Main menu

Background

မြန်မာ-ရုရှားနှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးအရှိန်အဟုန်မြှင့်၊ ပထမအကြိမ်မြန်မာ-ရုရှားစီးပွားရေးလုပ်ငန်းရှင်များဆွေးနွေးပွဲ (1stBusiness to Business Dialogue)Virtual စနစ်ဖြင့်ကျင်းပ

Fri, 10/01/2021 - 11:01 -- journal_editor

မြန်မာ-ရုရှား နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်လာစေရန် ရည်ရွယ်၍ပထမအကြိမ်မြန်မာ-ရုရှားစီးပွားရေးလုပ်ငန်းရှင်များဆွေးနွေးပွဲ(1stBusiness to Business Dialogue)ကို ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၈ရက်နေ့ ၁၃:၃၀နာရီတွင်ရုံးအမှတ်(၁) ၊ရင်နှီး မြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၊နေပြည်တော်တွင် Virtual စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးမှုအစီအစဉ်တွင်မြန်မာဘက်မှရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးနှင့် ရုရှားဘက်မှ မြန်မာနိုင်ငံဆိုင်ရာရုရှား   ဖက်ဒရေးရှင်းသံအမတ်ကြီး H.E. Dr. NikolayLISTOPADOV တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် အဖွင့် အမှာစကားများပြောကြားခဲ့သည်။

အစီအစဉ်တွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ၊ရုရှား-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏အာရှနှင့်သမုဒ္ဒရာကျွန်းစုနိုင်ငံများဆိုင်ရာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယအကြီးအကဲ၊အာရှနိုင်ငံဆိုင်ရာဆိုက်ဘေးရီးယား နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဉက္ကဋ္ဌနှင့်မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းဉက္ကဋ္ဌတို့ကအမှာစကားများအသီးသီးပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးမှကြိုဆို နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင်ကိုဗစ် ၁၉ ကူးစက်ရောဂါအခြေအနေ တည်ငြိမ် ပါက ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပရန် စီစဉ်ထားသည့်တတိယအကြိမ်ရုရှား-မြန်မာအစိုးရ အချင်းချင်းကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာပူးတွဲကော်မရှင်အစည်းအ ဝေးမတိုင်မီကြိုတင်ပြင်ဆင်သည့် အနေဖြင့် နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များ ဆွေးနွေးပွဲကိုကျင်းပရခြင်းဖြစ်ပါကြောင်း၊မြန်မာနိုင်ငံသည် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်စေရန်အတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့မှုများကို ကပ်ရောဂါအလွန် ပုံမှန် အခြေ အနေ သစ်နှင့် လိုက်လျောညီထွေဖြစ်အောင် အလေးထား ဆောင်ရွက် လျက်ရှိရာ စီးပွားရေး လုပ်ငန်းရှင် များအတွက် အစိုးရဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲ ရိုးရှင်း လွယ်ကူ စေရန်၊ စီးပွားရေးနှင့် သက်ဆိုင်သည့် ပါမစ်လိုင်စင်များ၊ ထောက်ခံ ချက်များ ရယူရာတွင် Online ဝန်ဆောင်မှု ပေးနိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှု နှင့်သက်ဆိုင်သည့် ကိစ္စရပ် များတွင် ပွင့်လင်းမြင်သာမှုရှိစေရန် စသည်ဖြင့် SMART Programmes ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အောက်မှ ရင်းနှီး မြှုပ်နှံသူများအဆင်ပြေအောင် One-Stop Service Center တည်ထောင်ကာစံချိန်စံညွှန်းမီ လုပ်ထုံး လုပ်နည်းများဖြင့် အစိုးရဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ခြင်းဖြင့်နှစ်နိုင်ငံအနာဂတ်အကျိုးစီးပွားကိုခိုင်မာ အားကောင်း လာနိုင်စေပါကြောင်း၊အဓိကအားဖြင့်ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုပိုမိုတိုးမြှင့်စေရန်နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များယခုလိုတွေ့ဆုံ၍နှစ်ဖက်စိတ်ဝင်စားသည့်နယ်ပယ်၊ကဏ္ဍများတွင်ရင်းနှီးမြှုပ်နှံမည့်အခွင့်အလမ်းများကို အပြန်အလှန်ဖလှယ်ခွင့်ရရှိပြီးနှစ်ဦးနှစ်ဖက်အကျိုးရှိမည့်စီးပွားရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊လက်ရှိအခြေအနေတွင်မြန်မာ၊ ရုရှားနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ နည်းပါးနေသော်လည်းယခုလိုပထမအကြိမ်စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်းဆွေးနွေးပွဲ(1stBusiness to Business Dialogue) ဆောင်ရွက်ခြင်းမှ သည် နှစ်နိုင်ငံ အကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုပမာဏတိုးမြှင့်နိုင်ပြီးရေရှည်ပူးပေါင်းဆောင်ရွက်မှုကိုဆောင်ကြဉ်းပေးနိုင်မည်ဟုအခိုင်အမာယုံကြည်ကြောင်းပြောကြားခဲ့သည်။

