Main menu

Background

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အကြိမ် (၂၀) မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီအစည်းအဝေးသို့ တက်ရောက်

Fri, 10/22/2021 - 09:56 -- journal_editor

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် ၈ နာရီတွင်   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့်  အကြိမ် (၂၀) မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးသို့ နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးရုံးမှ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့်  ဘဏ္ဍာရေး နှင့်စီးပွားရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Dato Dr. Amin liew Abdullah က သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ ဝန်ကြီးများ၊ အာဆီယံ ဒစ်ဂျစ်တယ် ဆိုင်ရာဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။ 

အစည်းအဝေး ပထမပိုင်းတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ ဝန်ကြီးများနှင့် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ၏ မျက်နှာစုံညီတွေ့ဆုံပွဲကို ပြုလုပ်ခဲ့ပြီး အာဆီယံ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များ၏ ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များ အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များအကြား ပိုမိုပေါင်းစည်းဆောင်ရွက်ရေး ယန္တယား အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးများက ၂၀၂၁ ခုနှစ်၊ အောက်တို ဘာလ ၂၆ ရက်နေ့တွင် ကျင်းပမည့် (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ တင်ပြမည့်  အာဆီယံဒစ်ဂျစ်တယ်ပြောင်းလဲမှုအဆင့်မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ကြေညာချက် (Leaders’ Statement on Advancing Digital Transformation in ASEAN) ကို အတည်ပြုခဲ့သည်။

ထို့နောက် အကြိမ် (၂၀) မြောက် အာဆီယံ စီးပွားရေးအသိုက်အဝန်း ကောင်စီ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဦးစားပေးဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို မှတ်တမ်းတင်ခဲ့ပြီး၊ အာဆီယံစီးပွားရေး အသိုက်အဝန်း ပုံစံ ၂၀၂၅ ကာလလယ်သုံးသပ်ချက်အစီရင်ခံစာ၏ ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် ၂၀၂၅ ခုနှစ် အလွန် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်ရေးဆွဲရေး လုပ်ငန်းစဉ်များ အပေါ်  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် ဝန်ကြီးများက (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကြေညာချက်တွင် ပါဝင်မည့် အာဆီယံ စီးပွားရေးအသိုက်အဝန်းနှင့်စပ်လျဉ်းသည့် အချက်အလက်များ၊ အာဆီယံစီးပွားရေးအသိုက် အဝန်းကောင်စီမှ ထိပ်သီးအစည်းအဝေးများသို့ တင်ပြမည့်အစီရင်ခံစာနှင့် ကြေညာချက်များကို အတည်ပြုခဲ့ပါသည်။ ထို့နောက် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျသဘာပတိ   တာဝန် ထမ်းဆောင်မည့် ၂၀၂၂ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ် များကို တင်ပြခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံဒစ်ဂျစ်တယ် အသွင် ပြောင်းလဲမှုသည် ကဏ္ဍအားလုံးနှင့်သက်ဆိုင်သည့်လုပ်ငန်းစဉ်ဖြစ်၍ အရင်းအမြစ်အသုံးပြုမှုဖြင့် အကျိုးကျေးဇူးများ မြင့်မားစွာရရှိစေရန်အတွက်  ကဏ္ဍများအကြား ပူးပေါင်း ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ထပ်နေခြင်းမဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ် ကြောင်း၊  အာဆီယံဒစ်ဂျစ်တယ် အသွင်ပြောင်းလဲမှုသည် ဒေသတွင်း ကိုဗစ်-၁၉ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် အာဆီယံဒစ်ဂျစ်တယ်စီးပွားရေး လုပ်ငန်းစဉ်များတွင် များစွာ အထောက်အကူပြုသည့်အတွက် အဖွဲ့ဝင်နိုင်ငံအားလုံးပါဝင်ပြီး၊ လိုအပ်သည့် နည်းပညာများကို အာဆီယံကနဦးပေါင်းစည်းရေးအစီအစဉ်အောက်မှ ပံ့ပိုးပေးရန် ဆွေးနွေးပြောကြား သည်။

          အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ   အရာရှိကြီးများ ပါဝင်တက်ရောက်သည်။

DICA