Main menu

Background

ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးရန်ကုန်တိုင်းဒေသကြီးအတွင်းရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကိုကြည့်ရှုအားပေးပြီးကိုဗစ်ချေးငွေအတွက်လျှောက်လွှာများလက်ခံဆောင်ရွက်နေမှု အခြေအနေများကိုကြည့်ရှုစစ်ဆေး

Fri, 10/01/2021 - 10:23 -- journal_editor

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးသည်ယနေ့နံနက်ပိုင်းတွင်တာဝန်ရှိသူများလိုက်ပါလျက်ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာစက်မှုဇုန်ရှိမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့်ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လျက်ရှိသည့်Shwe Me Logistic Service Co., Ltd သို့‌ သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များကိုကုမ္ပဏီ၏ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ၊လှိုင်မြစ်ရေကြောင်းလမ်းမှ သီလဝါဆိပ်ကမ်းနှင့် အခြားပြည်တွင်း ဆိပ်ကမ်းများသို့  ကွန်တိန်နာ သယ်ယူပို့ဆောင်မှုနှင့် ပြည်ပသို့ ဆန်တင်‌ပို့နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးကလုပ်ငန်းများ ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များကိုအကြံပြုညှိနှိုင်းခဲ့ပါသည်။

          ထို့နောက်ပြည်ထောင်စုဝန်ကြီးသည်ရန်ကုန်တိုင်းဒေသကြီး၊ရွာသာကြီးတွင်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ဖြင့် ကုန်းတွင်းဆိပ်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Resources Group Logistic Co., Ltd သို့ ရောက်ရှိခဲ့ပါသည်။ လုပ်ငန်းခွင်၌ ကုမ္ပဏီတာဝန်ရှိသူများက ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့် ချိတ်ဆက်၍ ကုန်းတွင်းဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှု၊ ကုန်ပစ္စည်းသိုလှောင်၍ ဝန်ဆောင်ပေးနေမှု၊ ပြည်ပသို့ တင်ပို့နိုင် ရေးနှင့် ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများ ကိုင်တွယ်ဆောင်ရွက်နေမှု၊ လုပ်ထုံးလုပ်နည်းဆိုင်ရာကိစ္စရပ်များနှင့် Bonded warehouse  စနစ်ဖြင့် အကောက်ခွန် ရှင်းလင်း ဝန်ဆောင်ပေးနေမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် အကြုံပြု ညှိနှိုင်းပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည်မွန်းလွဲပိုင်းတွင်မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံးသို့ သွားရောက်ခဲ့ပြီး  ရန်ကုန်မြို့ရှိ ပြည်ပနိုင်ငံအသီးသီးမှ ကုန်သည် စက်မှု/ အသင်းများ၊  UMFCCI အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ရာ တက်ရောက်သည့် ကိုယ်စားလှယ်များက ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာတွင် ကြုံတွေ့နေသည့်အခက်အခဲများ၊ လုပ်ငန်းများ ဆက်လက်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် ဌာနအသီးသီးက ကူညီဆောင်ရွက် ပေးစေလိုသည့် ကိစ္စများကို တင်ပြကြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ လုပ်ငန်းပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးမည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများ ရိုးရှင်းလွယ်ကူရေး၊ Online စနစ်ဖြင့် ဝန်ဆောင်မှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှု အတားအဆီးများ လျှော့ချရေးတို့အတွက် အလေးထား ဆောင်ရွက်ပေးမှုကိစ္စရပ်များ၊ စီးပွားရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံခြားစီးပွားရေးအသင်းအဖွဲ့များအနေဖြင့်  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့်နီးကပ်စွာဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွေးမြူရေးနှင့်ရေလုပ်ငန်းရှင်များအားကိုဗစ်-၁၉ရန်ပုံငွေမှထုတ်ပေးမည့်ကိုဗစ်ချေးငွေအတွက်လျှောက်လွှာများလက်ခံ ဆောင်ရွက်ပေးနေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါ ကိုဗစ်ချေးငွေ လျှောက်ထားမှုများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ လက်ခံ ဆောင်ရွက်ပေး လျက်ရှိပြီး၊ UMFCCI အသင်းချုပ်ရုံးသို့လူကိုယ်တိုင် လာရောက်လျှောက်ထားခြင်း၊ သို့မဟုတ် Online မှ တစ်ဆင့်လည်း လျှောက်ထားခြင်းများပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။