်ချေးငွေများ ခွင့်ပြု ဆောင်ရွက် ပေးလျက်ရှိသည့် အ ‌ခြေအနေများ၊ စိုက်ပျိုးမွေးမြူရေး၊ အသေးစားအလတ်စား စက်မှုလုပ်ငန်းများနှင့် သွင်းကုန်အစားထိုးလုပ်ငန်းများ ပိုမိုမြှင့်ရေးဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပို့ကုန်တင်ပို့မှုလုပ်ငန်းများ လွယ်ကူ ချောမွေ့စေရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများရိုးရှင်းလွယ်ကူရေး၊ Online စနစ်ဖြင့် ဝန်ဆောင်မှုမြှင့်တင်ရေး၊ ခွင့်ပြုမိန့်ရပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် ဝန်ဆောင်မှုပိုမို တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှု အတားအဆီးများလျှော့ချရေး၊ ပွင့်လင်းမြင်သာမှုအားကောင်းရေးတို့အတွက် အလေးထား ဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များက တင်ပြသည့် ကိစ္စရပ်များအပေါ် ပြန်လည်  ညှိနှိုင်းဆွေးနွေးပေးခဲ့ပါသည်။