အစီအစဉ်အရရုရှားနိုင်ငံဘက်မှစီးပွားရေးလုပ်ငန်းရှင်များမြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံမှုများလွယ်ကူချောမွေ့စွာပြုလုပ်နိုင်ရန်အတွက်ကြိုတင်သိရှိထားရမည့်ရင်းနှီးမြှုပ်နှံမှုဥပဒေများနှင့်အခွင့်အလမ်းများကိုလည်းကောင်း၊ နှစ်နိုင်ငံ အကြားကုန်သွယ်မှုဆိုင်ရာဥပဒေ မူဘောင်များ၊ လုပ်ထုံး လုပ်နည်းများနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အလားအလာများ၊ အခွင့်အလမ်းများနှင့် စပ်လျဉ်း၍လည်းကောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှအဆင့်မြင့်အရာရှိကြီးများမှအသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ရုရှားနိုင်ငံအနေဖြင့်လက်ရှိတွင်Eurasian Economic Union အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံများသို့ Eurasian Economic Union’s Common System of Tariff  Preferencesပေးအပ်လျက်ရှိသဖြင့် မြန်မာနိုင်ငံ အနေဖြင့်ရုရှားနိုင်ငံသို့ပို့ကုန်များတင်ပို့ရာတွင်အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့်တင်ပို့နိုင်မည့် အခွင့် အလမ်းများရရှိမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ရုရှား-မြန်မာနှစ်နိုင်ငံအကြားအလားအလာရှိသော ပူးပေါင်း ဆောင်ရွက်ရေး နယ်ပယ်ကဏ္ဍများနှင့် စပ်လျဉ်း၍ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့်စွမ်းအင်ကဏ္ဍ၊စားသောက်ကုန်ထုတ်လုပ် ခြင်းကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍစသည့်ကဏ္ဍ (၅) ခုအား မြန်မာ-ရုရှားနှစ်ဖက် အစိုးရ/ ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Power Point Presentation ဖြင့်ရှင်းလင်း ဆွေးနွေး ခဲ့ကြရာတက်ရောက်လာသူများက သိရှိလိုသည်များကို စိတ်ဝင်တစားမေးမြန်းခဲ့ကြပြီး နှစ်ဖက် တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည် ဖြေကြားခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ဒုတိယ ဝန်ကြီးနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်ညီ နောင်အသင်းများဖြစ်သောမြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံအာမခံလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေး ဆေး လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့်ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာ နိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှု အသင်း၊ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့မှ ကိုယ်စားလှယ်များနှင့်  မြန်မာ-ရုရှားချစ်ကြည်ရေး အသင်းမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရှရှားသံရုံးမှ ကိုယ်စား လှယ်များ၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ရုရှားကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ အာရှနိုင်ငံဆိုင်ရာဆိုက်ဘေးရီးယားနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှကိုယ်စားလှယ်များစုစုပေါင်း(၂၀၀) ဦးခန့်တက်ရောက်ခဲ့သည်။